မြ၀တီမှာ ညီဖြစ်သူတစ်ယောက် အိမ်ထောင် ကျနေ လို့ ၁၉၉၂ ခုနှစ်မှာ မြ၀တီကို စတင်ရောက်ရှိခဲ့ဖူးတယ်၊ ကျောင်းစာတွေမှာသင်ခဲ့ဖူးတဲ့ ဒေါနတောင် တန်းကို ဖြတ်ေ ကျာ်စဉ်လက်နက်တွေကိုင်ထားတဲ့စစ်သားတွေ ကိုမြင်တွေ့ ခဲ့ရသလို အလွန် ကျဉ်းမြောင်းပြီး ကြမ်းတမ်းတဲ့လမ်းခရီးရဲ့ အရသာကိုလည်း ကိုယ်တိုင်ထိတွေ့ခွင့် ရရှိခဲ့တယ်။
မြ၀တီဆိုတာ နယ်စပ်မြို့ကလေးဖြစ်တာကြောင့် အတော်စည်ကားတဲ့မြို့ ငယ် ကလေးတစ်မြို့ဖြစ်တယ်ဆိုတာကို စာတွေ့ထက် လက်တွေ့မြင်သိခွင့်ရရှိခဲ့တော့ တယ်။
ရုပ်ရှင်ဆန်တဲ့မြို့
မြ၀တီမှာ အဲဒီကာလတုန်းကDKBAတပ်ဖွဲ့ဝင်တွေဟာဆံပင် အမျိုးမျိုးပုံတွေ နဲ့ (အရှည်၊ ဆေးရောင် ဆိုး) မောင်းပြန်သေနတ်တွေ ကိုပေါ်ပေါ်တင်တင်ကိုင်၊ လက်ပစ်ပုံတွေကို ရင်ဘတ်မှာ တစ်ဖက်တစ်လုံး ချိပ် ဆွဲထားတယ်။ ကားလမ်း ကိုပြောင်းပြန်လည်းမောင်း၊ ကာရာအိုကေဆိုင်ဆိုတာ ထိုသူတို့ လုပ်ချင်တိုင်း လုပ် ခွင့်ရတဲ့နေရာ။ အစိုးရစစ်သားတို့ ထောက်လှမ်းရေးတို့ ရဲတပ်ဖွဲ့တို့ဆိုတာ ထိုသူတို့ ကို ကြောက်လန့် နေရသလို မြင်တွေ့ရတယ်။
ပြည်မကလာခဲ့သူတစ်ယောက်အနေနဲ့ သီးခြားတိုင်းပြည်တစ်ခုပမာခံစားလိုက် ရတယ်။ညနေပိုင်း တွေမှာများဆိုရင် အစိုးရလက်နက်ကိုင်တွေ မကြီးစိုးတော့ပဲ DKBA လက်နက်ကိုင် တပ်တွေဟာ မြ၀တီမြို့ကို အပိုင်စားရထားသလို ထင်သလို သွားလာ လှုပ်ရှားကြတော့တယ်။ ဒီအဖွဲ့တွေ စီးတဲ့ကားတွေ၊ သုံးတဲ့ အသုံးအဆောင်တွေ ကတော့ မြ၀တီမြို့က သူဌေးတွေ သုံးတာထက် ကောင်းကောင်းသုံးနိုင်တယ်။
ရပ်ကွက်တိုင်းမှာ ပြည့်တန်ဆာအိမ်တွေနဲ့ တရုန်းရုန်း တအုံးအုံး တကယ့် ညမှာစည်တဲ့မြို့ပါ။မူးယစ်ဆေးဝါး၊ တရားမ၀င် ကားမှောင်ခိုတင်သွင်းမှု၊ ရှေ့ဟောင်း ဘုရားရောင်းဝယ်မှုနဲ့ လူသုံးကုန်ပစ္စည်း မျိုးစုံ တို့ကလည်း ဂိတ်ပေါင်း၂၀ က မိနစ်နဲ့အမျှ ကူးချီ သန်းချီ စည်ကားတဲ့မြို့၊ လူသတ်၊ ၀ရမ်းပြေး၊ ခိုးဆိုး နှိုက်လို့ သောင်းရင်းမြစ်ကို ကူးလိုက်ရင်ပဲ လွတ်သွားပြီး တကယ့် ရုပ်ရှင်ဆန်တဲ့မြို့ကလေးတစ်မြို့။
ငွေယားတွင်း၊ ရွှေယားတွင်း
၁၉၀၀ ပြည့်လွန် နှစ်တွေကာလက မြန်မာစစ်အစိုးရဟာ သူတို့ရဲ့ ၀န်ထမ်းတွေ အားလုံးကိုကိုယ်ကျင့်သီလ ပျက်စီးစေဖို့အတွက် ထမင်းဝအောင်မကျွေး ပဲ တောင်းစား၊ ခိုးစား၊ လိမ်စားဖို့၊ ခြောက်စားဖို့ သင်ထားပေးခဲ့တယ်။ ဒီလိုအနေ အထားမျိုးမှာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ မြ၀တီမြို့လိုနေရာမျိုးမှာ နိုင်သူစားစတမ်း၊ အ, သူခံစတမ်း၊ အုပ်စုဖွဲ့၊ လက်နက်အားကိုး ရမ်းကား ရှာစားလို့ရတဲ့ခေတ်ဖြစ်နေတယ်။
