03 November 2017

“ပျော်ရွှင်မြိုင်ဆိုင် ငယ်ဘ၀က တန်ဆောင်တိုင်”

                                              
     မိုးများပြီး ကတ္တရာလမ်းမရှိတဲ့ရခိုင်ကျေးလက်ဒေသဆိုတာ မိုးရာသီမှာ ရွံ့တွေနဲ့ မိုးရေတွေနဲ့ ညစ်ညစ်ပတ်ပတ်နေရတာကများတယ်။ အဲဒီလို စိုစွတ်တဲ့ရာသီဥတုကနေ ခြောက်သွေ့တဲ့ရာသီဥတုဆောင်းရာသီသို့ အကူးအပြောင်းကာလ။ 
အမေ အသစ်ဝယ်ပေးတဲ့ အနွေးထည်စွယ်တာဝတ်ပြီး ပျော်ရွှင်မြူးတူးတဲ့ကာလ။ 
    မီးပုံပျံတွေတင်ဖို့ ရွာကိုပတ်ပြီး သတင်းစာ၊ ဂျာနယ်ဖတ်သူတွေ၊ ပြက္ခဒိန်အဟောင်း တွေတောင်းပြီးရွာဦး ဘုန်းတော်ကြီးကျောင်းမှာ မီးပုံးပျံကြီးတွေလုပ်ကြတယ်။
 ညဦးပိုင်းမှာ မီးပုံးပျံလွှတ်ကြတယ်။ ပျော်လိုက်တဲ့ဖြစ်ခြင်း။
 
        ကိုယ့်ထက်နဲနဲ အသက်အရွယ်ကြီးတဲ့လူတွေက စုပေါင်းပြီးမုန့်တွေ လုပ်စား ကြတယ်။ သူတို့ထက် ကြီးသူတွေက စုပြီးတော့ ထမင်းချက်စားကြတယ်။
      မှောင်ရီပျိုးလာတာနဲ့ ရွာလုံးကျွတ်၊ ရပ်ကွက်လုံးကျွတ် ဆီမီးပူးဇော်ကြတယ်။ အပျိုလူပျိုတွေကျတော့ စတိတ်ရှိုး၊ ရိုးရာယဉ်ကျေးမှုကဇာတ်၊ ပြဇာတ်၊ သရုပ်ဖေါ်တွေ ကပြကြတယ်။ ကပွဲတွေမဖြစ်နိုင်တဲ့ အနီးအနားရွာတွေက လာကြည့်ကြတာမို့ လူတွေထောင်ချီရှိတယ်။
      သူခိုးကြီးညနဲ့ ဆေးပေါင်းခတဲ့မယ်ဇလီဖူးရဲ့ အနှစ်သာရနဲ့ အဓိပ္ပါယ်ကိုမသိသေး ပေမယ့် သင်္ဘောသီးတွေခူးလာပြီး စုပေါင်းထောင်းစားကြတယ်။ 
    ရွာနီးလယ်ကွက်တွေကစပါးချက်ချင်းရိုက်ပြီး မုန့်သန်းထောင်းစားကြတယ်။ ကြက်တွေခိုးလာပြီးဝိုင်းချက်စားကြတာမျိုး၊ အိမ်တိုင်းကအုန်းပင်တွေမှာ တစ်ညလုံး ခူးပြီး အနီးဝန်းကျင်ရှိသမျှ လူတွေဝိုင်းပြီး စားသောက်ကြတာမျိုးတွေဟာ ဘယ်လိုမှ မမေ့ပျောက်နိုင်တဲ့ ငယ်ဘ၀ တန်ဆောင်မုန်းလပြည့်နေ့ ဖြတ်သန်းမှုတွေပေါ့။
       တန်ဆောင်မုန်းလပြည့်နေ့ကိုရောက်ဖို့ တော်သလင်းလလောက်ကတည်းက မျှော်လင့်ခဲ့တယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ရုပ်မြင်သံကြား TV မရှိသေး၊ ဗွီဒီယို မပေါ်သေး၊ မြို့မှာကက်ဆက်။ တောမှာ ရေဒီယို ဆိုတာတောင် တစ်ရွာတစ်လုံး ၀ါယာကြိုးအရှည်ရှည် ၀ါးလုံးနဲ့ထောင်နိုင်တဲ့အိမ်က အဲဒီရွာမှာ ချမ်းသာသူ ဆိုတဲ့ပြ ယုဂ်ပါ။ ဇါတ်ပွဲဆိုတာ တစ်နွေမှာ ၃ချီလောက်ကြည့်ရဖို့အရေးမလွယ်။ ရွာနီနားက ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူတာကို နှမျောတသရမှန်းမသိပဲ ဇာတ်ပွဲကြည့်ရ မှာမို့ပျော်မိခဲ့တဲ့ ကလေးဘ၀။

