02 August 2015

“မြန်မာအလုပ်သမားဇနီးမောင်နှံ၂ဦးဘန်ကောက်တွင်ပစ်သတ်ခံရ”

                    
၂၀၁၅ သြဂုတ်လ ၂ ရက်
ကိုတီး
             ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ စကင်ငန် ၅၄လမ်းတွင်ရှိသော Carcare ဆိုင်တွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားဇနီးမောင်နှံ၂ဦးတို့အား ဆိုင်ပိုင်ရှင်၏ဆွေမျိုးတစ်ဦးက ပစ်သတ်လိုက် ကြောင်း ထိုင်းသတင်းများ တွင်ဖေါ်ပြခဲ့သည်။

           ကားအပိုပစ္စည်းနှင့်ကားရေဆေးဆီထိုးလုပ်ငန်းဆိုင်ဖြစ်သော Carcare ဆိုင်တွင် ယမန်နေ့ နံနက်အလုပ်ဖွင့်ခါစအချိန်၈နာရီကျော်ခန့်ကသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။   

          ဆိုပိုင်ရှင်အမျိုးသမီး၏ ညီမတော်စပ်သူ အသက် ၅၄နှစ်အရွယ်ရှိ နန်းကျင်သနာဖူစီလ၀ါ ဆိုသူက အလုပ်သမား၂ဦးအားပစ်သတ်ခဲ့ပြီး ရဲစခန်းသို့ အဖမ်းခံရန် အငှါးကားတစ်စီးပေါ်သို့တက် သွားကြောင်း အနီးဝန်ကျင်မှလူများကပြောဆိုကြောင်း ထိုင်းသတင်းတွင်ရေးသားထားသည်။

          စမယ်ဒဲန်းနယ်မြေမှ ရဲအရာရှိများက သွားရောက်စစ်ဆေးရာတွင် ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခံရ သဖြင့်သေဆုံးနေကြောင်းတွေ့ရှိသည်ဟုဆိုသည်။

     

   ဆိုင်ပိုင်ရှင်၏ထွက်ဆိုချက်အရ သေဆုံးသွားသည့် အလုပ်သမား၂ဦးတို့မှာ ယခုဆိုင်တွင် လာရောက် အလုပ်ကိုင်ကြသည်မှာ၂လရှိနေပြီဖြစ်ကြောင်း၊ သေဆုံးသူများနှင့်စကားအနည်းငယ်များကြပြီး သူမ၏ ညီမတော်စပ်သူက စိတ်မထိန်းနိုင်ဖြစ်ကာ ယခုလို ဖြစ်သွားခြင်းကြောင်း သတင်းတွင်ရေးထားသည်။ 

သေဆုံသူ၂ဦးမှ ကရင်အလုပ်သမားဇနီးမောင်နှံဖြစ်ကြောင်းလောက်သာသိရှိရသေးပြီးကျန်အချက် အလက်များရရှိရန်အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကြိုးပမ်းနေဆဲဖြစ်သည်။

၂.၈.၂၀၁၅ နေ့ထုတ် " မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့အာဘော်"


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အပြောကတော့ကောင်းပါတယ် အေဂျင်စီတွေကလည်း မိမိတို့အနေနဲ့သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ တင်သွင်းကြသည် မြန်မာအလုပ်သမား များကို တာဝန်ယူမှုနဲ့ပက်သက်ပြီး မိမိတာဝန် ကျေပွန်မို့အထူး လိုအပ်ပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာ ပိုမိုရရှိလိုသောရည်ရွယ် ချက်ဖြင့်အိမ်နီးချင်း ပြည်ပ
 နိုင်ငံများ သို့သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ အထူးသဖြင့် ထိုင်း၊မလေးရှားနှင့် စင်ကာပူနိုင်ငံ တို့၌   ဖြစ်ပါသည်။ ဤသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်ရာတွင် တရားဝင်သွား
ရောက် လုပ်ကိုင်သူများရှိသလို လမ်းကြောင်းအမျိုးမျိုးမှတရားမဝင် သွားရောက်လုပ်ကိုင်သူများလည်း ရှိပါသည်။

        တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းသည် အချိန်မရွေး အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့ရဖွယ် ရှိပါသည်။
တရားမဝင် သွားရောက်လုပ်ကိုင်ခြင်းသည် လူမှောင်ခိုကူးခြင်းကို ခံရနိုင်ပါသည်။ တရားမဝင် သွားရောက် လုပ်ကိုင်ခြင်းသည် အလွန်စွန့်စားရသောအလုပ်ဖြစ်ပါသည်။ အလုပ်အကိုင်ရလိုမှု၊ အယုံအကြည်လွယ်မှု တို့အပေါ် အခွင့်ကောင်းယူကာတရားမဝင်လမ်းကြောင်းပေါ်တွင် လူမှောင်ခိုလုပ်ငန်းများ ကြီးထွားလာလျက် ရှိပါသည်။ အမှန်တကယ်အလုပ်ရသည့်တိုင် လုပ်ငန်းရှင်တို့၏ ဖိနှိပ်ခြင်း၊လစာမပေးလို၍ ရဲနှင့်ပေါင်းပြီး ဖမ်းဆီးမှုများပြုလုပ်ခြင်းစသော စွန့်စားရမှုများနှင့် ကြုံတွေ့ရဖွယ်ရှိပါသည်။

တရားမဝင် သွားရောက်လုပ်ကိုင်ရခြင်း၏ အဓိကအကြောင်းအရင်းသည် ငွေကြေးလိုအပ်ချက်နှင့် အသိ ဉာဏ်နည်းပါးမှုတို့ကြောင့်ဖြစ်သည်ကိုတွေ့ရမည်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ တရားဝင်လမ်းကြောင်း မှ သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းသည်အကောင်း ဆုံးဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်မှုအများဆုံးမှာ ထိုင်းနှင့်မလေးရှား
နိုင်ငံ တို့ဖြစ်သည်။တရားမဝင်သွားရောက်လုပ်ကိုင်နိုင်သော နိုင်ငံများသည်လည်း ထိုနိုင်ငံများ၌သာဖြစ် သည်။ စင်ကာပူနိုင်ငံတွင် တရားမဝင်သွားရောက်လုပ်ကိုင်သူ နည်းပါးသည်။ မကြာသေးမီက တရုတ်နိုင်ငံ ဘက်သို့   သွားရောက်အလုပ်လုပ်ကိုင်သူများလည်း ရှိလာသည်။ အမှန်စင်စစ် ဤနိုင်ငံတို့၌ တရားမဝင်
ရွှေ့ပြောင်းလုပ်သားများ လက်ခံဆောင်ရွက်နေခြင်းသည် စဉ်းစားဖွယ်ရာပင်ဖြစ်သည်။

   အဓိကအားဖြင့် လုပ်အားခဈေးသက်သာ၍ ဖြစ်နိုင်သည်။ တရားဝင် သွားရောက်လုပ်ကိုင်သူများထက် တရားမဝင် သွားရောက်လုပ်ကိုင်သူများထံမှ လုပ်အားခဈေးသက်သက်သာသာနှင့် ရနေသည်။ တရားမဝင်လုပ်ကိုင်သူများသည် လုပ်အားခ အဓိကမဟုတ်ပါ။ အလုပ်ရရေးသည်သာ အဓိကဖြစ်သည်။ ထို့ကြောင့် လည်းလုပ်အားခဈေး သက်သာမှုနှင့်အတူ တရားမဝင်ရွှေ့ပြောင်းလုပ်သားဈေးကွက်သည်လည်း ကြီးထွား ပေါ်ပေါက်လျက်ရှိပါသည်။

   ဤအချက် များကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသူများ အတွက် ဈေးနှုန်းသက်သက်သာသာဖြင့်သွား ရောက်လုပ်ကိုင်နိုင်ရန် ဖြေလျှော့ပေးမှုများ၊ပူးပေါင်းလုပ်
 ဆောင် မှု များ တိုးမြှင့်လုပ်ဆောင်ပေးရန်လိုအပ်မည်ဖြစ်ပါသည်။ 

အစိုးရနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ ပူးပေါင်းဆောင်ရွက် မှု၊ ဖြေလျှော့မှုများဖြင့်တရားဝင် သွားရောက်လုပ်ကိုင်မှုများ တိုးပွားလာရမည်ဖြစ်ပါသည်။ သို့မှသာ လုပ်အားအပေါ် ခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်ခံရမှု၊လူမှောင်ခိုကူးခံရမှုတို့ မှလွတ်မြောက် နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ရွှေ့ပြောင်းလုပ်ကိုင်ရာတွင် တရားဝင်သွားရောက်ခြင်းကိုသာ ဘက်ပေါင်းစုံဖြေ လျှော့မှုများဖြင့် ဆောင်ရွက်သင့်ပေကြောင်း။ ။