သောင်းရင်မြစ်တစ်လျှောက်နဲ့ ကရင်နယ်စပ်တစ်လျှောက်က လူကြီး ၂ ယောက် ဖက်မမီတဲ့ ကျွန်ပင်ကြီးတွေ၊ ပျဉ်းကတိုးပင်ကြီးတွေ၊ သစ်တောတွေထဲက အဖိုးတန် ဆင်ရိုင်းတွေ၊ ခဲကဲ့သို့သော သတ္တုရိုင်းတွေကို အထိန်းအကွပ်အတားအဆီးမရှိ ထိုင်းနိုင်ငံဘက်ကို ထုတ်လုပ်ရောင်းချခဲ့ကြတယ်။
ဒါ့အပြင် ၂၀ ထက်မနည်းတဲ့ ဂိတ်ပေါက်တွေက လည်း နေတဓူဝ ကောက်ခံ စားသောက်ကြတယ်။ဒီအခန်းကဏ္ဍအထိ အများပိုင်၊ နိုင်ငံပိုင်၊ ကုန်သည်ပိုင် မို့ ပြော လည်း မပြောနိုင်သလို တားလည်းမတားနိုင်။
အပင်းဆို့ခြင်း(သို့မဟုတ်) မျက်ရည်ကို သကြားခတ်သောက်ခြင်း
ရုပ်ရှင်ဆန်တဲ့ မြ၀တီလို အခင်းအကျင်းနဲ့ကြွရွနေရတဲ့မြို့မှာ ရေ/မီးကအစ အသုံးအဆောင် အစား အစာအားလုံးနီးပါးတို့က မဲဆောက်မြို့က ၀ယ်ယူ စားသုံးကြ ရတာဖြစ်တယ်။ မြ၀တီမြို့မှာ လူတစ်ဦး ရဲ့ ၀င်ငွေဟာ ထိုင်းဘက်အခြမ်း မဲဆောက်မြို့မှာ လောက်မ၀င်ရင် ထမင်းနပ်မှန်ဖို့မလွယ်။ အဲဒါကြောင့်အလုပ်စုံ အစုံ လုပ်ကြရတဲ့မြို့လည်း ဖြစ်တယ်။
ငွေတွေဒီလောက် ဆာလောင်မွတ်သိပ်နေတဲ့ မြို့မှာ ထိုင်းနိုင်ငံအနှံ့ အပြားက ရာပေါင်းများ ဖမ်းဆီး ပြန်ပို့ခံရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းဘက်က ပြန်ပို့တဲ့အခါ DKBA ကိုးသုံးလုံးဂိတ်ကို ပို့ လေ့ရှိပါတယ်။ မျက်ရည် စက်လက်နဲ့ ဖြစ်နေကြတဲ့ ဖမ်းဆီးပြန်ပို့ခံ မြန်မာအလုပ်သမားတွေကို အနည်းဆုံး ဘတ်ငွေ ၁၅၀၀ ကနေ ၃၀၀၀ အထိ အဲဒီဂိတ်ထဲမှာ ပေးမှ အပြင်ကို ထွက်ခွာ ခွင့်ရပါတယ်။ ဒီလူအရောင်း အ၀ယ်ကိစ္စဟာ နေ့စဉ်ဝင်ငွေသန်း ချီပါတယ်။ ငွေ မပေးနိုင်တဲ့အမျိုးသမီးငယ် တွေကို မဲဆောက်နဲ့မြ၀တီက ပြည့် တန်ဆာရုံတွေ ကို ပို့ပေးကြသလိုအမျိုးသားတွေကိုတော့ထိုင်းငါးဖမ်းစက်လှေတွေကို ရောင်းစားကြ ပါတယ်။
ဒီလို အနိုင်ကျင့် ဗိုလ်ကျပြီး ကောက်ခံစားသောက်လာ ခဲ့ကြတာ မြ၀တီ မှာ နှစ်ပေါင်း၂၀ ကျော်ခဲ့ပြီ
ဖြစ်တယ်။ ထိုင်းမှာ ဒုက္ခတွေရောက်ပြီး ဖမ်းဆီးပြန်ပို့ခံရသူတွေကို အမိမြန်မာပြည် ကို ခြေချခ/မြေနင်းခ ဒီလိုမတရားကောက်ခံတောင်းစားနေတာကို အရပ်သားအ သွင်ပြောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာလုံးဝရပ်တန့်အောင်နှိမ်နင်း သင့် ပါပြီ။ DKBA ကိုးသုံးလုံးဂိတ်ထဲမှာ မိုးလင်းတာနဲ့ ထိုင်းကပြန်ပို့ခံရသူတွေကို အရောင်း အ၀ယ်လုပ်နေကြတဲ့အသံဟာ ကုန်ပစ္စည်းတစ်ခုကို လမ်းဘေးမှာချပြီး အော် ဟစ်ရောင်း ချ နေတဲ့အသံတွေနဲ့ ပွက်ပွက်ညံနေပါတယ်။
နှစ်နိုင်ငံအစည်းဝေးတွေမှာ ဖမ်းဆီးပြန်ပို့ခံရတဲ့ကိစ္စတွေကို အယင်တုန်းက ပြောကြဆိုကြပေမယ့် သကြားဖုံးပြေလည်ရေးသာဖြစ်တယ်။ ဖမ်းဆီးပြန်ပို့ခံရသူတွေ နေ့တိုင်း နေ့တိုင်း မြ၀တီ ကိုးသုံးလုံးဂိတ်မှာ ယနေ့တိုင် ပေးနေရဆဲဖြစ်ကြောင်း နေပြည်တော်မှသိပါစေ။ တားမြစ်ပါစေ။ ဒီမတရားမှုကြီး လုံးဝပပျောက် ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
ကျော်သောင်း