MOU နဲ့ပို့တဲ့အလုပ်သမားတွေ ပြည့်တန်ဆာရုံရောက်၊
ငါးဖမ်းလှေတွေကိုရောက်၊ ထိုင်းထောင်ထဲ ကိုရောက်။ အလားတူ အခြားအလုပ်သမားတွေလည်း အကာအကွယ်မဲ့နေကြတယ်။
စာရွက်စာတမ်းအတုတွေ နဲ့ လူတွေပို့လို့အေဂျင်စီတွေချမ်းသာသွားခဲ့ကြပေမယ့်အလုပ်သမားတွေ
ဘ၀ပျက်သွားခဲ့ကြရတယ်။ ၆နှစ်ပြည့် သက်တမ်းကုန်နေတဲ့ ပတ်စပို့နဲ့အလုပ်သမားရှစ်သိန်းလောက်ကို
MOU လူကုန်ကူးနေကြတဲ့ ပွဲစားအေဂျင်စီ လက်ထဲကို ၀ကွက်အပ်နေကြပြီ။ အစိုးရက ပွဲစားကိုအပ်ရတယ်လို့ဗျာ။
လူကြားလို့ ကောင်းသေးရဲ့လား။
အယင်အစိုးရ လက်ထက်တုန်းက တတ်သယောင်သိသယောင်လုပ်၊
အလုပ်သမားတွေကိုဥပက္ခပြုပြီး ငွေဘက်ကိုမျက်နှာမူခဲ့ကြတယ်။ ခရမ်းရောင်ပတ်စပို့ဆိုတာတောင်ထွင်ပြီးလုပ်စားသွားကြတယ်။
မြန်မာအလုပ်သမားတွေ ခါးစည်းပြီးခံနေခဲ့ကြတာကြာခဲ့ပြီ။ ဒါတွေကို ဒီနေ့ အသစ်စက်စက် NLDလွှတ် တော် ကိုယ်စားလှယ်တွေ သိဖို့လိုပါတယ်။
“လွှတ်တော်ထဲခွပ်ဒေါင်းတွေဝင်တာကို
တမလွန်ကသူတွေမမြင်ရတော့ဘူး”
DVB သတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ပေးတာကြောင့်
လွှတ်တော်ကိုမြင်တွေ့ရတယ်။ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဘဘဦးဝင်းတင် နဲ့ အခြား သော
ပေးဆပ်ခဲ့သူတွေကိုမြင်စေချင်လိုက်တာ။ မြင်မသွားခဲ့ကြရချာဘူး။ တမလွန်က သာဓုခေါ်ကြပါတော့ဗျာ။
တသက်မှာကြုံရဖွယ်မရှိ မျှော်လင့်ချက်မရှိဘူးလို့ထင်ခဲ့ကြတဲ့
အာဏာအပြောင်းအလဲ မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ်ပေါ်ခဲ့ပြီဖြစ်တယ်။ ဒီအပြောင်းအလဲဖြစ်ဖို့အတွက်
မြန်မာတွေဘ၀တွေအများကြီးပျက်ခဲ့ကြရတယ်။ အသက်တွေအများကြီးပေးဆပ်ခဲ့ရတယ်။ ထောင်တွေကျပြီး
နှိပ်စက်ညှဉ်းပန်းမှုတွေ အများကြီးခံခဲ့ကြရတယ်။ လက်ရှိလည်းပေးဆပ်နေကြဆဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကနေ
အပြောင်းအလဲပါ။ ကြီးစွာသော အပြောင်း အလဲပါ။ ဒီနေ့မင်္ဂလာအပြောင်းအလဲကြီးခင်ဗျား။
စစ်အာဏာရှင်တွေကြောင့် တစ်မျိုးလုံးတစ်ဆွေလုံး သေဆုံးခဲ့ရတာထောင်ချခံရတာတွေ၊ ပညာသင်ခွင့်မရတဲ့သူတွေအမြောက်အမြားရှိပါတယ်။
ယုံကြည်မှုကြောင့် မွဲပြာကျသွားပြီး စားရမယ့်သောက်ရမဲ့ဖြစ်သွားကြရတဲ့သူတွေဆို ရေတွက်မကုန်အောင်ရှိပါတယ်။
စစ်အာဏာရှင်ကို တော်လှန်သူတွေကို ဖမ်းဆီးထောင်ချတဲ့အခါလည်း မိသားစုနဲ့ အဝေးဆုံးနေရာကို
ပို့ဆောင်ပြီးတော့ မိသားစုတွေကို ဒုက္ခပေးခဲ့ကြတယ်။ တိုင်းပြည်ထဲမှာ ဘယ်လိုမှနေလို့မဖြစ်တော့တဲ့အတွက်
အိမ်နီးခြင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေကို ရတဲ့နည်းလမ်းနဲ့ထွက်ခွာသွားခဲ့ကြရတယ်။
“တာဝန်ကျေခဲ့ကြတယ်”
ပြည်တွင်းမှာထောက်လှမ်းရေးခွေးသရမ်းတွေသောင်းကြမ်းလွန်းလို့
ညီအစ်ကိုချင်းတောင်မယုံရဲ ဖြစ်ကြရတယ်။ စကားကိုကျယ်ကျယ်မပြောရဲကြ။ ကိုယ့်အိမ်မှာအိပ်နေတာ
