08 April 2017
ထိုင်း အထောက်အထား လက်မှတ်အတွက် မြန်မာများ အပိုငွေ ထောင်ချီ ပေးနေရ
ဧရာဝတီသတင်းဌာန  ၇.၄.၂၀၁၇ ခင်ဦးသာ
     ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား လက်မှတ် CI (Certificate of Identity) များထုတ်ပေးရာတွင်ထိုင်းဘတ်ငွေ ထောင်နှင့်ချီ၍ အပိုပေးဆောင်နေရကြောင်း သိရသည်။
         CI လက်မှတ်များကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ စတင်ထုတ်ပေးနေပြီး အစိုးရ၏ တရားဝင်သတ်မှတ်ထားသည့် ငွေ ပမာဏမှာ စာရင်းသွင်းကြေးအဖြစ် ထိုင်းဘတ်ငွေ ၃၀၀ နှင့် ဗီဇာကြေး ၅၀၀ အပါအဝင် စုစုပေါင်း ဘတ်ငွေ ၉၁၀ (ကျပ် ၄၀၀၀ ဝန်းကျင်) ဖြစ်သည်။
   သို့သော်လက်ရှိတွင် ဘတ်ငွေ ၄၅၀၀ မှ ၇၅၀၀ အထိ ကုန်ကျနေကြကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ က ဧရာဝတီ ကို ပြောသည်။
    မတရား တောင်းခံနေမှုများကို အရေးယူဖြေရှင်းပေးရန် မြန်မာအစိုးရ အာဏာပိုင်များထံ တင်ပြ တောင်းဆိုထားသော် လည်း တစုံတရာ ထူးခြားမှု မရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဌ ဦးအောင်ကျော် က ပြောဆိုသည်။
    ဦးအောင်ကျော် က “ငွေပိုတောင်းနေသူတွေက CI ထုတ်ပေးရေး စင်တာတွေနဲ့ ပူးပေါင်းလုပ်နေကြတဲ့ ပွဲစားတွေပါ၊ အလုပ် သမားတွေဟာ နိုင်ငံတော်က သတ်မှတ်နှုန်းထားထက် အဆပေါင်း မြောက်များစွာ ပေးဆောင်နေကြရတယ်၊ သံရုံးက တာ ဝန် ရှိသူတွေကလည်း ဒီကိစ္စတွေကို သိပေမယ့် ဒီနေ့အထိ တာဝန်ယူ ဖြေရှင်းတာမျိုး မရှိသေးပါဘူး” ဟုလည်းဆိုသည်။
        CI လက်မှတ်ထုတ်ပေးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်သည့် ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင် ကမူ ငွေပိုတောင်းခံမှုများ မရှိကြောင်း ဧရာဝတီ ကို ပြောသည်။
၎င်းက “ပွဲစားတွေနဲ့ လုပ်တဲ့အတွက် ငွေပိုပေးရတာတော့ ကျနော်တို့နဲ့မဆိုင်ပါဘူး၊ ပွဲစားခ သက်သာအောင်ဆိုပြီး 7 Eleven မှာ စာရင်းသွင်းဖို့ စီစဉ်ပေးထားတယ်၊ အဲဒီကို မသွားဘဲ ပွဲစားနဲ့လုပ်ရင်တော့ ပိုကုန်တာပေါ့၊ CI ထုတ်ပေးရေး စင်တာတွေ ကလည်းပဲ ငွေပိုတောင်းတာမျိုး မရှိပါဘူး”ဟုလည်း ပြောဆိုသည်။
        သို့သော် 7 Eleven တွင် စာရင်းသွင်း၍ ကိုယ်တိုင်ပြုလုပ်သူများ အနေဖြင့် ဗီဇာလျှောက်ထားရာတွင် ပွဲစားများနှင့် ပြုလုပ် သူများကဲ့သို့ အလွယ်တကူ မရရှိဘဲ အခက်အခဲအမျိုးမျိုးနှင့် ကြုံနေရကြောင်း CI ပြုလုပ်ခဲ့သည့် အလုပ်သမားများက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားနေကြသည်။
