မြန်မာနိုင်ငံဟာတိုးဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘူး။ ကျနော်တို့ညံ့ခဲ့လို့ တိုင်းပြည် မတိုးတက်ခဲ့ဘူး။ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ခဲ့ကြတယ်။ ရိုသားမှုမရှိပဲ ရသင့်တာထက်ပိုယူခဲ့ကြတယ်။ စီမံကိန်းတိုင်းမှာ တိုင်းပြည်ကရှုံးပြီး လုပ်ကိုင်ခွင့်ရှိသူတွေက ချမ်းသားသွားတယ်။ ဒါပေမယ့် ဘယ်သူမှ အဲဒီစီမံကိန်းအတွက် တာဝန်မခံကြဘူး။ အားလုံးအနည်းနဲ့အများမှားခဲ့ကြတယ်။ ဒါကြောင့် အားလုံးမှာ တာဝန်အနည်းနဲ့အများ ရှိကြတယ်။
မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝသယံဇာတတွေအလျှံပယ် ရှိတဲ့အပြင် ဘာစိုက် စိုက် အောင်မြင်ဖြစ်ထွန်းတဲ့မြေကို ပိုင်ဆိုင်ထားတဲ့ မြန်မာပြည်မှာ အုပ်ချုပ်တဲ့အစိုးရ သာ တော် လို့ရှိရင် လူသန်း ၆၀ ကိုထိုင်းစားနိုင်လောက်အောင် ကျွေးနိုင်ပါတယ်။ ၁၉၅၀ ၀န်းကျင်မှာ တိုးတက်ခဲ့တဲ့ တိုင်းပြည် မဆလ၊ န၀တ၊ နအဖနဲ့ ယခုတိုင် ဒီအတိုင်းပဲ ဆိုတော့ မူလအကျင့်စရိတ်တွေကို ပြင်ကြဖို့လို ပါပြီ။
“အကြောင်းမထူးပေမယ့် ပြောရေးရှိက ပြောရပ”
ကျနော်လည်း အလုပ်သမားအရေးနဲ့လူ့အခွင့်အရေးကိုသာ စိုက်လိုက်မတ်တတ် လုပ်ကိုင်နေ သူဖြစ် တာကြောင့် အလုပ်သမားကိစ္စကိုပဲ ပြောရအုံးမှာပ။ ပြောဆိုထောက်ပြနေတဲ့ကျနော့်ကို သတင်း အချက် အလက်တွေ မှန်ကန်မှုရှိ/မရှိစုံစမ်းစစ်ဆေးပြီး ပြုပြင်ရကောင်းမှန်းမသိပဲ၊ ငွေပေးပြီး သတ်ခိုင်း ထားတဲ့ အေးဂျင်စီတွေရှိသလို ထောင်ချပစ်ချင်နေတဲ့ အလုပ်သမားအရာရှိတွေ ရှိနေတယ်လို့ ခိုင်ခိုင်လုံလုံ သိရှိခဲ့ရပြန်တယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့က မြ၀တီမှာ မြန်မာအလုပ်သမား ၉၀ ကျော်ကို အေဂျင်စီတွေက ပူးပေါင်းပြီးတော့ လိမ်လည်လိုက်တယ်။ ဒီလိမ်လည်မှုက ထိုင်းဘက်ကဖမ်းလို့ အရေအတွက်များလို့ လူ သိရှင်ကြားဖြစ်သွားတာ။ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေမှာ လုပ်နေကြတဲ့ ထိုင်းဘာသာ စကား တတ်ပြီး ဒါရိုက်တာ၊ မန်နေဂျာ တာဝန်တွေနဲ့ လူရာသွင်းပြီး လုပ်နေကြတဲ့သူတွေဟာ ဘယ်လို လူမျိုးတွေလဲ။ ဒီလူတွေဟာ သမ္မာအာဇီဝမှုနဲ့အလုပ်လုပ်ခဲ့ဖူးကြသူတွေလား။ လူလိမ်တွေလား၊ တရားမ၀င် လူကုန်ကူးခဲ့ကြသူတွေလား၊ ပြေးလေးပြေးတွေလား။ ဆိုတာ ပြည်ပအလုပ်အကိုင် အဂျင်စီတွေဟာ မသိကြတာလား၊ မသိချင်ယောင်ဆောင်တာလား၊ တတ်အပ်မပြောနိုင်။