27 July 2015

“မြန်မာသံရုံးကော်မတီကူညီမှုကြောင့် ပန်းရံအလုပ်သမားများထမင်းစားစရာပိုက်ဆံရရှိ”

                            
၂၀၁၅ ဇူလိုင်လ ၂၇ ရက်      ကိုတီး+ကိုခွန်

ကိုတီး+ကိုခွန်

            ပန်းရံအလုပ်သမားများအား လုပ်အားခထုတ်မပေးသဖြင့်တောင်းခံကြရာ၊ မန်နေဂျာက ရဲခေါ်၍ ထပ်မံခြိမ်း ခြောက်သည်ကို မြန်မာသံရုံးအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီ အဖွဲ့ဝင်MAT အဖွဲ့က ၀င်ရောက် ညှိနှိုင်းပေးခဲ့သဖြင့် လုပ်အားခအချို့အား ယနေ့တွင်ထုတ်ပေးလိုက်သည်။  

            ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၂၀ ကျော် ခန့်အကွာတွင်ရှိသော ဖစ်ပူလီကွန်ပျူတာအပိုပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံနံဘေး ပန်းရံဆိုဒ်တွင် ကမ္ဘောဒီးယားအလုပ်သမား ၃ဦးနှင့် မြန်မာအလုပ်သမား ၄၆ဦး တို့သည် တစ်ဦးလျှင်ဘတ်ငွေ တစ်သောင်းကျော်စီလုပ်အားခရရန်ရှိသည်။ ယနေ့နံနက်တွင် အလုပ်သမားများက လုပ်အားခတောင်းခံကြရာ အလုပ်မန်နေဂျာ အမျိုးသမီးက ရဲကားကိုခေါ်၍ ဖမ်းဆီးပြန်ပို့မည်ဟုခြိမ်းခြောက် ပြန်သည်။

     ပအို့ဝ် အမျိုးသား ခွန်မောင်ဦးက “ ကျနော်တို့က ထမင်းစားစရာမရှိလို့ လုပ်အားခထုတ်ပေးပါ။ ဘာနဲ့စားပြီး အလုပ်ဆင်းမလဲပေါ့။ အဲဒါ စါရေးမက ပုလိပ်ခေါ်တယ်။ ရွာသူကြီးကိုခေါ်တယ်။ ကျနော်တို့ကလည်း MAT  အဖွဲ့ဖုန်းနံပါတ်ရှိတယ်။ MAT ကဘောပြောလိုက်လဲတော့မသိဘူး။ မန်နေဂျာအမျိုးတစ်ခါတည်းပြာသွားတာပဲ။ ပုလိပ်တွေလည်း မျက်နှာတွေပြောင်းသွားတယ်။ တစ်ယောက်စီ ဘတ်ငွေ ၃,၀၀၀ စီ ထုတ်ပေးတယ်။ ကူညီပေး တဲ့အတွက်MAT အဖွဲ့ကိုကျေးဇူးတင်ပါတယ်” ဟုပြောသည်။

        အလုပ်သမားများ ၏ လုပ်အားခကျန်ငွေများအား သြဂုတ်လ ၈ ရက်နေ့မှာ ရှင်းပေမည်ဖြစ်ပြီး အလုပ်တစ် ရက်လုပ် တစ်ရက်ရှင်းရန်သဘောတူညီခဲ့ကြသည်။

         ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့  ဒါရိုက်တာ ဦးကျော်သောင်း က“ စောစောစီးစီး ၈နာရီလောက်မှာ ပုလိပ်တွေဖမ်းဖို့လာတယ်ဆိုပြီးဖုန်းဆက်တာ။ ကျနော် တို့က ပုလိပ်နဲ့ ရွာသူကြီးရဲ့တပည့်ကို ပြောပြလိုက်တယ်။ တရားဝင် အလုပ်သမားတွေဖြစ်နေတာကြောင့် ပြေပြေလည်လည်လုပ်ပေးပါ။ ရုံးနဲ့ စစ်တပ်တွေနဲ့ဆိုရင် မျက်နှာပျက်ကုန်မယ်လို့ ပြောလိုက်တော့ မလုပ်ပါနဲ့ သူတို့ရှင်းပေးပါမယ်တဲ့။ အမှန်က မြန်မာသံရုံးဆိုတဲ့ နာမည်နဲ့ ရှင်းလိုက်တာပါ” ဟုပြောသည်။

         ပန်းရံဆိုဒ် မန်နေဂျာမှလည်း စစ်တပ်နဲ့လာရောက်ဖြေရှင်းပါက ကုမ္ပဏီ နာမည်ပျက်မည်ဖြစ်သဖြင့် အလုပ်သမားများအား လုပ်အားခကို ပုံမှန်ရှင်းပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။

         ထိုင်းနိုင်ငံဘန်ကောက်သံရုံးတွင် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားသံအရာရှိ ၂ဦးတို့သည် မေလမှ စတင်၍ တာဝန်ထမ်းဆောင်နေသဖြင့် ထိုင်းရောက်အလုပ်သမားများအနေဖြင့် အလုပ်သမားပြဿ     နာများအား အဆိုပါ အရာရှိများ၏ ဖုန်းဖြစ်သော ၀၈၆ ၇၇၄ ၆၈၂၅   နှင့် ၀၉၀ ၉၂၇၇ ၉၇၂ တို့ကို ဆက်သွယ် အကူညီတောင်းခံကြည့်ကြပါရန် MAT အဖွဲ့ကပြောသည်။  MOU အလုပ်သမားများ ပြဿ     နာတစ်စုံတစ်ခုရှိပါက  ပွဲစားများအဖွဲ့ချုပ်ရုံး MOEAF (ဘန်ကောက်) ၀၈၃ ၅၄၄ ၆၄၄၂ တို့ ဆက်သွယ်ကြရမည်ဖြစ်သည်။


25 July 2015

“မဟာချိုင်ရဲစခန်းကို MAT အဖွဲ့ကလေးချွတ်ရုံမျှဖြင့်ကျွတ်တမ်းမ၀င်နိုင်ပါခင်ဗျား”


၂၀၁၅ ဇူလိုင်လ ၂၅
 ကိုတီး+ကိုခွန်+မင်းဘခက်

           ယနေ့နံနက်ပိုင်းက ပတ်စပို့ရှိလျှက်နှင့် မဟာချိုင်ပုလိပ်ဖမ်းဆီးငွေတောင်းခံရသည့် မြန်မာအလုပ်သမား ၃ဦးအား  လိုက်လံရှင်းပေးခဲ့သဖြင့် အလုပ်သမားများသက်သာရာရရှိခဲ့သော်လည်း ယခုကဲ့သို့ဖြေရှင်းနေရခြင်း ထက် မြန်မာအစိုးရကထိရောက်စွာစီစဉ်ထားမှ ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း MATအဖွဲ့က အကြံပြုပြော ဆိုသည်။  

        မွန်ပြည်နယ်၊ အပေါင်မြို့နယ်၊ မိုးနိုင်းကျေးရွာမှ မအေးအေးခိုင် တို့သားအမိသည်  မဟာချိုင်မော်ချစ်လုတု ကားဂိတ်တွင် ဖမ်းဆီးခံရသည်။  မဟာချိုင်ရဲကဘတ်ငွေ ၂၀,၀၀၀ တောင်းခံသည်။ အတူတူပါလာသည့် မောင်မျိုးသီဟ ဆိုသူက ပြီးခဲ့သည့်ရက်ပိုင်းက မဟာချိုင်ရဲစခန်းတွင် လာရောက်ဖြေရှင်းခဲ့သည့် သတင်းအား ဖတ်မိရာမှ MAT အဖွဲ့ဖုန်းကို ဆက်သွယ်၍ အကူညီတောင်းခံလာခဲ့သည်။

မောင်မျိုးသီးဟ က"ရက်ရက်စက်စက်တောင်းတယ်ဗျာ တစ်ယောက်ကို ဘတ်တစ်သောင်းပေးရမယ်တဲ့ ကျနော့်ဆီလာလို့ အမနဲ့တူကို ကျနော် က ကားဂိတ်ကိုလိုက်ပို့တာ။ ရဲစခန်းကိုခေါ်သွားတာ။ MAT အဖွဲ့ လာရောက်ဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ် ဗျာ” ဟုပြောသည်။ 