           ပွဲစားများနှင့် ပြုလုပ်သူများသည် CI လက်မှတ်အား အချိန်တို အတွင်း ရရှိကြောင်း သိရသည်။ IC ထုတ်ပေးရေးစင်တာများကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သား အများဆုံးရှိသည့် မဲဆောက်၊ မဟာချိုင်၊ ရနောင်း၊ မယ် ဆိုင်၊ ဆမွတ်ရကန်၊ ဆမွတ်ဆခါး စသည့် နေရာ ၆ ခုတွင် စခန်းဖွင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ထိုစင်တာများ၏ အထွေထွေကုန် ကျစရိတ်ကို နိုင်ငံတော် အစိုးရက ကျခံထားပြီး သတ်မှတ် စည်းကမ်းအတိုင်း လုပ်ဆောင် ရမည်ဟု စာချုပ် ချုပ်ဆိုထားကာ စည်းကမ်းချက်များ၌ ငွေပိုတောင်းခြင်း လုံးဝ မရှိစေရဟုလည်း ပါဝင်သည်။
ထိုစင်တာများအနက် မဟာချိုင်အရပ်၌ CI လက်မှတ် ထုတ်ပေးရေး စင်တာတာဝန်ရှိသူများသည် တုံကင် လက်မှတ်များ အား ၎င်းတို့နှင့်ပူးပေါင်း လုပ်ဆောင်နေသည့် ပွဲစားများထံ ရောင်းစားထားပြီး ထိုပွဲစားများမှ တဆင့် ပြန်လည် ဝယ်ယူ လျှောက်ထား ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း ကလည်း ဧရာဝတီ ကို ပြောသည်။
     CI နှင့် ပတ်သက်၍ အလုပ်သမားများထံမှ မတရား ခေါင်းပုံဖြတ် အမြတ်ယူထားမှုများအား အထောက်အထားများနှင့် တကွ နိုင်ငံတော် အစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ အလုပ်သမား ဝန်ကြီး စသည့် တာဝန်ရှိသူများထံ မတ်လ အတွင်း နှစ်ကြိမ်အထိ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ တစုံတရာ အရေးယူမှု မရှိသေးကြောင်းလည်း ဦးကျော်သောင်း က ပြောပြသည်။
  ၎င်းက “အလုပ်သမားဌာနက တာဝန်ရှိသူတချို့နဲ့ အလုပ်သမား သံအရာရှိတချို့ကို အထောက်အထားနဲ့တကွ တိုင်ပေမယ့် အရေး မယူတဲ့အပြင် ကျနော်တို့ကိုတောင် ပြန်လည် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရတယ်” ဟု ဆိုသည်။
      CI လက်မှတ်ကို ယာယီနေထိုင်ခွင့် ကတ်ဖြစ်သည့် ပန်းရောင် ကတ် ကိုင်ဆောင်ထားသူများက လျှောက်ထားရခြင်း ဖြစ်သည်။
ပန်းရောင်ကတ် ကိုင်ဆောင်ထားသူသည် သတ်မှတ်နေရာတွင် သာ နေထိုင်လုပ်ကိုင်ခွင့်ရှိသည်။
    CI လက်မှတ်မှာမူ ထိုင်းနိုင်ငံ တဝန်းသို့ လွတ်လပ်စွာ သွားလာ လုပ်ကိုင်ခွင့်ရှိသည့် အပြင် မြန်မာနိုင်ငံသို့လည်းလည်ပတ်ခွင့်ရှိကာ
 ၄ နှစ် သက်တမ်းဖြစ်သည်။