မှန်မှန်ကန်ကန်လုပ်ကိုင်တဲ့အေဂျင်စီ ဒါရိုက်တာတစ်ဦးက “ဘန်ကောက်မြန်မာသံရုံးက Demand ၀ယ်ပြီး မြ၀တီမှာ Demand တစ်စောင်ကို ဘတ်နှစ်ထောင်သုံးထောင်ပေးပြီးဝယ်နေကြရတယ်။ မလေးရှားအေဂျင်စီတွေဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၃၅၀ ပေးရသလို ထိုင်းအေးဂျင်စီတွေကိုလည်း ၀န်ဆောင်ခပေးရမယ့်ကိန်းဆိုက်နေပြီ။ အေဂျင်စီတစ်ခုဆိုရင် နေရပ်လိပ်စာမရှိတဲ့ မဲဆောက်က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို အလုပ်သမားထောင်ပေါင်းများစွာ ပို့လိုက်ပြီးဖြစ်တယ်။ အဲဒီကုမ္ပဏီဟာ ထိုင်းကိုလာစရာမလိုပဲ ဘန်ကောက်သံရုံးက ဒီမန်းဝယ်ရပါတယ်၊ ဘန်ကောက်က မြန်မာအလုပ်သမား အရာရှိဟာ ရန်ကုန်မှာကျင်းပတဲ့ နှစ်နိုင်ငံအလုပ်သမားအစည်းဝေးမှာ ဘာသာပြန်ဖို့ သူသုံးနေတဲ့ ပွဲစားကို ခေါ်လာတယ်။ နေပြည်တော်အလုပ်သမားညွန်ချုပ်က သူမရှိရင်မဖြစ်ဘူး ဆိုတဲ့အဆင့်ထိကို တန်းတန်းစွဲဖြစ်နေပြီ၊ ပြောစရာတွေအများကြီးပဲ ” လို့ပြောတယ်။
ဘန်ကောက်ကိုလာစရာမလိုပဲ သံရုံး Demand ကို လိုသလောက်ရနေတဲ့ ကုမ္ပဏီအမည်နဲ့ အဲဒီ Demand ကြော်ညာကို မြ၀တီက ဓါတ်ပုံရိုက်ပြီး ကျနော်တို့ စာရွက်စာ တမ်းအပြည့်အစုံနဲ့နေပြည်တော် အလုပ်သမားဝန်ကြီးဌာနကိုတင်ပြခဲ့ဖူးပါတယ်။ ပုလင်းတူဗူးဆို့ အတူတူ ကြံဖေါ်ကြံဘက်တွေဖြစ်ဒါကြောင့် သမ္မတရုံးကိုပဲ တိုက်ရိုက် တိုင်ကြားဖို့ အမှန်အကန်လုပ်ကိုင်ကြတဲ့ အေဂျင်စီတွေက အကြံပြုကြပြန်တယ်။ ကျနော်တို့ကလည်း မှားယွင်းနေတာကို ပြုပြင်စေချင်တဲ့သဘောသာရှိတာမို့ အတိုင်အတောတွေလည်းမ လုပ်ချင်။
