“စိတ်ကူးချိုချို”
တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၁ ခု ကရေနစ်၊
သေကြေပျက်စီးမှုတွေနဲ့ရင်ဆိုင်နေကြရပြီ။ မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံထားရတဲ့
ချင်းပြည်နယ်မှာ မြေတွေပြို၊ အိမ်တွေပျက်။ မွေးရပ်ဌာနေ ရခိုင်ပြည်မှာ လူတွေသေ၊ တိရစ္ဆာန်တွေပျောက်
စီးပွားတွေပျက်၊ စားစရာတွေပျက်စီးနေကြပြီ။ မိုးရေထဲမှာ အချမ်းပြေဖို့ မီးလှုံစရာမရှိ၊
ခြုံစရာစောင်မရှိ၊ ဆာလောင်မွတ်သိပ်မှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့။ ကူညီမယ့်သူ တွေကို
မျှော်နေကြလိမ့်မယ်။ စိုသွားတဲ့အ၀တ် ပြန်မခြောက်နိုင်။ အရာရာစိုထိုင်းထိုင်းနဲ့။ မုန်းတိုင်းလက်ကျန်
အနောက်တောင်မုတ်သုန်လေအေးကြောင့် ခိုက်ခိုက်တုန်အောင်အေးနေကြမှာပေါ့။
တိုင်းပြည်မှာ အလုပ်နိုင်ဆုံးတာဝန်ကိုယူထားသူက
ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ဘယ်လိုစီစဉ်ရမလဲ နားမလည်၊ ၂၀၀၈တုန်းကတစ်ခါ ဧရာဝတီတိုင်းကြီးပျက်စီးခဲ့ပြီ။
အခုတိုင်းနဲ့ပြည်နယ်၁၁ခုလုံး ရေအောက် ကိုရောက်ကုန်တယ်။ မိုးလေ၀ါသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က
အရေးပေါ်ကြေညာသင့်ပြီလို့ပြောခဲ့ ပေမယ့် မုန်တိုင်းတိုက်ပြီး လူတွေသေကြေပျက်စီးပြီးနောက်ရက်မှ
ဦးသိန်းစိန်က အရေးပေါ် ၄ပြည်နယ်ကြေ ညာခဲ့တယ်။
လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဦးစီးဌာနဘယ်ရောက်နေမှန်းမသိလို့ကာတွန်းတစ်ခုရေးခဲ့ကြ
သေးတယ်။ ကုလသမဂ္ဂက လည်းအရေးပေါ်အခြေအနေကြေညာပြီး ကူညီပေးဖို့ပြင်ဆင်တယ်။ ခုတော့ အစိုးရ
ရဟတ်ယာဉ်တွေနဲ့ သွားလာကူညီနေတာကိုတော့တွေ့ရပြီ။
အနုပညာ ရှင်တွေနဲ့ ၈၈ပွင့်လင်းအုပ်စုတွေ အလှူခံပြီးကူညီကြသလို
NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ က လည်း တတ်နိုင်သမျှ ၀ိုင်းကူးကြတာဖြင့် သာဓုခေါ်စရာဖြစ်တယ်။
လွှတ်တော်အုပ်စုတော့ အသံမကြားရသေး။
ပြည်ပကိုရောက်နေတဲ့အလုပ်သမားတွေဟာ ၂၀၀၈
နာဂစ်တုန်းကဖြစ်စေ ၂၀၁၀ ဂီရိမုန်တိုင်းတုန်းက ဖြစ်စေ တတ်နိုင်သမျှ ကူညီပေးခဲ့ကြပါတယ်။
အခု တိုင်းနဲ့ပြည်နယ် ၁၁ ခုကြီးများတောင် နေနစ်နေတဲ့အခါ ကာယကံရှင်တွေပါဖြစ်နေကြလေတော့
ငိုကြွေးယူကြုံမရဖြစ်ကြရပြီး ဘာလုပ်လို့လုပ်ရကောင်းမှန်းမသိဖြစ် နေကြတယ်။ ခုတော့ ရသလောက်
အလှူခံနေကြပြီ။
နိပါတ်တော်တွေထဲမှာ အသွေးအသားကိုလှူဒါန်းတာတွေဖတ်ဖူးခဲ့တယ်။
ဘုရားလောင်းနုစဉ်ကာလ ဝေသန္တရာမင်းကြီးဖြစ်စဉ် သားတော် ကဏာနဲ့ ဇာလီစိန် တို့ကို စူဇကာပုံဏ္ဏားကို
ရက်ရက်ရောရောလှူဒါန်းခဲ့ တယ်။ဒီ ဘက်ခေတ်မှာ ကျောက်ကပ်တို့ အသဲတို့ကိုလှူဒါန်းတာတွေကြားသိရတယ်။
မင်းရန်နိုင်