          ထိုင်းနိုင်ငံတဝန်း၌ CI လက်မှတ်လျှောက်ထားသူ ဦးရေ ၇ သိန်းနှင့် ၈ သိန်း ကြားရှိ၍ ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ လာဘ်ပေး လာဘ်ယူ လုပ်ဆောင်မှုကြီး တခုဖြစ်၍ သက်ဆိုင်ရာ သံရုံးဝန်ထမ်းတချို့အား အရေးယူပေးရန်နှင့် မြန်မာလုပ်သား များအား ကူညီဆောင်ရွက်ပေးရန် အစိုးရထံ တင်ပြတောင်း ဆိုထားသော်လည်း ယနေ့အထိ ထူးခြားမှု မရှိသေးကြောင်း အလုပ် သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
လာဘ်ပေး လာဘ်ယူပြုလုပ်မှုဖြင့် တိုင်းကြားခံထားရသူများတွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိတချို့ လည်း ပါဝင်နေကြောင်းသိရသည်။
ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးရေ စုစုပေါင်း ၄ သန်းကျော်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများ က ပြောသည်။
ယင်းအနက် တရားဝင် အလုပ်သမား ဦးရေသည် ၁ ဒသမ ၇ သန်းဝန်းကျင် ရှိကြောင်း မြန်မာ သံရုံးက ထုတ်ပြန်ထားသည်။
“CI လုပ်ကြမည့်အလုပ်သမားများအထူးသတိပြုကြပါရန်”
၂၀၁၇ ခု ဧပြီလ ၈ ရက်
ရွှေလုပ်သား
          အခြားလူများ၏ ပန်းရောင်ဘတ်ကဒ်များဖြင့်အစားထိုး၍ CI လုပ်ရန်ကြိုးစားမှုများရှိနေကြောင်း သိရှိရသည်။
          မြန်မာအလုပ်သမားတိုင်း ထိုင်းနိုင်ငံမှာ တရားဝင်နေ ထိုင်အလုပ်လုပ်လိုကြသည်ချည်းဖြစ်ပါသည်။ထိုင်းနှင့်မြန်မာအစိုး ရတို့ညှိနှိုင်းမှုအရ CI ကို ထုတ်ပေးလာခဲ့သည်မှာ ယခုအခါ တစ်လကျော်လာပြီးဖြစ်ပါသည်။ စည်းကမ်းချက်များအရ ပန်းရောင် ဘတ်ကဒ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား တိုင်းအား CI ထုတ်ပေး လျှက်ရှိပါသည်။ သို့ရာတွင် ပန်းရောင် ဘတ် ကဒ် မရှိသည့် အလုပ်သမားများကိုမူ CI မထုတ်ပေးပါ။
            ပန်းရောင်ဘတ်ကဒ်မရှိသည့်မြန်မာအလုပ်သမားများနှင့် ဘတ် ကဒ်သက်တမ်းကုန်ဆုံးနေသည့် မြန်မာ အလုပ်သမားများကို မြန်မာပွဲစားအချို့တို့က သက်တမ်းရှိသည့် ပန်းရောင်ဘတ်ကဒ်တို့ဖြင့် ဆဲဗင်းအလဲဗင်း တွင် ငွေပေးသွင်းေ စပြီးCI စခန်းအချို့တွင် ပြီးခဲ့သည့်အပတ်များက ထုတ်လုပ်ရရှိသွားခဲ့ကြသည်။   
          ပြီးခဲ့သည့်အပတ်က မဟာချိုင် ဇုန်၂ တွင် ဖမ်းမိခဲ့သကဲ့သို့ ယမန်နေ့က မဟာချိုင်ဇုန် ၁တွင်လည်း ဖမ်း ဆီးမိခဲ့ပြန်သည်။ အလားတူ ယနေ့တွင် စမူပါကန်စခန်းတွင်လည်း အခြားသူများပန်းရောင်ဘတ်ကဒ် များဖြင့် ဆဲဗင်း အလဲဗင်းတွင် ငွေပေးသွင်း၍ လာရောက်လုပ်ကိုင်မှုများကို စိစစ်တွေ့ရှိခဲ့ပြန်သည်။
           မြန်မာအလုပ်သမားများအနေဖြင့် တရားဝင်နေထိုင်ခွင့်ရရှိလိုမှုကို မတရားသဖြင့်ရယူလို၍ ပွဲစား များဖြင့် အတုအပပြုလုပ်ခြင်း၊ အစားထိုးဝင်ရောက်လုပ်ကိုင်ခြင်းမျိုးတို့ကို ရှောင်ရှားသင့်ပါသည်။ 