    မြို့ကြီးပြကြီးတွေမှာလို မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲမျိုးတော့ ကျနော်တို့ တောရွာ တွေမှာမရှိကြပါဘူး။ အရွယ်စုံပျော်ရွှင်ခွင့်ရကြတဲ့ လတန်ဆောင်တိုင်ဟာ ကျနော်တို့ မြန်မာလူမျိုးတွေအတွက် ထူးမြတ်တဲ့ ပျော်ရွှင်ပွဲဖြစ်ပါတယ်။
          အရွယ်ရောက်လာတဲ့အခါ တောရွာဓလေ့ အပြိုင်အဆိုင် ရွာစင်တင်ဇာတ်ပွဲ အတွက် တော်သလင်းလဆန်းကတည်းက ညတိုင်း ရွာဦးကျောင်းမှာ ဇာတ်တိုက်ကြ ရတယ်။ အဆို၊ အငို၊ အက၊ ယိမ်းအကတွေကို တက္ကသိုလ်ကောလိပ်ကပြန်လာကြတဲ့ ဆရာမတွေနဲ့ အဆိုအကအတီး အတွေ့ကြုံရှိခဲ့ဖူးသူတွေက အားသွန်ခွန်စိုက်၂လ ကျော်လောက် အလုပ်ပျက်အကိုင်ပျက် သင်ကြားလေ့ကျင့်ဇာတ်တိုက်ကြရတယ်။ စင်ပေါ်ကို တက်ခွင့်ရဖို့အတွက်လည်း ငယ်ငယ်ကတည်းက အတတ်သင် လေ့ကျင့် ခဲ့ကြတယ်လေ။
         ကျေးရွာရပ်ကွက်မှာ အပျိုလူပျိုတွေ ကခုန်ကြမယ့်အရေး တစ်ရွာလုံးအလုပ်ေ တွရှုတ်ကြရတယ်။ မင်းကျွန်ပျိုတွေနဲ့ လူပျိုကြီးတွေက ဘုန်းတော်ကြီးကျောင်းအနီး ကမြေကွက်မှာ ဇာတ်စင်ဆောက်ကြရတယ်။ အချို့ရပ်ကွက်တွေမှာကျတော့ လမ်းဆုံ လမ်းခွမှာဆောက်ကြရတယ်။ ပန်းချီရေးတတ်သူတွေကတော့ နဖူးစီး စာတန်းတွေရေး ကြ၊ မုဒ်ဦးတွေလုပ်ကြနဲ့ပေါ့။
   ရွာလုံးကျွတ် ကျရာတာဝန်ထမ်းနေကြတာတွေကို ထမ်းရွက်ကြတယ်။ ကလေးဘ၀ တုန်းကဆိုလည်း ပွဲကြည့်ရတော့မှာမို့ပျော်ခဲ့သလို၊ ကိုယ်တိုင်ကကြရတော့ မယ့်အခါ မှာလည်း ငါ, ဆိုတတ် က, တတ်တာကို ထုတ်ပြရတော့မယ်ဆိုပြီး ပျော်နေမိခဲ့တာေ ပါ့။
   က,ခဲ့ဖူးတဲ့ဇာတ်ရုပ်က “ပီလိယက္ခမင်း သမင်းလိုက်ခန်းအက၊ ပြဇာတ်သရုပ်ဖေါ်က ကားမောင်းသမား၊ ဆိုခဲ့ဖူးတဲ့သီချင်းက အဆိုတော် သုမောင်ရဲ့ ချစ်မိုးစွေ နဲ့ အဆိုေ တာ် အနိုင်ရဲ့ မောင့်အချစ်ကသူများထက်ပိုတယ်” တို့ဖြစ်တယ်။
