01 November 2017

ရေဘေးကယ်ဆယ်ရေးပစ္စည်းများကိုခိုးယူရောင်းချရန်ကြိုးစားသည့် ခရိုင်ထွေအုပ် ၀န်ထမ်းများကို ဖမ်းဆီးစစ်ဆေး



နိုဝင်ဘာ(၁)ရက် ၂၀၁၇၊ရန်ကုန်
The Nyang News


          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်နှင့်စာရေးတို့ သည်ရေဘေး ကယ်ဆယ်ကူညီထောက်ပံ့ရေးပစ္စည်းများကိုခိုးထုတ်၍ရောင်းစားရန်ကြံစည်မှုဖြင့်ဖမ်းဆီး စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။


အောက်တိုဘာ (၃၁)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်ကထွေအုပ် ဂိုဒေါင် မှပစ္စည်းများကိုတင်ဆောင်နေသဖြင့် မသင်္ကာသည့်ပြည်သူများကလိုက်လံကြည့်ရှုပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဒေသခံသတင်းထောက်များကို
သက်သေအဖြစ်ခေါ်ကာစစ်မေးရာမှယခုကဲ့သို့ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။


          "ခုလိုတွေရောင်းစားနေတယ်ဆိုတာကို ကြားနေတာကြာပြီ။ အဲဒါကြောင့် လည်း မသင်္ကာလို့ လိုက်ကြည့်တာ။အုပ်ချုပ်ရေးမှူးရယ်၊ သတင်းထောက် တစ်ယောက်ရယ် နဲ့ကားကိုတားပြီးမေးတာ နောက်ရဲကိုအကြောင်းကြား လိုက်တော့ပစ္စည်းတွေကို ခိုးထုတ်တာပေါ်ပေါက်တယ်။ ကျွန်တော်က တိုင်ကြားသူ အနေနဲ့လက်မှတ်ထိုး တိုင် ကြားခဲ့တာပါ" ဟု တရားလိုပြု တိုင်ကြားခဲ့သူ ဦးနေ၀င်းက The Nyang News (ငြမ်း) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့်ခရိုင်ထွေအုပ် ရုံးအုပ်ကြီးဖြစ်သည့်ဒေါ်ခင်မေ၀င်း အပါအ ၀င်သုံးဦးကိုခိုးမှု ပုဒ်မ၃၈၀ နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄တို့ဖြင့် တရားရုံးချုပ်ရမန် ယူပြီးစစ်ဆေးနေကြောင်းသိရသည်။

"'ဒါတွေက ဘာအတွက်သုံးမယ့်ပစ္စည်းတွေလဲဆိုတာကိုကျွန်တော်တို့ စခန်းမှုးကနေ မြို့နယ်နဲ့ခရိုင်ထွေအုပ် ကိုမေးထားပါတယ်။လောလော ဆယ်တော့ခိုးမှုနဲ့ရမန်ယူထားပါတယ်။စစ်ဆေးနေတုန်းပါ" ဟု မင်းဘူးရဲ စခန်းမှနယ်ထိန်းခေါင်းဆောင်က ပြောသည်။

    ယခုကိစ္စနှင့်ပတ်သက်ပြီး ဖြစ်စဉ်ကိုအသေးစိတ်သိရှိနိုင်ရန်သက်ဆိုင်ရာ ရဲစခန်းသို့အချက် အလက်များေ မးမြန်းထားကြောင်းနှင့်ယခုဖြစ်စဉ်ကို ပြင်းထန်းစွာရှုတ်ချပြီး ဥပဒေအရထိထိရောက်ရောက်အရေးယူမှု ရှိမရှိ စောင့်ကြည့်နေကြောင်း မင်းဘူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်စွမ်းရည် က ပြောသည်။

     "ဒီကိစ္စကလုံးဝမဖြစ်သင့်တဲ့ကိစ္စ၊သာမန်ပြည်သူတစ်ယောက်ဆိုထားဦး၊အခုက၀န်ထမ်းတစ်ယောက် ဖြစ်တဲ့အတွက်မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါတွေ ကပြည်သူကလှူထားတာလား၊ နိုင်ငံတော်ကလှူထားတာလား၊ အဖွဲ့ အစည်းတစ်ခုခုလှူထားတာလားဆိုတာသိဖို့လိုတယ်။ ကျွန်တော်လည်း စခန်းကိုမေးထား တယ်" ဟု ဦးကျော်စွမ်းရည်က ပြောသည်။

ပစ္စည်းများမှာ သင်္ကန်းများ၊အ၀တ်အထည်များ၊ဆန်များဖြစ်ပြီး ဆန်များမှာအချိန်ကြာပြီဖြစ်၍ ပိုးများပင်ထိုးနေ ကြောင်းနှင့်ပွင့်ဖြူရေဘေး ဖြစ်ခဲ့စဉ်ကလှူဒါန်းထားသည့်ပစ္စည်းများဖြစ်နိုင်ကြောင်းဖမ်းဆီးရာတွင် သက်သေအဖြစ်ပါဝင်ခဲ့သည့် ဦးတင်ရွှေ(မင်းဘူး)က ပြောသည်။