       အစိုးရက အခမဲ့လုပ်ပေးကြောင်း တရားဝင်ကြေညာထားပါသဖြင့် အကယ်၍ တုံကင်နံပါတ် (ခယူ) ၀ယ် ယူ၍ CI လုပ်ရပါက ပွဲစားများနှင့် အထောက်အထားများကို ဓါတ်ပုံရိုက်၍ မြန်မာသံရုံးအလုပ်သမား သံအရာရှိ များထံသို့ ဆက်သွယ်၍ တိုင်ကြားကြပါရန် အသိပေးအပ်ပါသည်။
           ထိုင်းရောက်အလုပ်သမားများအနေဖြင့် အလုပ်သမားအရေးအရာကိစ္စရပ်နှင့် ပတ်သက်၍ အကူညီ တောင်းခံနိုင်ရန် အလုပ်သမားသံအရာရှိ ၅ဦးရှိနေပါသည်။ ဦးမိုးအောင်ခိုင်=၀၉၄ ၈၈၄ ၅၄၈၄  ဦးအောင်ကို သန်း= ၀၆၃ ၄၄၂ ၆၂၀၄  ဦးမျိုးထက်သူ= ၀၆၅ ၂၂၀ ၆၉၅၂ ဦးနိုင်မင်းသူ= ၀၆၅ ၂၂၀ ၆၉၅၂ ဦးအောင်ခင်မြင့်= ၀၆၅ ၂၂၀ ၆၉၅၃  တို့ကို ဆက်သွယ် အကူညီတောင်းကြပါ။  
             အကယ်၍ အလုပ်သမားသံအရာရှိ ၅ဦးတို့က အလုပ်သမားကိစ္စရပ်များကို ကူညီဆောင် ရွက်ေ ပးမှု မရှိ၍ဖြစ်စေ၊ ကြေနပ်မှုမရှိလျှင်ဖြစ်စေ၊ ပိုမိုထိရောက်လိုလျှင်ဖြစ်စေ နေပြည်တော် အရေးပေါ်ရုံးသို့ ဆက်သွယ်နိုင်ပါသည်။ ၉၅ ၆၇၄၃ ၀၁၈၄….၉၅ ၆၇၄၃ ၀၂၈၄
04 April 2017
“နေရပ်ပြန်မြန်မာအလုပ်သမားများအားထိုင်းအာဏာပိုင်းများပြစ်ဒဏ်ကြီးမားစွာချမှတ်”
၂၀၁၇ ခု ဧပြီလ ၄ ရက်
ရွှေလုပ်သား
               အလုပ်လုပ်ကိုင်ခွင့်ဝတ်ပါမစ်မပါသည့်အကြောင်းပြချက်ဖြင့် မြ၀တီမဲဆောက်ချစ်ကြည်ရေးတံတားထိပ်တွင် ဖမ်းဆီးခံခဲ့ရသည့်အလုပ် သမားများအား ဒဏ်ငွေများပေးဆောင်စေရုံသာမက ထိုင်းနိုင်ငံသို့ပြန်လည်
        မြ၀တီမဲဆောက်ချစ်ကြည်ရေး တံတားထိပ်တွင်ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် အလုပ်သမား ၃၇ဦးနှင့် ဧပြီလ ၃ရက်နေ့ကဖမ်းဆီးခံခဲ့ရ သည့် အလုပ်သမား ၈၉ဦးတို့အား မဲဆောက် အာဏာပိုင်များကရုံးတင်၍ တရားစွဲဆိုခဲ့ပါသည်။ အနီနှင့် ခရမ်းရောင်ကိုင်ဆောင်ထားသည့် အလုပ် သမားများအား တရားရုံးတွင် တရားဝင် ဘတ်ငွေ ၁၅၀၀စီဒဏ်ငွေဆောင်  
စေပြီး ၄၅ ရက် ထောင်မကျစေရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၆၀၀၀ မှ ၈၀၀၀အထိ တရားမ၀င် ပေးခဲ့ရသည်ဟုသိရှိရသည်။ 
      ထို့အပြင် အလုပ်သမားများအား ထိုင်းနိုင်ငံအတွင်းသို့ ၅နှစ်အတွင်း ၀င်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သည် ဟု သိရှိရသည်။ CI စာအုပ်ကိုင်ဆောင်ထားသည့် အလုပ်သမားများကိုမူ ငွေများကို လက်ခံပြီးနောက် သောင်းရင်း မြစ် လှေဆိပ်မှတစ်ဆင့် ကိုးသုံးလုံးဂိတ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