ယခုကိစ္စအား MAT အဖွဲ့သားများ ကိုယ်တိုင်သွားရောက်ဖြေရှင်းပေးခဲ့ပြီး ပြန်လာချိန်တွင် ရခိုင်ပြည်နယ် ပေါက် တောမြို့နယ်၊ ဗဒူကျေးရွာမှ ရွှေထွန်းအောင် ဆိုသည့် လူငယ်တစ်ယောက်မှာ ပတ်စပို့ရှိလျှက်နှင့်ဖမ်းဆီခံရ ပြန်သည်။ မဟာချိုင်ရဲစခန်းအောက်ထပ်တွင်မြန်မာဘာသာပြန်က ဘတ်ငွေ၅,၀၀၀ ပေးမှလွှတ်မည်ဟု ပြောဆို နေသဖြင့် MAT အဖွဲ့သို့ဖုန်းဆက်လာပြန်သည်။ MAT ဘန်ကောက်ရုံးတာဝန်ခံ ကိုစိုင်းအေးက  ရဲ
အရာရှိထံသို့ ဖုန်းဆက်၍ ပြောဆိုခဲ့သဖြင့် ငွေမပေးရပဲ လွတ်မြောက်ခဲ့ပါသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ကျနော်တို့ကိုဆက်သွယ်လာတဲ့အလုပ်သမားတွေကိုတော့ မဟာ ချိုင်ရဲစခန်းက ပြန်လွှတ်ပေးပါတယ်။ ကျနော်တို့နဲ့ အဆက်အသွယ်မရပဲ ရဲစခန်းအောက်ထပ်မှာ ဖမ်းထားတာတွေအများကြီးပါ။ မဟာချိုင်ရဲစခန်းဟာတကယ့် အကျိုးစီးပွားအကြီးကြီး လုပ်နေကြတာပါ။ တရားမ၀င်တာတွေနဲ့ ဥပဒေကျူးလွန်တာကိုဖမ်းပါ။ ဘတ်နဲ့ပတ်စပို့ရှိတဲ့ အလုပ်သမားတွေကိုတော့မဖမ်းပါနဲလို့ ကျနော်မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် နေ့တိုင်းဖမ်းနေတာပါပဲ။ ဒီလိုလုပ်ရပ်ကို မြန်မာအစိုးရ အထူးသဖြင့် မြန်မာအလုပ်သမားဝန်ကြီးဌာနက အပူတပြင်းထိထိရောက်ရောက်လုပ်ပေးပါလို့ မြန်မာအစိုးရကို အနုအညွတ်တောင်းဆိုချင်ပါတယ်။  မြန်မာအလုပ်သမားတွေအထူးနစ်နာပါတယ်။ အလုပ်သမားတွေ အလဟသ ငွေကုန်တာ တိုင်းပြည်ပြန်ပို့ငွေလျှော့စေ တယ် လို့ ကျနော်မြင်တယ်” ဟုပြောသည်။

           ထိုင်းနှင့်မြန်မာအစိုးရတို့သည် ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ပေါင်း သုံးသန်းကျော်တို့အား တရားဝင်နေထိုင်ခွင့် မြန်မာပတ်စပို့လုပ်ပေးထားပါသည်။ ထိုပတ်စပို့အတွက် မြန်မာအလုပ်သမားများသည် အနည်းဆုံး ဘတ်ငွေ တစ်သောင်းထက်မနည်းကုန်ကျခဲ့ကြသည်။ ပတ်စပို့ စတင် လုပ်ခါစကာလက ပြည်ပရောက် အလုပ်သမားများက မလုပ်ရဲခဲ့ကြပေ။ သို့ရာတွင် ထိုင်းနှင့် မြန်မာအစိုးရတို့က ပတ်စပို့လုပ်ထားပါက တရားဝင်အခွင့်အရေးရရှိမည်၊ မြန်မာပြည်သို့ လွတ်လပ်စွာ သွားလာ၍ရသည်။ အထူးသ ဖြင့် ထိုင်းပုလိပ်များဖမ်းဆီးခြင်းမှ အကာအကွယ်ပြုသည်ဟု မြန်မာအလုပ်သမားများကို ကတိပေးခဲ့ကြသည်။

          ၂၀၀၉ ခုနှစ်က စတင်ခဲ့သည့် မြန်မာပတ်စပို့လုပ်ငန်းစဉ်၏ နောက်ဆက်တွဲအဖြစ် အလုပ်လုပ် ခွင့်ဝတ်ပါမစ်ကိုပါ မြန်မာအလုပ်သမားများမှာ မဖြစ်မနေလုပ်ကိုင်ခဲ့ကြရသဖြင့် ပတ်စပို့စာအုပ်နှင့် တစ်နှစ်စာ ၀တ်ပါမစ်အတွက် မြန်မာအလုပ်သမားတစ်ယောက်၏ ကုန်ကျငွေမှာ ဘတ်ငွေတစ်သောင်းခွဲခန့် (ကျပ်ငွေ ငါးသိန်း) ခန့်ကုန်ကျပါသည်။

            အလုပ်သမားများမှာ ပတ်စပို့လုပ်ငန်းစဉ်အတွက် နေရပ်ပြန်၍မှတ်ပုံတင်နှင့်သန်း ခေါင်စါ ရင်းတို့ ယူကြရသည်။ အခက်အခဲများစွာနှင့်အကုန်အကျခံလုပ်ထားကြရသည့် ပတ်စပို့မှာအလုပ်သမား လူတန်းစား အတွက် နိုင်ငံခြားတိုင်ပြည်တွင်အလွန်အရေးကြီးပါသည်။ ထိုအခြင်းအရာကိုသိသော ထိုင်းလုပ်ငန်းရှင်နှင့် ထိုင်းမြန်မာပွဲစားများက မြန်မာအလုပ်သမားများ၏ ပတ်စပို့များကို ရက်၉၀ တံဆိပ်တုံး ထုခြင်းကိုအကြောင်းပြ ၍သော်လည်းကောင်း၊ ထွက်ပြေးမည်ကိုစိုးရိမ်၍သော်လည်းကောင်း (နွားနဖါးကြိုးကိုကိုင်ထားသကဲ့သို့) ပတ်စပို့စာအုပ်များကို သိမ်းဆည်းထားလေ့ရှိကြသည်။

            တိုင်ပြည်၏ အဓိက ၀င်ငွေဖြစ်သော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဖြင့် တိုးတက်ဖွံ့ဖြိုးနေသော ထိုင်းနိုင်ငံတွင်မည်သည့်နိုင်ငံခြားသားကိုမှ ပတ်စပို့ကိုင်ထားလျှင်ဖမ်းဆီးလေ့မရှိသော်လည်း မြန်မာပတ်စပို့ကို ကိုင်ဆောင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာများကိုမူ ဖမ်းဆီးငွေတောင်းခံလေ့ရှိသည်မှာ  မြန်မာနိုင်ငံ အနေဖြင့် လွန်စွာသိက္ခကျသည်ဟု MAT အဖွဲ့က ခံယူပါသည်။  

ဦးကျော်သောင်း က “ထိုင်းမှာ ဘတ်လုပ်ထားတဲ့ အလုပ်သမား ၆သိန်းခွဲကျော်အတွက် ပတ်စပို့ အချက် ၂၇ချက်ကောက်ပြီး၊ စာအုပ်ထုတ်ပေးဖို့အတွက် ပွဲစားတပ်ကြီးဗမာပြည်က ချီတက်လာသလို့၊… ဒို့တိုင်းပြည်က ဒို့နိုင်ငံသား ပတ်စပို့ကိုင်ထားကြတဲ့  အလုပ်သမားတွေကို ထိုင်းပုလိပ်တွေ ဖမ်းဆီးငွေတောင်းခြင်းကနေ ကာကွယ်မဟ!! လို့ လာကြရင်ဘယ်လောက်များကောင်းမလဲဗျာ။ အလုပ်သမားတွေအတွက်ပါဆိုတဲ့ စကား ပြောချင်ရင်၊ ကျွန်တွေအပေါ်တကယ်စေတနာရှိရင် ဒါမျိုးလုပ်ကြည့်ကြပါလား” ရင်ဖွင့်ပါသည်။


            MATအဖွဲ့၏လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကြောင့်၊ MAT အဖွဲ့ဝင်များသည်  လူကုန်ကူးဂိုဏ်းသားများ၏ခြိမ်းခြောက်ခြင်းများကိုမကြာခဏခံနေကြရသည်။ အင်တာနက်ပေါ်တွင်ပျံ့နှံ့နေသော MATအဖွဲ့သားများ၏ဖုန်းနံပါတ်များကို အလိုက်မသိစွာဖြင့် နေ့ရောညပါ အကြောင်းကြီးငယ်မရှိပဲဆက်သွယ်နေကြသဖြင့်လည်းစိတ်အနှောက်အယှက်များဖြစ်နေကြရသည်ဟု MAT အဖွဲ့သားများကပြောသည်။

"မြန်မာအလုပ်သမားများအတွက် အကျိုးဖြစ်စေမလား၊ အပြစ်ဖြစ်စေမလား"

......................................................................................................................................
2015 ဇူလိုင် ၂၃ ရက်နေ့ထုတ် ပေါ်ပြုလာ သတင်းဂျာနယ်တွင် ဖေါ်ပြထားသည့်သတင်း။

လူကုန်ကူးမှုဖြင့် တရုတ်နိုင်ငံသားသုံးဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးအရေးယူ

ဗမာမတွေတရုတ်နိုင်ငံထဲကိုရောက်အောင်မစောင့်ကြတော့ဘူး။ နောက်ဆို ဗမာမတွေကို သွေးဆာတိုင်းလာဆွဲမှာကိုစိုးရိမ်လို့ MAT က ဒီသတင်းတွေကို ကူးယူဖေါ်ပြတာပါ...........