အစိုးရဆိုတာ အာဏာရှိတဲ့သူတွေ၊ လုပ်ကိုင်ခွင့်အပြည့်ရှိတဲ့သူတွေဖြစ်တယ်။ အေဂျင်စီတွေဆိုတာ လည်း လူနတ်ချမ်းသာတွေဖြစ်တယ်။ ဒီလိုလူတွေကို ဘာမှမဟုတ်တဲ့ ကျနော်လိုလူက ထောက်ပြလို့ “ကျော်သောင်း တို့နဲ့ တွေ့မှဖြစ်မယ်” ကမ်းလှမ်းလာတယ်။ ကျနော်ကပြန်ပြောလိုက်ပါတယ်။ အလုပ်သမားတွေ ပြဿနာအနည်းဆုံးဖြစ်အောင် အားလုံးအထိအပွန်းအနည်းဆုံးဖြစ်အောင် ကျနော်တို့ ဆီကအတွေ့အကြုံတွေ၊ အကြံဉာဏ်တွေကို အလကားယူပါလို့ ပြောလိုက်ပါတယ်။
ဘန်ကောက်သံရုံးသမားစဉ်က ဘယ်လိုဖြစ်နေလဲဆိုတော့ အလုပ်သမားဝန်ကြီး၊ ဒုဝန်ကြီး တစ်ဦးဦးရောက်လာပြီးဆိုရင် အလုပ်သမားအရေးလုပ်တဲ့အဖွဲ့ ဟုတ်သူရောမဟုတ်သူပါ သံရုံးထဲ ကိုခေါ်လိုက်တယ်။ လူပြည့်အောင်လို့ လူလိမ်ပွဲစားတွေကိုပါ လူပြည့်အောင်ခေါ်သွင်းလိုက်တယ်။ ၀န်ကြီးနဲ့သံအမတ်ကြီးတို့က သမ္မတကြီးဆိုတဲ့အမည် ၉၀ ရာခိုင်နုန်းလောက်ပါအောင်ပြော၊ အလုပ်သမား တွေကို ကာကွယ်စောင့်ရှောက်မယ်လေးဘာလေး သြ၀ါဒချွေကြတယ်။ လူမြင်ကွင်းမှာတော့ တိုင်းပြည် တာဝန်တွေကို ဦးဆွေးဆံမြေ့ထမ်းရွက်နေကြသူတွေပါလားလိုပြီး ထိုင်ရှိခိုးချင်လောက်အောင် သရုပ်ဆောင် ပီပြင်ကြပါပေတယ်။အလုပ်သမားအဖွဲ့တွေရဲ့ အကြံပြုချက်တွေကို တိုးရှင်းပြောခိုင်းပြီး၊ ဓါတ်ပုံတွေရိုက်ကြ ပါတယ်။
"နတ်လူသာဓုခေါ်ရမယ့်အလုပ်”
လုပ်စရာအလုပ်အကိုင်မရှိ၊ ရှိတဲ့အလုပ်က တစ်ယောက်တည်း ထမင်းဝအောင်စားလောက်တဲ့ လုပ်ခမရတော့ မြန်မာတစ်နိုင်ငံလုံးက ရှိသမျှ အရွယ်ကောင်း လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံတွေကို ရတဲ့ နည်းနဲ့ ထွက်ခွာပြီး အလုပ်လုပ်နေကြရတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုတာ စာရေးစာချီနဲ့ ပညာသည် အဆင့်အလုပ်ကလွဲရင် ကျန်အလုပ်ဟူသမျှကို မြန်မာတွေကိုခေါ်ခိုင်းနေတဲ့နိုင်ငံဖြစ်တာကြောင့် အလုပ်သ မား အမြဲတမ်းလိုအပ်နေတဲ့ နိုင်ငံဖြစ်တယ်။
အလုပ်သမား လိုအပ်နေတဲ့နိုင်ငံနဲ့ လုပ်စားစရာမရှိဖြစ်နေတဲ့ အလုပ်သမားတွေကို (တရားဝင် အလုပ်သမားတင်သွင်းခြင်း MOU) ဆိုတာ မှန်မှန်ကန်ကန်လုပ်ကြမယ်ဆိုရင် ကုလိုလ်လည်းရ ၀မ်းလည်း ၀တဲ့အပြင် နတ်လူသာဓု ခေါ်ရမယ့်အလုပ်ပါ။ လိုအပ်ချက်အရ ကွက်တိဖြစ်နေတဲ့ MOU ကိစ္စ ဘာကြောင့် ဒီလောက် စုတ်ပြတ်သတ်နေကြတာလဲ။