        အမည်မဖေါ်လိုသည့် ကုမ္ပဏီပိုင်ရှင် တစ်ဦးက “ ၀တ်ပါမစ်ဆိုတာ လုပ်ငန်းရှင်လုပ်ပေးရတာ။ အလုပ်သမားတွေကို တရားလည်းစွဲ၊ အိမ်ကို ယူသွားတဲ့ငွေတွေလည်းတနင့်တပိုးပေးခဲ့ရတယ်။ ၅နှစ်အတွင်းလည်း ပြန် လာလုပ်လို့မရတော့ဘူးဆိုတော့ တအားနစ်နာတယ်။ ဒါကြောင့် ကျနော် လည်းမထူးတော့ဘူးဆိုပြီးဘန်ကောက် စစ်သံအမတ်ကိုဖုန်းဆက်ပြီး အကူ ညီတောင်းလိုက်တယ်။ ကံကောင်းချင်တော့ ထိုင်းတိုင်းမှူး တစ်ယောက်နဲ့ အတူတူရှိနေတယ်လို့သိရတယ်။ ဒါကြောင့် အဲဒီထိုင်းစစ်တိုင်းမှူးက တာ့ခ် ရိုင်အာဏာပိုင်များက အကောင်းဆုံး ညှိနိုင်ပေးမယ်လို့တော့သိရတယ်။
           ဒီအလုပ်သမားတွေအဖမ်းခံရတဲ့နေ့က တည်းကမြန်မာသံရုံးက ချက်ခြင်းလိုက် သွားရင် ဒီအလုပ်သမားတွေ ဒီိလိုနစ်နာမှုဖြစ်စရာမရှိဘူး။ အခုက သံရုံးနဲ့ အလုပ်သမားသံအရာရှိတွေကပိုက်ဆံ ပဲရှာနေကြတယ်။ အလုပ်သမားတွေဖြစ်ချင်ရာဖြစ်၊ သူတို့ကူညီပေးရကောင်းမှန်းမသိကြဘူး” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသွားခဲ့သည်။
        ထိုင်းအာဏာပိုင်းများက ပန်းရောင်ဘတ်ကဒ်နှင့် ပတ်စပို့စာများဖြင့် ဧပြီလ ၅ရက်နေ့မှ ဧပြီလ ၃၀ ရက် နေ့အထိ RE-ENTERY ပြန်လည်ပြည် ၀င်ခွင့် ဗီဇာထုရန်မလိုပဲ သွားခွင့်ရသည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်း တွင် နယ်မြေအလုပ်သမားရုံးမှ ထောက်ခံစာယူသွားရန်လိုအပ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးမှထုတ် ပြန်ချက်ထွက်လာခဲ့သည်။ 
သတင်းအချက်အလက်အပြည့်အစုံမသိကြသည့်အလုပ်သမားများ မည်မျှ အထိဖမ်းဆီးငွေညှစ်ခံရမည်ကို စောင့်ကြည့်ကြရဦးမည်ဖြစ်ပါသည်။
“ကားတိုက်သေဆုံးသည့်အလုပ်သမားတစ်ဦးအတွက်နစ်နာကြေးဘတ်ငွေ၎သိန်းရရှိ”
၂၀၁၇  ဧပြီလ ၄ ရက်
ရွှေလုပ်သား
           ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဒေါန်စပ်မြို့နယ်၊ သစ်စက်တစ်ခုမှ ကားတိုက်သေဆုံးခဲ့ သည့် မြန်မာအလုပ်သမားတစ်ဦးအတွက် နစ်နာကြေး ဘတ်ငွေလေးသိန်းကို ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကူညီဆောင်ရွက်ပေးမှုဖြင့် ယနေ့ရရှိခဲ့ပြီးဖြစ်သည်။
           ၁.၁၂.၂၀၁၆ နေ့က သစ်တုံးထမ်းနေသည့် အလုပ်သမား ကိုဝင်းကြိုင်ဆိုသူအား သစ်တင်ကားေ နာက် ဆုတ်စဉ် မမျှော်လင့်ပဲ နင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ အသက် ၃၈ နှစ်အရွယ် ကိုဝင်းကြိုင်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဆွာမြို့မှဖြစ်ပါသည်။ 
       ယခုသေမှုသေခင်းကိစ္စအတွက် ဒေသအခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဥပဒေ အကြံပေး မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် က  စိုက်လိုက်မတ်တတ်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ 