....................................................................................................................................

တရုတ်ကို လူရောင်းဖို့ စီစဉ်သူတချို့ ရန်ုကုန်ရဲဖမ်းဆီး

25 July 2015 10:13(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

  ရန်ကုန်မြို့မှာ မြန်မာအမျိုးသမီးတွေကို လူကုန်ကူးဖို့ ကြိုးစားနေသူ တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒါဟာ ရန်ကုန်မြို့လို မြို့ကြီးပြကြီးနေရာမှာ တဖက်နိုင်ငံကို လူကုန်ကူးဖို့ ကြိုးစားနေတာကို ဒေသခံနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပထမဆုံးအကြိမ် ဖမ်းဆီးနိုင်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းတာဝန်ခံ ရဲမှုးကြီးကပြောပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်ဘက်မှာ မြန်မာမိန်းကလေး (၃)ယောက်ကို တရုတ်နိုင်ငံကို လူကုန်ကူးဖို့ စီစဉ်နေကြတယ်ဆိုတဲ့ တရုတ်နိုင်ငံသား (၃)ဦးနဲ့ ဇနီးမောင်နှံဖြစ်ကြတဲ့ မြန်မာနိုင်ငံသား (၂)ဦးကို လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ ကြည့်မြင်တိုင် ရဲတပ်ဖွဲ့ပူးပေါင်းပြီး ဇူလိုင်လ (၂၃)ရက်နေ့က ဖမ်းဆီး ခဲ့ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ရန်ကုန်တိုင်း တာဝန်ခံ ရဲမှုးကြီး ရဲဝင်းအောင်က ဗွီအိုအေကိုအခုလိုပြောပြပါတယ်။

" အိမ်ရှင်ပေါ့နော်။ မြန်မာက အိမ်ရှင် အိမ်ရှင်ဆိုတာ တရုတ်လူမျိုး ဆိုပေမဲ့ မြန်မာနိုင်ငံသားပေါ့။ ထွန်းနိုင်ဆိုတာ သူတို့နှစ်ယောက်ကို အဓိက အရေးယူတာပေါ့။ တရုတ်နိုင်ငံက လာတဲ့သုံးယောက်ကကျတော့ ကျနော်တို့က သူတို့ကို ဒီအမှုမှာ ပူးပေါင်းပါဝင်တယ်ဆိုတဲ့ သဘောနဲ့ အမှုဖွင့်တာ။  သူတို့က အဓိကတော့ မဟုတ်ဘူးပေါ့နော်။ သူတို့က ဒီကိုလာတဲ့ပုံစံက တရားဝင်ပေါ့ အလည်လာတယ်ဆိုတဲ့ပုံစံမျိုး လာပြီးတော့မှ ဒီလိုမျိုး ပြဿနာ ဖြစ်သွားတာလေ။ အခုစိစစ်နေတုန်းပဲရှိသေးတယ်။ သူတို့ကို ကျနော်တို့က ဘယ်လိုပုံစံနဲ့ လာသလဲ ကျနော်တို့ မသိသေးဘူးခင်ဗျ။ လက်ရှိဖြစ်သွားလို့ ဥပဒေအရ ကျနော်တို့က အရေးယူထားတာ။  "

မေး။    ။ အဲ့တော့ သူတို့ကို ဘယ်ပုဒ်မတွေနဲ့ အရေးယူထားလဲရှင့်။

" ခေါ်ထားတဲ့ မိန်းကလေးတွေကတော့ အသက်တွေကတော့ ၁၉နှစ်တို့၊ ၂၀တို့၊ အဓိကတယောက်ကတော့ ၃၄နှစ်ပေါ့နော်။ မိန်းကလေးတွေဖြစ်တဲ့အတွက် မိန်းကလေးတွေကို လက်ဝတ်လက်စားတွေ ဝယ်ပေးတယ်။ ပြီးတော့ သူတို့မိဘတွေကို ငွေကြေးထောက်ပံ့မယ်ဆိုပြီးတော့ ပြောဆိုစည်းရုံးပြီးတော့မှ ခေါ်ဖို့လုပ်တဲ့အတွက် ကျနော်တို့က လူကုန်ကူး ပုဒ်မ ၂၄/ ၃၂ နဲ့ အရေးယူထားပါတယ်။"

မေး။    ။ အခုလို တဖက်နိုင်ငံကို လူကုန်ကူးဖို့ ကြိုးစားနေသူတွေကို ရန်ကုန်မြို့မှာ ရဲမှုးကြီးတို့ ဖမ်းတာ ပထမဆုံးအကြိမ်လားရှင့်။

"ရန်ကုန်မှာတော့ ဒီဟာက ပထမဆုံးပေါ့နော်။ အရင်တုန်း ကတော့ ဒီက မြန်မာမိန်းကလေးတွေက ဒီကနေ တဆင့် တရုတ်ပြည် ရွှေလီတို့ မူဆယ်တို့ မူဆယ်ကနေ တဆင့် တဖက် တရုတ်လူမျိုးတွေဆီကို တရုတ်မယား အဖြစ် ရောင်းစားတဲ့ ကေ့စ်အဖြစ်ပဲ ကျနော်တို့က အမှုဖွင့်ကြရတာပေါ့နော်။

အခုကတော့ ဒီဖြစ်စဉ်တွေက ကျနော်တို့ဆီကို ရောက်လာပြီးတော့မှ ဒီမှာရှိတဲ့ လက်ခံ ပြည်တွင်းမှာ ရှိတဲ့ လက်ခံတဲ့သူတွေက တရုတ်လူမျိုးတွေနဲ့တွေ့ပေးမယ် ဆိုပြီးတော့ သူတို့ကနေ အလည်ခေါ်တယ် ခေါ်ပြီးတော့မှ ဒီမိန်းကလေးတွေကို လက်ထပ်စာချုပ်ပုံစံမျိုး လုပ်ပြီးတော့ ထည့်ပေးမယ်ဆိုတဲ့ပုံစံမျိုး လုပ်တာပေါ့။"

လူကုန်ကူးဖို့ ကြိုးစားနေသူတွေကို ၀ိုင်းဝန်းဖေါ်ထုတ်ခဲ့တဲ့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီးရေးရာ တာဝန်ရှိသူတဦးဖြစ်တဲ့ မမီးမီးကလည်း တရုတ်နိုင်ငံသား (၃)ဦးကို သူကိုယ်တိုင်မေးမြန်းခဲ့တဲ့ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

"ကျမတို့ သူတို့ကိုမေးတယ်ပေါ့နော်။ စကားပြန်နဲ့မေးတယ်။ နင်တို့ ဘာလာလုပ်တာလဲ ဆိုတော့။ ငါတို့တရုတ်ပြည်မှာတဲ့ မိန်းမ အရမ်းရှားတယ်တဲ့။ အဲ့တော့ ငါတို့ကတဲ့ တရားဝင် ပတ်စပို့နဲ့ လာတယ်တဲ့။ ပြီးတော့ ငါတို့ကတဲ့ နင်တို့ မြန်မာပြည်က မိန်းမတွေကိုတဲ့။ ငါတို့က ပိုက်ဆံပေးတယ်တဲ့။ ပြီးတော့ တရားဝင် ပေါင်းမှာပါတဲ့။ ငါတို့က မိန်းမ လာဝယ်တာပါတဲ့။ အဲ့တော့ တဖက်နိုင်ငံသားတယောက်က မြန်မာနိုင်ငံသား အမျိုးသမီးကို မိန်းမ လာဝယ်တာပါဆိုတဲ့ ပြောတဲ့စကားမျိုးလောက် ကျမတို့ ခံရခက်တာ နာကျည်းတာမရှိဘူးပေါ့နော်။ "

ရန်ကုန်မြို့မှာ လူကုန်ကူးသူတွေဟာ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ဒုက္ခရောက်နေတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်အများစုကို ပစ်မှတ်ထား လာနေတယ်လို့ မမီးမီးကပြောပါတယ်။

" မြန်မာနိုင်ငံမှာ လူကုန်ကူးတိုက်ဖျက်ရေးတွေ လုပ်တယ်။ ပညာပေး ဟောပြောပွဲတွေ လုပ်တယ်ပေါ့နော်။ ဒါပေမဲ့ တကယ်တမ်း လူကုန်ကူးမယ်လို့ ယူဆတဲ့ အမှုတခု ကို တွေ့လာပြီဆိုတဲ့အခါမှာ အဲ့ဒီ့အမှုကို လူကုန်ကူးမှုမြောက်အောင် တည်ဆောက်ဖို့က တော်တော်ကြီးကို ခက်ပါတယ်။ ငါးရှဥ့်ဖမ်းရသလိုပဲပေါ့နော်။ အပေါက်တပေါက်ရှာပြီးတော့ လွတ်လွတ်ထွက်သွားတဲ့အမှုတွေ အများကြီး ကြုံရတယ်။ ဒါပေမဲ့အမှုတိုင်းမှာ တရားခံတွေကို လက်လွှတ်ပေးလိုက်ရပေမဲ့ မြန်မာအမျိုးသမီးတွေကိုတော့ ကျမတို့ ကယ်လိုက်နိုင်တယ်ပေါ့နော်။ "

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် နိုင်ငံတကာလက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက်မှု ပြည့်မီချက် မရောက်သေးဘူးဆိုပေမဲ့ အရင် နှစ်တွေကထက်စာရင် ကြိုးပမ်းလုပ်ဆောင်မှုတွေ တိုးတက်လာတွေရှိလာတယ်လို့ ဖေါ်ပြထားပါတယ်။ လာမယ့် တနင်္လာနေ့မှာတော့ ၂၀၁၅ နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေး နှစ်ပတ်လည်အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ဖို့ရှိပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
..........................................................