ခက်တော့ခက်သားပဲ။ နိုင်ရာစား၊ ခိုင်းတာလုပ်ရတဲ့ မြန်မာဝန်ထမ်းလောကသားတွေနဲ့ ရိုက်စား အေးဂျင်စီတွေနဲ့ပူးပေါင်းပြီးတော့ မြန်မာအလုပ်သမားအမြောက်အမြားကို ထိုင်းနိုင်ငံအတွင်း သို့တရား ၀င်လူကုန်ကူးကြတာပဲ။ ဘန်ကောက်မြန်မာသံရုံး အစည်းဝေးထဲမှာ အလုပ်သမား ၀န်ကြီးအဖြစ် ခဏတာ တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည် နဲ့ အထူးစည်းဝေးပွဲမှာ MOU ဆိုတာတရားဝင်လူကုန်ကူးတာပါလို့ ကျနော် စကားတစ်ခွန်း ပြောခဲ့ဖူးပါတယ်။
“အန္တရာယ်မီးလျှံကြားက ဒို့ဗမာ”
ဘုရင် ဘူမိဘော အဒူရာဒတ်ကို ဘုရားနဲ့ တစ်တန်းတည်းထားကိုးကွယ်ကြတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ကမတည်ငြိမ်။ ဒီမိုကရေစီစနစ်ကို အတိုင်းအတာတစ်ခုအထိကျင့်သုံးတယ်ဆိုပေမယ့်၊ ထိုင်းနိုင်ငံ ဟာ ခြစား မှုကြီးမားတဲ့ ၀န်ထမ်းတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေ၊ လက်နက် မှောင်ခိုဂိုဏ်းတွေ၊ မာဖီယား ဂိုဏ်းတွေ၊ လူကုန်ကူးမှုဂိုဏ်းတွေနဲ့ လမ်းသရဲတွေ သောင်းကျန်းချင်တိုင်းသောင်းကျန်းခွင့် ရနေတဲ့တိုင်ြး ပည်ဖြစ်တယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ သဘာဝသယံဇာတ တွေကို မြန်မာအလုပ် သမားတွေ နဲ့လုပ်ပြီး ချမ်းသာနေတဲ့ တိုင်းပြည်တစ်ခုလည်းဖြစ်တယ်။
ဒီလိုရှုပ်ထွေးတဲ့အခြေအနေတွေရှိတဲ့ တိုင်းပြည်ထဲမှာ သန်းချီပြီး ၀င်ရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားပြဿနာ ဆိုတာလည်း ဘယ်နည်းလိမ့်မလဲ။ ဒါကြောင့် ထိုင်းအစိုးရဟာ သန်းချီ ရှိနေတဲ့ မြန်မာအလုပ်သမားတွေကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်နိုင်မယ့် နည်းလမ်းတွေကို ပညာရှင်ဆိုသူတွေနဲ့ အင်ဂျီအိုစားဖါးတွေနဲ့ ပူးပေါင်းပြီးတော့ ရှာဖွေခဲ့ကြတယ်။ (အလုပ်သမားပတ်စပို့လုပ်ဖို့ အပြည့်အ၀ ထောက် ခံခဲ့တဲ့ လူလည် အင်္ဂလိပ်ရော၊ ဗမာပါ ခုတော့ ရန်ကုန်ကိုရောက်နေကြပြီဖြစ်တယ်။ ဒီအင်္ဂလိပ် ဟာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ပိတ်ပင်ထားခံရအောင် ဘာတွေလုပ်ခဲ့သလဲ?၊ ဗမာပြည်အတွက် ဘယ်လောက် အထိ စိတ်ချရမယ့်သူတွေလဲ?)