သေဆုံးသူတွင် ဇနီးဖြစ်သူ ဒေါ်ခင်အောင် ရှိသော်လည်း တရားဝင် အိမ်ထောင်စု မရှိခြင်းတို့ကြောင့် ဆွာမြို့မှ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည် အား ခေါ်ယူ၍ လိုအပ်သည့် စာရွက်စာတမ်းများကို MAT အဖွဲ့က မြန်မာအာဏာပိုင်များအကူညီဖြင့်ရယူခဲ့ပါသည်။
         သေဆုံးသူ၏ မိခင် ဒေါ်ဝင်းကြည် သည် သားဖြစ်သူနှင့် ၇နှစ်ခန့်ပေါင်းသင်းနေထိုင်ခဲ့သည့် ဒေါ်ခင်အောင် နှင့် သားသမီးမရှိ တရားဝင်လက်ထပ်စာချုပ်များမရှိသော်လည်းနစ်နာကြေးသုံးသိန်းခန့်ကို ပေးအပ်ခဲ့သည်မှာ အထူးလေးစားလောက်ပါသည်။
           လုပ်ငန်းလိုအပ်ချက်အရ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT နိုင် ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး ကစူရတ်ဌာနီ ရဲဌာနချုပ်သို့ သွားရောက်၍ ပူးပေါင်းဆောင် ရွက်ပေးခဲ့သည်။
ကိုစိုင်းအေး က“ အမှုလိုအပ်ချက်တွေကို ဦးအောင်မျိုးသန့် ကကြိုတင်ပြင်ဆင်ထားလို့ အချိန်တိုအတွင်းမှာ နစ်နာကြေးရရှိခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် သေမှုသေခင်းနစ်နာမှုတွေက ကြာတတ်ပါတယ်” ဟုပြောသည်။ 
          မြန်မာအလုပ်သမားပေါင်း လေးငါးသန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြသည့် ထိုင်းနိုင်ငံတွင် မကြာ ခဏဆိုသလို ကားတိုက်၊ လုပ်ငန်းခွင့်မတော်တဆသေဆုံးမှု၊ ဓါတ်လိုက်သေဆုံးမှု၊ ပစ်သတ်ခံရမှုနှင့် သတ်ဖြတ် ဖြတ်ခံရမှုများမကြာခဏဖြစ်ပေါ်လေ့ရှိပါသည်။ထို့အပြင်အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရမှု များနှင့် ခြေ လက်အင်္ဂါပျက်စီးမှုများလည်းအမြောက်အမြားရှိနေဆဲဖြစ်ပါသည်။
      လူထုရွေးချယ်တင်မြှောက်ထားသည့် တစ်နှစ်သား NLD အစိုးရ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သန်းချီ အလုပ်လုပ်နေကြသည့် ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် စနစ်ကျသော အစီအမံ တစ်စုံတစ်ရာမှ ယခုတိုင်မမြင်တွေ့ရသေးကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုလိုက်သည်။ 
             ဆယ်စုနှစ်ကျော်ကြာ ထိုင်းရောက်အလုပ်သမားများ၏ အရေးကိစ္စရပ်တို့ကို တတ်နိုင်သမျှ ကူညီသည့်နည်းတူ အစိုးရ၏လိုအပ်ချက်များကို အချက်အလက်အတိအကျဖြင့် ဝေဖန်ထောက်ပြသည့် MAT အဖွဲ့အား ယခုအခါ အလုပ်သမားဝန်ကြီးဌာနက ကျေနပ်ဟန်မရှိပေ။