25 July 2015 10:13(+0630)

မြန်မာ့အလင်း     ရန်ကုန် ဇူလိုင် ၂၄

 ကြည့်မြင်တိုင်မြို့နယ်အတွင်း မိခင်ဖြစ်သူက မိမိ၏သမီးကို တရုတ်နိုင်ငံသားထံ သားမယားအဖြစ် ရောင်းစားမှုကို ဇူလိုင် ၂၂ ရက် ညက တာဝန်သိပြည်သူများက သတင်းပေး တိုင်ကြားရာမှ ကြည့်မြင်တိုင်မြို့မ ရဲစခန်းနှင့် အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်) တို့က ဆက်နွှယ်သူများကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ဆေး ဖော်ထုတ်မှုများအရ တရုတ်နိုင်ငံသား တရုတ်လူမျိုး SHAO- HUASHENG၊ XU- GAOREN၊ JIANG DIAPFANG နှင့် XU-ZHANGYU တို့ လေးဦးမှာ ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း မြောက် အနောက်ရပ်ကွက် ကမ်းနား လမ်းနေ ထွန်းနိုင်(ခ) ကျန်ရီမင်းနှင့် ¤င်း၏ဇနီး မအေးအေးသန်းတို့၏ ဖိတ်ခေါ်ထားမှုကြောင့် တိုက်ခန်းသို့ ရောက်ရှိနေပြီးဖြစ်သည်။

ထွန်းနိုင်(ခ) ကျန်ရီမင်းနှင့် ၄င်း၏ဇနီးတို့က ကြည့်မြင်တိုင်မြို့နယ် အတွင်းနေသူများဖြစ်သည့် မြန်မာ အမျိုးသမီးငယ် မယုယုထွေး(၂ဝနှစ်)၊ မသီရိမေ (၃၄နှစ်)၊ မလွင်မိုးဖြူ (ခ) ဖြူမ (၁၉နှစ်) တို့နှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများကို တရုတ်အမျိုးသား များနှင့် လက်ထပ်ယူပါက တစ်ဦးစီ အတွက် ငွေကျပ်သိန်း ၃ဝ အပြင် ငွေကျပ် ၁၅ သိန်းတန်ဖိုးရှိ ရွှေ တစ်ဆင်စာကို တရုတ်တို့က ကြိုတင် ပေးမည်ဖြစ်ကြောင်း စည်းရုံးလာ သဖြင့် ၎င်းမိန်းကလေးသုံးဦးက မိဘတို့၏ သဘောတူညီချက်နှင့်အတူ လက်ခံခဲ့ကြကြောင်း သိရသည်။

ငွေကျပ် ၁၅ သိန်းတန်ဖိုးရှိ ရွှေ ဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေ နားကပ်များကို တရုတ်တို့ထံမှ ငွေကို ယူ၍ မိဘအုပ်ထိန်းသူများနှင့် ဝယ်ယူ ပေးခဲ့ကြပြီးနောက် မသီရိမေ အား တရုတ်အမျိုးသား JIANG DIAPFANG နှင့် လည်းကောင်း၊ မယုယုထွေးအား တရုတ်အမျိုးသားXU-ZHANGYU နှင့်လည်းကောင်း၊ မလွင်မိုးဖြူအား တရုတ်အမျိုးသား XU-GAOREN နှင့် လည်းကောင်း လက်ထပ်ပေးစားရန် လက်ထပ်စာချုပ် များဖြင့် ကြိုတင်စီစဉ်ထားခြင်း၊ နိုင်ငံကူးလက်မှတ်များ ကြိုတင်ပြုလုပ် ပေးထားခြင်း၊ တရုတ်သံရုံးတွင် ဗီဇာ လျှောက်ထားရန် စီစဉ်မှုများ ပြုလုပ် ခဲ့သည်။

ထို့အပြင် မသီရိမေနှင့် မယုယု ထွေးတို့အား လက်ထပ်ခြင်းမပြုမီ ၎င်းတို့နှင့် ပေးစားမည့်တရုတ်အမျိုးသားများနှင့် Silver Moon Hotel သို့ ပို့ဆောင် ညအိပ်ခိုင်းခြင်းများ ပြုစေခဲ့သည်။

ထို့အပြင် ယခင်တစ်ကြိမ်က လည်း ထွန်းနိုင်(ခ) ကျန်ရီမင်းက ၄င်း၏ ညီမဝမ်းကွဲတော်စပ်သူ တစ်ဦး အား မြန်မာနိုင်ငံ၌ပင် ယခုကဲ့သို့ တရုတ်အမျိုးသားတစ်ဦးနှင့် ပေးစား လက်ထပ်စေခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ် ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်) မှ စစ်ဆေးဖော်ထုတ်ချက်အရ တရုတ် အမျိုးသားများဖြစ်သည့် XU-GAOREN(၃ဝနှစ်)နှင့်၊ XU-ZH- ANGYU (၂၉နှစ်)၊ JIANG DIAPFANG(၄၅နှစ်) ၊ ထွန်းနိုင်(ခ) ကျန်ရီမင်းနှင့် ၎င်း၏ဇနီး မအေးအေး သန်းတို့ကို ကြည့်မြင်တိုင်မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ထို့အပြင် ယင်းဖြစ်စဉ်တွင်ပါဝင်ခဲ့ သောတရုတ်လူမျိုး SHAO-HUASH ENG (၃၆နှစ်)ကို မြန်မာမိန်းကလေး များအား နိုင်ငံသားမဟုတ်သူများနှင့် လက်ထပ်ထိမ်းမြားရန် စီစဉ်မှု၊ တရား ဝင် နည်းလမ်းမဟုတ်သော ငွေရေး ကြေးရေးအပေးအယူဖြင့် ပူးပေါင်း ကြံစည်သူတစ်ဦးအဖြစ် စစ်ဆေး တွေ့ရှိရသည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄/၃၂ ) အရ တရားစွဲဆိုဆောင်ရွက် နိုင်ရန် ဥက္ကဋ္ဌ ဦးရဲလင်းအောင် ဦးဆောင်သော ကြည့်မြင်တိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ အမှတ်စဉ် (၈/၂ဝ၁၅) အစည်းအဝေးအရ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကြည့်မြင်တိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင် သဇင်၊ မြမြထွေးနှင့် အဖွဲ့ဝင်များက ရောင်းစားခံ အမျိုးသမီးသုံးဦးကို မြို့နယ်ရုံးတွင် ခေါ်ယူတွေ့ဆုံ၍ နှစ်သိမ့်ဆွေးနွေးအားပေးစကားများ ပြောကြားခဲ့သည်။

ဘော်ဂါသွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
......................................................................................................................................