ဘယ်အချိန်တံခါးခေါက်ပြီး လာဖမ်းမလဲလို့စိုးရိမ်ကြောင့်ကျများစွာနဲ့နေထိုင်ခဲ့ကြရတယ်။
အဲဒီအကျဉ်းအကြပ်ကာလတွေမှာ ပြည်ပကိုထွက်ခွာလာ ခဲ့ကြသူတွေဟာ နိုင်ရာဘက်က အပြောင်းအလဲအတွက်
အားစိုက်ခဲ့ကြတယ်။ ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။
“လုပ်စရာအများကြီးတွေထဲက ကျနော်တို့ကို အမြန်ဆုံးကူညီပါ”
တိုင်းပြည်ကိုလက်ညှိုးထိုးရောင်းစားသွားခဲ့ကြပြီး စုတ်ပြတ်သတ်နေခဲ့တဲ့တိုင်းပြည်တစ်ခု၊ ကောင်ကွက်ရှာမရတဲ့စနစ်တစ်ခု
အောက်က အသက်ပေးပြီး ရုန်းထွက်ပေါ်ပေါက်လာခဲ့တဲ့ NLD အစိုးရ ဒီကနေ့ကာလမှာ တရားဥပဒေပြုရေးနဲ့
အုပ်ချုပ်ရေးကို လက်ဝယ်ပိုင်ပိုင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
ဆိုခဲ့တဲ့အတိုင်း လုပ်စရာတွေအများကြီးဆိုတာ အားလုံးသိကြပါတယ်။
ခေါင်းစဉ်တွေအမျိုးမျိုးနဲ့ ကျွမ်းကျင်သူတွေကအခြားကိစ္စရပ်တွေကို
လုပ်ကိုင်ကြသလို အခု ထိုင်းနိုင်ငံမှာ အကာအကွယ်အရေးတကြီးလိုအပ်နေတဲ့ လေးငါးသန်းသော
အလုပ်သမားတွေအတွက် အကူညီပေးဖို့ စီစဉ်ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလူတွေငွေပြန်ပို့နေကြလို့
အခြေခံလူတန်းစားတွေ ထမင်းစားနေကြရ၊ စာသင်နေကြရ၊ အလှူအတန်းတွေလုပ်နေကြရတာပါ။
မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ (၁)
Dirty
ညစ်ပတ်တဲ့အလုပ်(၂) Dangerous အန္တ ရာယ်များတဲ့အလုပ် (၃) Difficult ခက်ခဲပင်ပန်းတဲ့အလုပ် (၄) Demeaning ဂုဏ်သိက္ခာမဲ့တဲ့
အလုပ်တွေ ကိုလုပ်နေကြရတာပါ။ ဒီကြားထဲမှာ ထိုင်းပုလိပ်တွေဖမ်းစားတာကိုလည်းနေ့တိုင်းခံနေကြရတာပါ။
မြန်မာတစ်ယောက်ကို ကြက်ကလေးတစ်ကောင်လို သတ်ချင်သ လို သတ်ပစ်လို့ဘာမှမဖြစ်တဲ့အထိအကာ
အကွယ်မဲ့တဲ့ဘ၀တွေပါ။
လောလောဆယ်အလျှင်အမြန်လုပ်သင့်တဲ့အလုပ်က…..............
(၁) မြန်မာအစိုးရထုတ်ပေးထားခဲ့တဲ့
ပတ်စပို့တွေသက်တမ်းကုန်တာကို MOU ပွဲစားတွေနဲ့
ပြန်လုပ်ခိုင်းနေတာကိုရပ်ပါ။ (၂) နေစဉ်မြ၀တီမဲဆောက်ကနေရပ်ကိုပြန်နေတဲ့ တရားဝင်အလုပ်သမားတွေကို
ထိုင်းရဲတွေ ငွေတောင်းစားနေ တာရပ်ပေးပါ။ (၃) တရားဝင်အလုပ်သမားတွေကို အကာအကွယ်အပြည့်အ၀ ပေးပါ။
(၄) အလုပ်သမားတွေကို ပွဲစားယန္တရားလက်ထဲက လွတ်တဲ့စီမံခန့်ခွဲမှုနဲ့အုပ်ချုပ်ပါ။ (၅) မြန်မာတွေလူကုန်ကူးကျွန်ပြုခံနေကြရတယ်။
လက်ရှိလူကုန်တား လုပ်နည်းလုပ်ဟန်ကို အားမနာတမ်းပြုပြင်ပေးပါ။ (၆) မှန်ကန်တဲ့အုပ်ချုပ်မှုကိုအလျှင်အမြန်
စတင်ဆောင်ရွက်ပါ။
မြန်မာတွေကိုအနိုင်ကျင့်ချင်တိုင်းကျင့်လို့မရဘူး။
တရားဝင်အလုပ်သမား တစ်ယောက်ကို တရားဝင်အခွင့်အရေးပေးကိုပေးရမယ်၊ တရားဥပဒေအတိုင်းအကာအကွယ်ရသင့်တယ်ဆိုတာကို
NLD အစိုးရ အသစ်စက်စက်က စိန်ဗိုလ်တင့် လိုလက်သံပြောင်းစေချင်တယ်ဗျာ။ အမေစု ထိုင်းကိုလာခဲ့တုန်းကလို
မြန်မာအလုပ်သမားတွေကို ကူညီပေးပါမယ်ဆိုတဲ့မွှေးမွှေးပေးတာလောက်နဲ့ပစ်မထားပါနဲ့တော့ဗျာ။
ကျော်သောင်း