By ဒီဗွီဘီ 4 January 2018
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးဟာ အခုထက်ပိုမိုနီးကပ်ပြီး တိုးတက်ဖြစ်ထွန်းလာမယ်လို့ ယုံကြည်တဲ့အကြောင်း ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရာလောင်ကွန်းက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ နှစ် ၇ဝ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလို ပြောကြားထားတာပါ။
“နှစ်နိုင်ငံ တည်မြဲလျက်ရှိသော မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဆက်လက်အဓွန့်ရှည်စွာ ဖြစ်ပေါ်တိုးတက်နေဦးမည်ဟု ယုံကြည်ကြောင်း၊ နောင်လာမည့် နှစ်များတွင်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ယခုထက် ပိုမိုနီးကပ်ပြီး တိုးတက်ဖြစ်ထွန်းလာမည်ဟု ယုံကြည်လျက်ရှိကြောင်း” ထိုင်းဘုရင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
နှစ် ၇ဝ ပြည့် လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာသမ္မတကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူ၊ ပြည်သားအပေါင်းတို့ တိုးတက်စည်ပင်သာယာဝပြောစေဖို့လည်း ထိုင်းဘုရင်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကလည်း မြန်မာသမ္မတကို သီးခြားသဝဏ်လွှာ ပေးပို့ရာမှာ ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ခ်ျရဲ့ အန္တိမဈာပန အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကြိုးမှာ ခွဲခြားလို့ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
၂ဝ၁၈ ခုနှစ်မှာ ကျရောက်မယ့် နှစ်နိုင်ငံ ဆက်ဆံရေး တည်ထောင်မှု နှစ် ၇ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်လိမ့်မယ်။ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလေးနက်စွာ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။