Byသန်းဌေး      7day

ရန်ကုန်မြို့သို့ လာ ရောက်ကာ မြန်မာအမျိုးသမီးများ အား လက်ထပ်ခေါ်ဆောင်ရန် စီ စဉ်နေသော  တရုတ်နိုင်ငံသား သုံးဦးကို  လူကုန်ကူးမှုဖြင့် ပထမ ဆုံးအကြိမ်  ဖမ်းဆီးခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ   ရဲမှူးရဲဝင်းအောင်က ပြောသည်။

 နယ်စပ်တွင် တရုတ်နိုင်ငံ သားများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည်များ ရှိသော်လည်း ထွက်ပြေးတိမ်းရှောင်ခြင်း၊ ပြစ်မှုကျူးလွန်သူကို မသိရှိခြင်းတို့ ကြောင့် လက်ရဖမ်းဆီးနိုင်ခဲ့ခြင်း မရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
  တရုတ်နိုင်ငံသား သုံးဦး သည် အိမ်ထောင်ရှိသော အမျိုး သမီးအပါအ၀င်  ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်  တစ်ဖက်ကမ်းမှ အသက်(၁၉) နှစ်အရွယ်နှင့် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးတို့ကို  လက်ထပ်စာချုပ်ချုပ်ဆို၍  တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် စီစဉ်နေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ နယ်တွင် နေထိုင်သော ဇနီးမောင် နှံသည် တရုတ်နိုင်ငံသား သုံးဦး ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာ ပြီး  မြန်မာအမျိုးသမီးသုံးဦးနှင့် လက်ထပ်စာချုပ်စာတမ်းပြုလုပ် ၍ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် စီစဉ်ခြင်း ဖြစ်သည်။
 ‘‘သူတို့က အရင်ကလည်း ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့ဖူးတယ် လို့ သိရတယ်။ ရန်ကုန်မြို့မှာ ဒါ မျိုးလုပ်တာ ရှိချင်လည်း ရှိနေ နိုင်တယ်။ အခုကတော့ ပထမ ဆုံးအကြိမ် ဖမ်းမိတာပဲ။ သူတို့ တွေက ဗီဇာနဲ့တော့ တရားဝင်ပုံစံဝင်လာပြီး ဘယ်လိုလမ်းကြောင်းကနေ ၀င်လာတယ်ဆိုတာ စစ်ဆေးနေတုန်းပဲ။ စစ်ဆေးပြီးရင်တော့ ဖြစ်စဉ်ကို တင်ပြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ဖို့ လုပ်မှာပါ’’ဟု ရဲမှူးရဲဝင်းအောင်က ပြောသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၂ ရက် ည ၁၀ နာရီခန့်က ကြည့်မြင်တိုင် မြို့နယ် သီတာရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ရှိသော အသက် (၂၀)နှစ်အရွယ်သမီးဖြစ်သူကို တရုတ်နိုင်ငံသားတစ်ဦးထံ ဇနီးမယားအဖြစ် ရောင်းချသဖြင့်ရပ်ကွက်နေ ပြည်သူများက  ရဲတပ်ဖွဲ့ထံသို့ အ ကြောင်းကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းစစ်ဆေးရာ ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်းရှိ တိုက်ခန်းခြောက်လွှာတွင် ကွတ်ခိုင်မြို့မှ ဇနီးမောင်နှံနှင့် တရုတ်နိုင်ငံ သားနှစ်ဦးကို  အခြားမြန်မာအမျိုးသမီးနှစ်ဦးနှင့်အတူ တွေ့ရှိခဲ့သည်။
၎င်းတို့ကို ဆက်လက်စစ် ဆေးရာ လှိုင်မြို့နယ် ရွာမကွေ့ အနီးရှိ Silver Moon Hotel တွင် တည်းခိုနေသော အသက် (၂၀) နှစ်အရွယ် အိမ်ထောင်ရှိ အမျိုး သမီးကို တရုတ်နိုင်ငံသားတစ်ဦး နှင့်   စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း  ရဲတပ်ဖွဲ့က ဆိုသည်။
‘‘သူတို့ကို လူကုန်ကူးမှုနဲ့ ဖွင့် ပြီး အရေးယူထားတယ်။ တရားစွဲ ပြီး တရားရုံးမှာ ရုံးတင်စစ်ဆေး မယ်။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံထဲမှာ ကျူးလွန် လို့ ကျွန်တော်တို့ဥပဒေနဲ့ အရေး ယူမယ်။ အစိုးရအချင်းချင်း ဘယ် လိုပဲ ညှိနှိုင်းတာဖြစ်ဖြစ် တရားရုံး မှာ ရှင်းရမှာပဲ’’ဟု ကြည့်မြင်တိုင် မြို့မရဲတပ်ဖွဲ့မှူးရဲမှူးစိုးသင်းက ပြောသည်။
‘‘ပိုက်ဆံ ကျပ် ၁၅ သိန်း ပေးပြီး ရွှေတွေ အရင်ဝယ်ဆင်ပေးထားတယ်။ တရုတ်နိုင်ငံကို ခေါ်သွားတဲ့ အချိန်ကျရင် မိဘတွေ ကို ကျပ်သိန်း ၃၀ ထပ်ပေးမယ်လို့ ပြောထားတယ်။ တကယ်ပေး၊ မပေးတော့ မသိဘူးပေါ့။ အခုလို ဖမ်းမိလိုက်တော့’’ ဟု ရဲမှူးရဲဝင်း အောင်က ပြောသည်။
မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက ဇနီး မယားအဖြစ် ပေါင်းသင်းရန် လူ ကုန်ကူးမှုများ နယ်စပ်ဒေသများ တွင် ဖြစ်ပွားလေ့ရှိသော်လည်း တရုတ်နိုင်ငံသားများကို ဖမ်းဆီး ရမိမှု မရှိခဲ့ဘဲ ယခုအခါ ရန်ကုန် မြို့တွင် မြန်မာအမျိုးသမီးများကို လာရောက် ခေါ်ဆောင်သော တရုတ်နိုင်ငံသားများကို ပထမဆုံးအကြိမ်  ဖမ်းမိခဲ့ခြင်း  ဖြစ်သည်။
တရုတ်နိုင်ငံသားသုံးဦးကို ထောင်ဒဏ် ၁၀  နှစ်မှ အနှစ် ၂၀ အထိ  ချမှတ်နိုင်သော  လူကုန်ကူးမှု ပုဒ်မ ၂၄ ဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းက ဇူလိုင် ၂၃ ရက်တွင်အမှုဖွင့် လိုက်ကြောင်း ရဲမှူးရဲဝင်းအောင်က ပြောသည်။
 ...................................................................................................................................................

24 July 2015

“လိပ်ကျွန်းလူသတ်မှုဇါတ်ရှိန်မြင့်လာတယ်လို့ မြန်မာရှေ့နေပြော”

                     
၂၀၁၅ ဇူလိုင်လ ၂၄ ရက်
မြတ်ညို (အလွတ်သတင်းထောက်)


  ဗြိတိန်နိုင်ငံသားစုံတွဲ ရက်ရက်စက်စက်သတ်ဖြတ်ခံမှုဖြင့် စွတ်စွဲချုပ်နှောင်ခံနေရသော မြန်မာအလုပ် သမား၂ဦးတို့၏ အမှုတွဲအား ၃ရက်မြောက်စစ်ဆေးအပြီးတွင် မြန်မာသံရုံး အထူးစုံစမ်းရေးကော်မတီဝင်
 မြန်မာ ရှေ့နေကြီး ဦးအောင်မျိုးသန့်က လူသတ်မှု ထွက်ဆိုချက်တွေ ဇါတ်ရှိန်မြင့်လာကြောင်း ပြောဆိုလိုက်
သည်။

 ၂၀၁၅ ခု  ဇူလိုင်လ ၂၂၊ ၂၃၊ ၂၄ တို့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးတွင် တရားလိုပြ သက်သေအချို့ကို စစ်ဆေးခဲ့သည်။ တရားခွင့်၏ နောက်ဆုံးရက်ဖြစ်သော ယနေ့တွင် တရားသူကြီး က DNA  နှင့် သက်သေခံပစ္စည်းတို့အား ပြန်လည်စစ်ဆေးခွင့်ပြုကြောင်း ခွင့်ပြုမိန့်ချမှတ်ခဲ့သည်။

         ယနေ့တရားရုံးချိန်ကို နံနက် ၉နာရီကျော်ကစတင်ခဲ့ပြီးညနေ ၄နာရီခန့်တွင်ပြီးဆုံးခဲ့သည်။ ယနေ့ တွင် အလောင်းကို စစ်ဆေးရသော မှုခင်းဆရာဝန်ကြီး၂ဦးက အလောင်းတွင်တွေ့ရှိသော ဒဏ်ရာများကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းကို ဖတ်ပြတင်သွင်းသွားခဲ့သည်။ ဒဏ်ရာတွေ့ရှိချက်များကို တင်ပြသွား
ခြင်းဖြစ်သဖြင့် အကျိုးဆောင်ရှေ့နေများအနေဖြင့် အငြင်းပွားဖွယ်ရာ မေးမြန်းစရာ အထွေအထူးမရှိခဲ့ချေ။

          ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင် နာယက အဖြစ် ဦးဆောင်၍ ဖွဲ့စည်းထားသော  အထူးစုံစမ်းရေးကော်မတီဝင် မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် က“ တရားလိုပြ သက်သေတွေထွက်ဆို
ချက်တွေမှာ ကွဲလွဲချက်တွေ၊ ခိုင်မာမှုမရှိတာတွေ တွေ့ရှိရပါတယ်။ သူတို့က ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို တရားခံအဖြစ်  အတင်းတွန်းချနေပေမယ့် ကျနော်တို့ဘက်ကလည်း ရရှိထားတဲ့ သက်သေတွေ အထောက် အထား တွေနဲ့ တင်ပြသွားနိုင်အောင် ပြင်ဆင်ထားပါတယ်။ ထုတ်ဖေါ်ပြောလို့ မရသေးတာတွေရှိပေမယ့် လည်း ဇါတ်ရှိန်ကတော့ တော်တော်ကောင်းလာပြီလို့တော့ပြောနိုင်ပါတယ်။ ကျနော်တို့ဘက်ကလည်း လုပ်စရာတွေအများကြီး ရှိပါသေးတယ်” ဟုပြောသည်။

