ကံကောင်းလိုက်တဲ့ မြန်မာအလုပ်သမားဗျာ...............
DVB 3.8.2015
ဒီတပတ်ထွက်တဲ့ ထိုင်းအစိုးရထီ
ပေါက်ဂဏန်း ၆ လုံးတိုက် ပထမကံထူးရှင်ဆုကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်က
ရှမ်းတိုင်းရင်းသား မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး ရရှိသွားတယ်လို့
ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ချင်းမိုင်ခရိုင် ဆာရပီးမြို့နယ်
ချိုင်းဆထန်ရပ်ကွက် သက်မွေးပညာလေ့လာရေး ဗဟိုဌာနက ခြံအလုပ်သမားဖြစ်သူ စိုင်းဖွမ်
လုန်းအောင်နဲ့ ဇနီးဖြစ်သူ နန်းကမ် လုန်းအောင် တို့ဟာ ဂဏန်း ၃ လုံးကို
အိပ်မက်မက်ပြီး အဆိုပါဂဏန်းပါ ထီတစုံကို လိုက်လံရှာဝယ်ယူခဲ့တာလို့ ကံထူးရှင်က
သတင်းထောက်ကို ပြောပါတယ်။
သြဂုတ်လ ၁ ရက်နေ့ ထီပေါက်စဉ်ထွက်ရာမှာ တကယ်ပဲ
အနောက်ဂဏန်း ၃ လုံးကို တွေ့ခဲ့ကြောင်း၊ သြဂုတ်လ ၂ ရက်မိုးလင်းလို့
သေချာထပ်ပြီး တိုက်ကြည့်ရာမှာ ပထမဆု ပေါက်ဂဏန်း ၅၁၈၆၇၇ အားလုံးတူနေတာ
တွေ့ရကြောင်း၊ သူက အလုပ်ရှင်ကို သွားအကြောင်းကြားပြီး ထိုင်းကော်မာရှယ်ဘဏ်မှာ
ငွေသွားထုတ်တာ ဘတ်ငွေ ၆ သန်း ရရှိတဲ့အတွက် ၀မ်းသာလွန်းလို့
မေ့လဲမတတ်ဖြစ်သွားတယ်လို့ စိုင်းဖွမ်က ပြောပါတယ်။
ဒီမတိုင်ခင် သူတို့ဇနီးမောင်နှံဟာ
သူတို့အလုပ်လုပ်နေတဲ့ ခြံထဲက နတ်ကွန်းမှာ အမြဲသွားရောက် ဆုတောင်းလေ့ရှိကြောင်း၊
အဲဒီနောက် အိပ်မက်ထဲမှာ တစုံတယောက်က ဂဏန်း ၃ လုံး လာပေးသွားတယ်လို့ ဆက်ပြောပါတယ်။
အခုလို ထီပေါက်တဲ့အတွက် နတ်ကွန်းကို ဘတ် ၅
သောင်းဖိုး အလှူလုပ်ပေးမှာဖြစ်ပြီး ငွေတချို့ကို မြန်မာပြည်မှာရှိတဲ့
နှစ်ဘက်မိဘတွေကို ပြန်လည်ထောက်ပံ့ပေးကာ ကျန်တဲ့ငွေကိုတော့ အသက် ၇ နှစ်ရွယ်
သမီးဖြစ်သူ ပညာကောင်းကောင်းသင်နိုင်ဖို့ ဘဏ်မှာသိမ်းထားပေးမှာဖြစ်ကြောင်း၊
သူတို့ဇနီးမောင်နှံအနေနဲ့တော့ မူလ ခြံစောင့်အလုပ်ကိုပဲ ဆက်လုပ်မယ်လို့
သတင်းထောက်တွေကို ပြောပါတယ်။