ထိုင်းနဲ့မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေMOU စာချုပ် ချုပ်ဆိုလိုက်တာဟာ မြန်မာ အလုပ်သမားတွေကို ဖိနှိပ်ချုပ်ကိုင်မှုသက်သက်ဖြစ်တယ်။ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခ ချွေးနှဲစာ အတော် များများ ထိုင်းနိုင်ငံအတွင်းမှာ ယိုဖိတ်ကုန်တယ်။ ပတ်စပို့လုပ်ငန်းစဉ်ဟာ မြန်မာအလုပ်သမားတွေ အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေခဲ့တယ်။ မလုပ်မနေရတာကြောင့်သာမြန်မာအလုပ်သမားတွေဟာ ပတ်စပို့ တွေ လုပ်ခဲ့ကြ ပြီးဖြစ်တယ်။
“၂ခါနာတဲ့အသည်းမနာပဲရှိပါ့မလား”
၎နှစ်ပြည့်သွားတဲ့ ပတ်စပို့ကိုင်ဆောင်ထားကြတဲ့ အလုပ်သမား တစ်သန်းကျော် ထိုင်းနိုင်ငံမှာ မျက်စိသူငယ်နားသူငယ်နဲ့ ဖြစ်နေကြတယ်။ ဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာအနေကြာနေသူတွေ ထိုင်းဘာသာစကားကို တတ်ကျွမ်းသူတွေဖြစ်ကြတယ်။ ဘယ်မြို့ ဘယ်ရွာက ဘယ်အလုပ်ရုံ ကောင်း တယ် ဆိုတာကအစ သိကြသူတွေဖြစ်တယ်။ အတော်များများတို့ဟာ ထိုင်းဂျိုးတွေဖြစ်ကြတယ်။
ထိုင်းနဲ့မြန်မာအစိုးရတို့ဟာ ဒီအလုပ်သမားတွေရဲ့စာအုပ်တွေကို လွယ်ကူချောမွေ့စွာနဲ့ အသစ် လုပ်ကိုင်ပေးသင့်ပါတယ်။ ဒါပေမယ့် ခုကြားရကြားရ နားဝမှာ မချမ်းသာဖြစ်နေတယ်။ ဒီအလုပ်သမား တွေကို MOU စာအုပ်အဖြစ် ပြောင်းလဲဖို့တာစူနေတာသိရှိရတယ်။ MOU ဆိုတာ မြန်မာအလုပ်သမား တွေကို G to G ဆိုတဲ့ တရားဝင်လူကုန်ကူးမှုတံဆိပ် ကပ်ထားတယ်ဆိုတာ အလုပ်သမားတွေခံစားရမှုတွေ က သက်သေပြထားခဲ့ပြီးဖြစ်တယ်။
၎နှစ်သက်တမ်း ကုန်နေတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်း နှစ်ကြာအလုပ်သမားတွေ ဖြစ်တာကြောင့် MOU စနစ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားရင် ပြဿနာတွေ ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။ မကြာခင် စတင်လုပ်ကိုင်ကြတော့မယ့် ဒီအစီအစဉ်မှာ ထိုင်းအေဂျင်စီတွေက အလုပ်သမားတစ်ယောက်စီကနေ လစာရဲ့၂၅ ရာခိုင်နုန်းကိုယူပါမယ်။ (လစာ ဘတ် ၉,၀၀၀ ရသူဆီကနေ အကျိုးဆောင်ခ ဘတ် ၁,၅၀၀ ယူမယ့် သဘောဖြစ်ပါတယ်။)