      တစ်ခန်းကပြီးတိုင်း ကတဲ့ဝတ်စုံတွေနဲ့ ပရိတ်သတ်ကြားထဲကိုဆင်းပြီး ငွေဖလား ကြီးတွေနဲ့ ရံပုံငွေအလှူတွေလိုက်ကောက်ကြတယ်။ သရုပ်ဖေါ်ကရာမှာ အတော်ဆုံး ဖြစ်တဲ့ ဇာတ်လိုက်ကျော်ကြီး မောင်ဝေသိန်း က ပရိတ်သတ်ဆီက အရက်ဖိုး သီးသန့် တောင်းလို့ ပျော်ခဲ့ကြရတာမှတ်မိနေသေးတယ်။ 
         ရခိုင်ဒေသဆိုတာ မိုးများတဲ့ဒေသဖြစ်တာမို့ မိုးလွတ်တဲ့တန်ဆောင်မုန်း လပြည့် ညဆိုတာရှားတယ်လို့ ပြောလို့ရတယ်။ နှစ်လကျော်လောက် အလုပ်ပျက်အကိုင်ပျက် တပင်တပန်း ကြိုးစားပမ်းစားဇာတ်တိုက်ခဲ့ကြပေမယ့် ကပြဖြေဖျော်မယ့် ညမှာ မိုးရွာ လို့ ကပွဲပျက်ရတဲ့အခါမချင့်မရဲဖြစ်ကြရတယ်။
        စင်ပေါ်ကိုတက်ဖို့ အ၀တ်တွေငှါးရမ်းကြ၊ ရွှေတွေဝတ်တဲ့တောဓလေ့မှာ မရှိ ဆင်းရဲသားတွေကတော့ မ၀တ်ဆင်နိုင်ကြဘူးပေါ့။ ဘာပြောပြော ရှိသူတွေက ထုတ်ေ ပးကြတော့လည်း ရွာ့အသရေ ပြည့်စေတာပေါ့။
        အိမ်ထောင်ယာသားတွေကျ တနယ်တကျေးမှာနေရတဲ့အခါမှာလည်း တန်ဆောင်တိုင်မီးထွန်းပွဲ ကပွဲ ခုန်ပွဲကိုသွားပြီး အားပေးချီးမြှောက်ပြီး သူငယ်ချင်းေ တွနဲ့ ငယ်ဘ၀ကို ပြောကြရင်း အလွမ်းပြေ ပျော်ရွှင်ခဲ့ရတယ်။
       ခုတော့ ဒီမြင်ကွင်းတွေ၊  ဒီပျော်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်ခွင့်မကြုံနိုင်တော့တဲ့ နိုင်ငံရပ်ခြားတိုင်းတပါးမှာ။ ကြုံဆုံဖြတ်သန်း ဘ၀ခရီးလမ်း တစ်ထောင့်တစ်ကွေ့မှာ ငယ်ဘ၀ဆိုတာ ဘယ်လိုမှ မမေ့နိုင်စရာပါ။ အမှတ်ရ၊ သတိရနေသေးတယ်။ ဒီခေတ်ဒီအခါမှာကော အဲဒီလို အရပ်ဇာတ်တွေ နည်းသွားခဲ့ပြီ။   
                    
                             ကျော်သောင်း  (ဘန်ကောက်)