05 January 2018

ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုး မလုံခြုံမှုကြောင့် ခိုးဝင်ဘင်္ဂါလီများ ရက်ဆက်ဖမ်းဆီးမိနေ




ဇန်န၀ါရီ ၃ ရက် နံနက် ၁၀ နာရီခန့်တွင် မောင်တောမြောက်ပိုင်း တရိန်း ရခိုင်ကျေးရွာအနီးတွင် မောင်တောမြို့ အမှတ်(၅)ရပ်ကွက်နေ ဘင်္ဂါလီ ၂ ဦးအား တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
''ဟုတ်ပါတယ်၊ ကျွန်တော်တို့ တရိန်းရခိုင်ရွာနဲ့ ၃ ဖာလုံလောက်အကွာ တောင်ပြို-ကြိမ်ချောင်း တောင်ပြိုကားလမ်းပေါ်က ငှက်ပျောချောင်းတောတန်းအနီး မသင်္ကာဖွယ် သွားလာနေတာကိုတွေ့လို့ ရဲကို အကြောင်းကြားပြီး ဖမ်းဆီးကြတာပါ။ သာကုန်းရခိုင်ကျေးရွာသားနှစ်ဦးက မြင်တာပါ။ သူတို့ကအနီးက တရိန်းကျေး ရွာသားတွေနဲ့ ဘင်္ဂါလီ ၂ ဦးကို ၀ိုင်းဖမ်းကြပြီး တရိန်းကျေးရွာက ရဲတပ်ဖွဲ့ဝင်တွေဆီ အပ်လိုက်တာပါ။ သူတို့ ၂ ဦးကို စစ်ဆေးတော့ မောင်တောမြို့ ၅ ရပ်ကွက်ကလို့ ထွက်ဆိုကြပါတယ်။ သူတို့မှာ ဖုန်း ၃ လုံး ပါလာပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်က ဖုန်းတွေပါ။ ခိုးဝင်ဘင်္ဂါလီ ၂ ဦးကို ကြိမ်ချောင်းရဲစခန်းမှတဆင့် လွှဲလိုက်တယ်လို့ သိရပါတယ်''ဟု တရိန်းကျေးရွာ သားကိုထွန်းလှက အတည်ပြုပြောသည်။


''ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေ ရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ခိုးဝင်လာသူတွေပါ နေရာအနှံ့မှာ ၀င်ရောက် နေကြတယ်လို့ မြင်မိပါတယ်။ ဇန်န၀ါရီ ၂ ရက်ကလည်း သင်္ဘောလှကျေးရွာအနီးမှာ ခိုးဝင်အကြမ်းဖက်ဘင်္ဂါလီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရာမှာ တဦးအသေ၊ တဦးအရှင် ဖမ်းမိထားပါတယ်။ မောင်တောမြို့ သက်ကိုင်ညှာကျေးရွာအနီးတွင်လည်း မောင်တောမြို့မှ ထွက်ပြေးတိမ်းရှောင်သွားတဲ့ အကြမ်းဖက်ဘင်္ဂါလီ ၀င်ရောက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီလိုပြန်လည်ပြီး ခိုးဝင်လာနေတဲ့ အကြမ်းဖက်ဘင်္ဂါလီတွေဟာ နယ်မြေရှင်းလင်းရေးလုပ်စဉ် ကျန်ရှိနေတဲ့ ဘင်္ဂါလီကျေးရွာတွေမှာ ပုန်းခိုနေထိုင်နေကြတာပါ။ ဒီလို ပုန်းနေကြပြီး ကျွန်တော်တို့တိုင်းရင်းသားတွေကို အလစ်အငိုက် အသေသတ်နေကြတာပါ။ ဒီလို သတ်ဖြတ်မှုကြောင့် ၂၀၁၇ ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၂ နာရီခန့်တွင် မောင်တောမြို့နယ်၊ စံကားပင်ရင်းကျေးရွာအုပ်စု၊ တရိန်း(မြို)ကျေးရွာနေ ဦးလောင်းပျော် (ဘ) ဦးထူလှိုင်၊ အသက် ၄၅ ဟာ ငါးရှာသွားရင်း အသတ်ခံခဲ့ရပြီးပါပြီ။ ဒီလိုအနေအထားတွေကြောင့် ကျွန်တော်တို့ တရိန်း ကျေးရွာသူ/သားများအပြင် နောက်နေရပ် ပြန်လည်ရောက်ရှိလာတဲ့ ရခိုင်ကျေးရွာတွေလည်း အကြောက်တရားများ လွှမ်းမိုးပြီး နောက်တကြိမ် နေရပ်စွန့်ခွာထွက်ပြေးသူများတောင် ဖြစ်လာနိုင်ပါတယ်''ဟု ၎င်းက ဆက်ပြောသည်။
ဖမ်းမိသူတွေကတော့ အိုစ်မာဆာတိတ် (၁၈)နှစ် (ဘ) ဦးဝါကရီနှင့် အိုကာဆဲ့ (၁၈) နှစ် (ဘ) ဇာလာ (၅)ရပ်ကွက် မောင်တောမြို့တို့ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးကို လ၀က ဥပဒေပုဒ်မနှင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း တရိန်းရဲစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ခြံစည်းရိုးကို ပြန်လည်တည်ဆောက်နေသည်ဟုဆိုသော်လည်း လက်တွေ့တွင် သံဆူးကြိုးများ
ထပ်ဖြည့်နေသည်ကိုသာ တွေ့ရကြောင်း၊ နယ်စပ်ခြံစည်းရိုးကို
အခိုင် အမာပြန်လည်တည်ဆောက်ပြီး CCTV များ တပ်ဆင်ကာ
လျှပ်စစ်ဓာတ်အားလွှတ်ထားသင့်ကြောင်း ဒေသခံ တိုင်းရင်းသားများက အကြံပြုကြသည်။
မယ်သဇင်ခိုင်