အယင်နှစ်က လုပ်ခဲ့တဲ့ ပတ်စပို့လုပ်ငန်းစဉ်မှာ ထိုင်းအလုပ်သမား ၀န်ကြီးဌာနကို ဖြတ်ခ ဘတ် ၁၃၀၀၊ မဟာထိုင်း(စစ်တပ်) ကို ဘတ် ၂၀၀ ကနေ ဘတ်၄၀၀ အထိပေးခဲ့ကြရတယ်။ မြန်မာသံရုံးဖြတ်ခ ပြီးတော့ မြန်မာပတ်စပို့ တစ်အုပ်ကို အယင်နှစ်က ဘတ် ၈၅၀ ပေးခဲ့ရပေမယ့် ဒီနှစ်မှာ စာအုပ်ကြီး ဖြစ် တာကြောင့် ဈေးမြင့်လာအုံးမှာ သေချာတယ်။
ဒါ့အပြင် နယ်စပ်တွေမှာ ထိုင်း လ၀က၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာဝန်ထမ်းတွေရဲ့ ကြေး ကလည်း အနည်းဆုံး ဘတ် ၂,၀၀၀ လောက်ကုန်ကျတယ်။ ကိုတာ လို့ခေါ်တဲ့ အငှါးသူဌေးခ ဆိုတာ လည်းအနည်းဆုံး ဘတ် ၃၀၀ကနေ ၅၀၀ အထိပေါက်ဈေးရှိပါတယ်။ ကားခ၊ စားစရိတ်နဲ့ ပွဲစားခတွေ နဲ့ဆိုရင် မြန်မာအလုပ်သမားတစ်ဦးအတွက်အနည်း ဘတ်တစ်သောင်းခွဲလောက် ကုန်ကျဦးမှာ ဖြစ် ပါတယ်။
ကုန်ခဲ့တဲ့နှစ်တုန်းက ထိုင်းအလုပ်သမား ၀န်ကြီးဌာနဟာ အလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပါမစ်ခ အတွက်တစ်ခါတည်းယူလိုက်ပေမယ့် အလုပ်သမားတွေကို ၀တ်ပါမစ် စာအုပ် ပြည့်စုံအောင်ထုတ်မပေးပဲ အလုပ်သမားတွေဆီက ငွေတွေလိမ်ယူသွားခဲ့ပါတယ်။ ဒီလိမ်လည်မှုအတွက် မြန်မာသံရုံးနဲ့ မြန်မာအလုပ် သမား အရာရှိတွေ ဘာမှ တောင်းဆိုဖြေရှင်းပေးခဲ့တာမရှိခဲ့ဘူး။
“သေတွင်းထဲက မြန်မာအလုပ်သမားများ”
ပြီးခဲ့တဲ့ ၃နှစ်တာကာလအတွင်းမှာ ကျနော်တို့ အလုပ်သမားအရေးလုပ်ကြသူတွေ ဖြေရှင်းလို့ မရတဲ့သူတွေကတော့ G to G တံဆိပ်ကပ်ထားတဲ့ MOU အလုပ်သမားတွေဖြစ်ပါတယ်။ ဒီအလုပ်သ မားေ တွ ပြဿနာတက်လာတိုင်း တက်လာတိုင်း သက်ဆိုင်ရာ အေဂျင်စီတွေဟာ မြန်မာအလုပ်သမား သံအရာ ရှိနဲ့  ပူးပေါင်းပြီး နယ်စပ်ကို ပြန်ပို့တဲ့နည်းကိုပဲသုံးခဲ့ပါတယ်။
MOU စာအုပ်နဲ့ ရောက်ပြီးတော့ ဘ၀ပျက်နေကြတဲ့ မြန်မာအလုပ်သမားတွေ သိန်းချီပြီး ထိုင်းနိုင်ငံ အတွင်းမှာရှိနေကြပါတယ်။ ဒီအလုပ်သမားတွေရဲ့ ကံကြမ္မာဟာ အေဂျင်စီတွေရဲ့လက်ထဲမှာပဲရှိပါတယ်။ MOU ဆိုတာ မြန်မာနဲ့ ထိုင်းအစိုးရတို့ လူကြားကောင်းအောင် ပြောနေကြသလို တရားဝင်အလုပ်သမား တင်သွင်းတာပါဆိုရင် ဘယ်အလုပ်သမားမှ ထွက်ပြေးကြမှာမဟုတ်ပါ။