          နောက်ထပ် တရားလိုပြသက်သေ  စစ်ဆေးရန်အတွက် သြဂုတ်လ ၁၈၊ ၁၉၊ ၂၀ နှင့် ၂၁ ရက်နေ့
တို့ကို သတ်မှတ်လိုက်သည်။ ရှေ့နေများကောင်စီမှ အကျိုးဆောင်ရှေ့နေများက လာမည့် တရားရုံးချိန် များတွင်တရား လိုပြသက်သေများ စစ်ဆေးရာတွင် မြန်မာများပါဝင်နိုင်သဖြင့် ထိုင်းနှင့်မြန်မာ အဆင့်မြင့် ဘာသာပြန်များလို အပ်ကြောင်း၊ သံရုံးအထူးစုံစမ်းရေးကော်မတီနှင့် ထပ်မံစည်းဝေးပွဲလုပ်ရန် လိုအပ်ကြောင်း ဦးအောင်မျိုးသန့်ကို ပြောဆိုသည်။

           

            

23 July 2015

“လိပ်ကျွန်းလူသတ်မှု ၂၃ရက်နေ့ စစ်ဆေးချက်များ”


         
           ၂၀၁၅ ခုနေ့ ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၉နာရီကနေ ညနေ ၈နာရီခွဲအထိ၊ ထိုင်းနိုင်ငံတောင်ပိုင်း အမှတ်(၈)ရဲတပ်ရင်းက ရဲအရာရှိကြီး က တရားလိုပြသက်သေအဖြစ်ထွက်ဆိုပါတယ်။ ဒီနေ့ နံနက် ၉နာရီက စပြီးနေ့လည် ၁၂ နာရီအထိလည်း အဲဒီရဲအရာရှိကပဲ သက်သေတင်ပြပါတယ်။

လူသတ်မှုဖြစ်စဉ်နဲ့ အနီးပတ်ဝန်းကျင်နေရာ ၁၂ခုတို့မှာ တပ်ဆင်ထားတဲ့ CCTV (လုံခြုံရေးကင်မရာ) တွေ
ကို ဆက်စပ်ပြသပြီး ဘောင်ဘီတိုအဖြူနဲ့ပြေးနေသူကို ၀င်းဇော်ထွန်း ဖြစ်တယ်လို့ ဓါတ်ပုံမှာ စာရေးထား ပါတယ်။

            ယခုအမှုတွဲကို တင်ပြတဲ့ အမှတ် (၈) ရဲအရာရှိဟာ တရားလိုပြသက်သေ ရဲတပ်ဖွဲ့ဝင်၅၀ခန့်
 လောက် သက်သေစါရင်းမှပါပေမယ့် ဒီအမှုကို ဆောင်ရွက်ဖို့ ရဲချုပ်ကညွန်ကြားတဲ့ ဦးဆောင်တာဝန်ရှိ
သူစါရင်းမှာမပါဝင် ဘူးလို့ ထိုင်းရှေ့နေများကောင်စီကပြောပါတယ်။


တရားခွင်မှာ အပြန်အလှန် အမေး အဖြေထုတ်ကြတာတွေက………………

ရှေ့နေ။    ။ ခင်ဗျားပြတဲ့ ဆိုင်ကယ်ပေါ်က A3ဟာ ၀င်းဇော်ထွန်းဖြစ်တယ်။ သူ ဘောင်းဘီ အတိုဝတ်လား                အရှည်ဝတ်လား။
ရဲအရာရှိ။    ။ မှုံနေလို့ အသေချာမမြင်ရဘူး။

ရှေ့နေ။    ။ ခင်ဗျားတို့က ၀င်းဇော်ထွန်း ပြေးနေပုံလို့ မဖမ်းမိခင်ကတည်းက ဓါတ်ပုံမှာစာရေးပြီး သတ်မှတ်                  ထားတယ်ဆိုတော့ဖမ်းမိတဲ့အခါ သူ့ကို ဘောင်းဘီတိုဝတ်ပြီး ပြေးခိုင်းကြည့်သလား။
ရဲအရာရှိ။  ။ မပြေးခိုင်းဘူး။
ရှေ့နေ။   ။ မပြေးခိုင်းပဲနဲ့ ဒီဓါတ်ပုံက ပြေးနေသူကို ၀င်းဇော်ထွန်းလို့ ဘာကြောင့် တထစ်ချပြောနိုင်ရတာ                လဲ။
ရဲအရာရှိ။   ။ ပြေးနေတာသူနဲ့တူနေတယ်။

ရှေ့နေ။    ။ ည၂နာရီလောက်မှာ Hannah နဲ့ David တို့ AC ဘားထဲကို ၀င်သွားတာကို CCTV ထဲမှာ
                 တွေ့ရပေမယ့် သူတို့ ၂ယောက် ဘားထဲက ပြန်ထွက်တာကို ဘာကြောင့်မတွေ့ရတာလဲ။
ရဲအရာရှိ။    ။ ဟုတ်တယ် အ၀င်ပုံကို CCTV မှာ တွေ့ပေမယ့် အထွက်မှာ မတွေ့ရဘူး။
ရှေ့နေ။    ။ ဒါဆို အ၀င်သာရှိပြီး အထွက်မရှိတဲ့သဘောပေါ့။
ရှေ့နေ။    ။ လူသတ်မှုဖြစ်တဲ့အနားမှာ နံနက်ပိုင်းကရပ်ထားတဲ့ စပီးဘုတ်ရှိလား၊ ထွက်သွားတာတွေ ခင်                  ဗျားသိလား၊ အဲဒီအနားက CCTV တွေကိုကောကြည့်ဖြစ်လား။
ရဲအရာရှိ။    ။ လူသတ်မှုနဲ့ ဆိုင်မယ်မထင်လို့ ကျနော် ဘုတ်ကိုလည်း ဂရုမစိုက်မိသလို CCTV ကယ်မရာကို                လည်း မကြည့်ဖြစ်ဘူး။ ဒါပေမယ့် CSLA နဲ့ ဖေးဘွတ်ကမေးလို့သိရတယ်။
ရှေ့နေ။    ။ ဝေဖြိုး(၀င်းဇော်ထွန်း) လုပ်တဲ့အလုပ်ကနေ လကုန်ထိလုပ်ပြီး သူဌေးဆီက လခထုတ်ယူတာ                    ကို သိလား။
ရဲအရာရှိ။   ။ အဲဒါ ကျနော် မသိဘူး။
ရှေ့နေ။    ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ Hannah ရဲ့မျက်နှာမှာ ပုဝါအစိမ်းနုရောင် တစ်ထည်အုပ်ထား                     တယ်။ ဘယ်သူလာအုပ်တာလဲ၊ ခင်ဗျားသိလား။
ရဲအရာရှိ။   ။ ဘယ်သူလာအုပ်ထားလဲမသိဘူး။ သက်သေခံပစ္စည်းတွေ သိမ်းဆည်းတဲ့အခါ ပုဝါအစိမ်းနု
                ရောင် မတွေ့မိဘူး။


          

“ဘန်ကောက် အုန်းယိုင် Big C ကုန်တိုက်နားက ပွဲစားရုံးမှာ ၄,၆၀၀ ဈေးပေါက်ပြီ”

                 
၂၀၁၅ ခု ဇူလိုင်လ ၂၃ ရက်           ကိုခွန်


           ဘန်ကောက်မြို့ဖက်ကဆင်လမ်း အုန်းယိုင် Big C အနီးတွင် မြန်မာနိုင်ငံသားစီစစ်ရေးအတွက် ဖွင့်လှစ်ထားသော စာရင်းကောက်ဌာနတွင် အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၄,၆၀၀ နုန်းသတ်မှတ်ပြီး စရံ 
ငွေ ၉၀၀ နုန်းဖြင့် လက်ခံနေပြီဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးကပြောသည်။

  ဆိုင်းဘုတ်ကပ်ထားသည့် ရုံးတာဝန်ခံ မမိုးစန္ဒာ(ခ) မမိုးမိုး က“ ကျမတို့က  ခေါက်မုံ (အချက်အလက်) ယူတာနဲ့ ဘတ်ငွေ ၉၀၀ ယူတယ်၊ ကားခမပါဘူး။ အားလုံး ၄,၆၀၀ ကျမယ်” ဟုပြောသည်။

           MAT အဖွဲ့သတင်းထောက်သွားရောက်စုံစမ်းပြီးနောက်၊ အုန်းယိုင်အနီးဝန်းကျင်တွင် ပတ်စပို့ဝန်
  ဆောင်မှုပေးနေသည့် အကျိုးဆောင်၁ဦးလည်း အဆိုပါရုံးသို့ ယနေ့ သွားရောက်စုံစမ်းခဲ့သည်။  

   “သူတို့ပြောတာကတော့ သံရုံးကအသိအမှတ်ပြုထားတဲ့ကုမ္ပဏီဖြစ်တယ်တဲ့။ ကျနော်တို့နားလည်တာက မှတ်ပုံတင်နဲ့ သန်းခေါင်စါရင်းရှိလို့ အနီရောင်ပတ်စပို့လုပ်ပေးမလားပေါ့။ သူက အစိမ်းရောင် CI စာအုပ်ထုတ်ပေးဖို့အတွက် အချက်လက်၂၇  ချက်လာကောက်တာ။ စရံ ၉၀၀ ပေးရမယ်ပြောတယ်။ ဗမာအစိုးရ ဗမာသံရုံးကို ခုတုံးလုပ်ပြီးလုပ်တာလား၊ ကိုယ့်ဗမာပြည်သားတွေ ၂ခါ ၃ခါ နစ်နာမယ့်ပုံစံမျိုး၊ အလိမ်ခံရတဲ့ ပုံစံမျိုး မဖြစ်စေချင်ဘူး။ မှန်မှန်ကန်ကန်လည်းရှိမယ်၊ အကျိုးအမြတ်ကျန်ရင် ကျနော်တို့လည်းလုပ်မှာပဲ၊ ကျနော်တို့ လည်း ပတ်စပို့ဝန် ဆောင်မှု ပေးတဲ့ပွဲစား ကုမ္ပဏီပါပဲ။ ဒါပေမယ့် ခုဟာက ဘာမှန်းလည်းမသိဘူး လူလည်လာ လုပ်တာက အသဲယားစရာပဲဗျ” ဟုပြောသည်။

        ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “အစိုးရပဲလုပ်လုပ် ပွဲစားပဲလုပ်လုပ် အလုပ်သမားတွေအတွက် အကာအကွယ်ဖြစ်ဖို့ တာဝန်ခံဖို့လိုပါတယ်။ ငွေကုန်ခံပြီး ပတ်စပို့လည်းလုပ်ရ၊ ၀တ်ပါမစ်လည်းလုပ်ရ၊ ပုလိပ်ဖမ်းတာလည်းခံရဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ အချက်၂၇ ချက်ကောက်ပြီးကိုယ်ကျိုးရှာကြ၊ ပတ်စပို့လုပ်ပြီးကိုယ်ကျိုးရှာကြသလို ငါတို့ လုပ်ပေးထားတဲ့ ပတ်စပို့စာအုပ်အတွက် ငါတို့မှာတာဝန်ရှိတယ်ဆိုတဲ့ တာဝန်ခံလိုတဲ့စိတ်ရှိဖို့လိုပါတယ်။ 

       အဲဒီလိုမဟုတ်ပဲ ထိုင်းမှာကျွန်းခံနေတဲ့ လူတန်းစားကို လုပ်ပိုင်ခွင့်နဲ့ အနိုင်ကျင့်ပြီး ငါရရင်ပြီးရော့ပုံစံမျိုးတော့မဖြစ်စေချင်ဘူး။ တရားဝင် အလုပ်သမားတစ်ယောက်ကို ရာဇ၀တ်မှုတစ်ခုခု မကျူးလွန်သရွေ့ကာ လပတ်လုံး ဘယ်အကြောင်းနဲ့မှ ထိုင်းရဲ မဖမ်းဆီးအောင်ကာကွယ်ပေးရမယ့်တာဝန်က မြန်မာအစိုးရဲ့ တာဝန်ပဲဖြစ်တယ်။ ဒီလိုဖြစ်ဖို့အတွက် လုပ်ပုံလုပ်နည်းလိုတယ်” ဟု ပြောသည်။

       မြန်မာအလုပ်သမားများအား အချက်၂၇ ချက်ကောက်ခံရေးအတွက် ပွဲစားများအဖွဲ့ချုပ် MOEAF က
ပွဲစားထိပ်သီး ၄၁ဦးတို့ ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိလာပြီး မြန်မာသံရုံးသို့ ချဉ်းကပ်နေကြသော်လည်း မြန်မာသံရုံးမှ အဆိုပါအစီအစဉ်ကို လက်မခံကြောင်း သံရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

             ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတရားဝင်ရော တရားမ၀င်ပါ အလုပ်သမား လေးသန်းဝန်းကျင်ခန့် ရှိသည်။ ထိုအထဲ သုံးသန်းကျော်မှာ ပတ်စပို့လုပ်ကိုင်ထားကြသည်။ ထိုအလုပ်သမားများသည်အနည်းဆုံးဘတ်၁၀၀မှ ဘတ်၃၀၀အထိပွဲစားများကိုပေး၍ ၃လတစ်ကြိမ် နေထိုင်ခွင့် တံဆိပ်တုံးထပ်မံထုရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများမှာ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့နှင့် အလုပ်လုပ်ကိုင်ခွင့် ၀တ်ပါမစ်များ လုပ်ကိုင်ထားကြသော်လည်း ထိုင်းရဲဖမ်းဆီးငွေတောင်းခြင်း ကိုခံကြရသည်။ ထို့ကြောင့် ပတ်စပို့ရှိသော်လည်း ပုလိပ်မြင်လျှင် ကြောက်နေကြရကြောင်း မြန်မာအလုပ်သမားများကပြောကြပါသည်။

         ၂၀၀၃ မှ ၂၀၀၉ ကာလအတွင်း ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ထက်ဆင်လက်ထက်က ရွှေ့ပြောင်းအလုပ် သမားများအား ပန်းရောင်ဘတ်ကဒ်ထုတ်ပေးခဲ့သည်။ နယ်မြေဖြတ်ကျော်လျှင်လုပ်ငန်းရှင် ထောက်ခံစာ လို အပ်သည်။ အကယ်၍ မပါရှိပါက ဒဏ်ငွေ ၅၀၀ ဘတ် ပေးလျှော်စေသည်။ ထိုပန်းရောင်ကဒ်သည် တစ်နှစ်စာ အလုပ်လုပ်ခနှင့် တစ်နှစ်အတွင်း ကျမ္မာရေးစောင့်ရှောက်ခ ဘတ်ငွေ ၃,၈၀၀ သာကုန်ကျခဲ့သည်။

          ၂၀၀၂ ကာလခန့်အထိ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအား ဆိုးဆိုးဝါးဝါး ဖမ်းဆီးခြင်း၊ အလုပ်ရုံများမှ မန်နေဂျာနှင့် လုပ်ငန်းရှင်များသည် အလုပ်သမားများထံမှ နေထိုင်ခွင့်လုပ်ငန်းစဉ်မှ အမြတ်ထုတ်ရမှန်း မသိခဲ့ကြချေ။ ၂၀၀၉ ခုနှစ်သို့ရောက်သည့်အခါ မြန်မာနှင့်ထိုင်းအစိုးရတို့သည် ယာယီပတ်စပို့လုပ်ငန်းစဉ်တို့အား ထိုင်းနှင့် မြန်မာပွဲစားများကြားခံ၍  လုပ်ကိုင်ခဲ့သည့်နောက်ပိုင်းမှ စတင်၍ မြန်မာအလုပ်သမားများထံမှ အကျိုးအမြတ်ကြီးမားမှုအခြေအနေများကို ထိုင်းတို့သိရှိသွားခဲ့ကြခြင်းဖြစ်သည်။

         ပတ်စပိုလုပ်ငန်းစဉ်၏ အားနည်းချက်များကို အခွင့်ကောင်းယူ၍ မြန်မာအလုပ်သမားများမှာ ငွေကြေး အမြောက်အများကုန်ကျခဲ့ကြရသည်။ သို့သော် ထိုပတ်စပို့ကိုင်ထားသည်ကို ထိုင်းလူမျိုးနှင့်ထိုင်းရဲများက 
စက္ကူ စုတ်ကဲ့သို့ တန်ဖိုးမဲ့စွာ ပြုမူနေသည်မှာ ခြင်္သေ့ကနုတ်ပန်းရုံထားသော ကျက်သရေရှိသည့်  မြန်မာနိုင်ငံတော် တံဆိပ်အနေဖြင့် လွန်စွာမျက်နှာငယ်ရသလိုခံစားရသည်ဟု ဦးကျော်သောင်း ကဆိုသည်။  


           မည်သည့်အစီအမံမျိုးမဟူ ယခင်ထက်ယခုသည် ပိုမိုးဆိုးဝါးရန်မသင့်ပဲ ပိုမိုကောင်းမွန်သင့်သည်။ အကယ်၍ ယခင်ကောင်းမွန်နေရာမှ ယခုအခြေအနေဆိုးဝါးသွားပါက ၎င်းအစီအစဉ်အား စီမံခန့် ခွဲသူများ၏ အရည်အချင်းညံ့ဖျင်းမှုကြောင့်ဖြစ်ကြောင်း MAT အဖွဲ့က စိတ်မကောင်းစွာထောက်ပြသည်။