MOU စာချုပ်ပါ စည်းကမ်းချက် တွေက ထိုင်းက အသာစီးယူထားတာမို့ ငြိမ်နေတာပါ။ မြန်မာအစိုးရ အလုပ်သမားအာဏာပိုင်နဲ့ အေဂျင်စီ တွေကတော့ တရားဝင်လူကုန်ကူးခွင့်ရရှိပြီးတော့ အကျိုးအမြတ်ရ ရှိနေ တာကြောင့် မသိချင်ယောင် ဆောင်နေကြတာဖြစ်ပါတယ်။
“အလေးနက်စဉ်းစားသင့်”
မဟာဗျူဟာ ရေးဆွဲတာနဲ့လုပ်ပိုင်ခွင့်ပေးတာက လွယ်ပါတယ်။ ဒါပေမယ့် MOU နဲ့ ပြည်ပကို အလုပ်သမား တင်ပို့ခြင်းကြောင့် ဘယ်သူတွေ အောင်မြင်သလဲ။ အကျိုးရှိသလဲ???????
ဘယ်သူတွေ က ခံပြီးရင်းခံနေရတဲ့ နင်းပြားဖြစ်နေသလဲ????????
သန်းချီရှိတဲ့ လုပ်သားထုတွေရဲ့ မကုန်သင့်ပဲကုန်နေရတဲ့ ငွေတွေဟာ တိုင်းပြည်အတွက် နိုင်ငံခြား ၀င်ငွေ အကြီးအကျယ် နစ်နာဆုံးရှုံးမှု ဖြစ်တယ်။ စစ်အစိုးရအုပ်ချုပ်စဉ်ကာလက ပြည်ပရောက် အလုပ်သမား တွေကို ကျနော်တို့က ကာကွယ် စောင့်ရှောက်လို့ ရသေးတယ်။ ဦးသိန်းစိန်အစိုးရတက် လာပြီးနောက် ထိုင်းအလိုကျ MOU နဲ့ ချုပ်နှောင်လိုက်မှ အလုပ်သမားတွေ အခက်ကြုံနေကြရတယ်။ ကျနော်တို့ကူညီလို့မရတော့ဘူး။
တရားဝင်လူကုန်ကူးမှု MOU စာချုပ်ပါ စည်းကမ်းချမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ဆင်ခြင် သုံးသပ်ရကောင်းမှန်း မသိဖြစ်နေတဲ့ သိုက်တူးသမား မြန်မာအရာရှိတွေဟာ ထိုင်းမှာ အနေကြာ၊ အထာ သိတဲ့ ၄နှစ်သက်တမ်း ပတ်စပို့သမားတွေကိုပါ MOU ဘောင်ထဲမှာ နေရမယ့်လို့ အတင်းကျုံးသွင်းလာတဲ့ အခါ အလုပ်သမားတွေရဲ့ဒေါသမီးလျှံဟာ ဒီအတိုင်းနေပါ့မလား။ အလေးနက်စဉ်းကြရပါမယ်။
ထိုင်းနိုင်ငံက ကြည်ကြည်ဖြူဖြူလက်ခံထားတဲ့ MOU စနစ်ဟာ လုပ်ပိုင်ခွင့်ရတဲ့ ဌာနနဲ့ အရာရှိတွေ၊ ပွဲစားတွေ၊ လူကုန်ကူးမှုဂိုဏ်းခေါင်းဆောင်တွေအတွက် ရတနာသိုက်ကြီးဖြစ်ပေမယ့် တိုင်းပြည်အတွက် ပြည်ပ ၀င်ငွေ အဓိက ရှာပေးနေကြတဲ့ လေးသန်းထက်မနည်းတဲ့ အလုပ်သမား တွေအတွက် ကတော့ ဖိနှိပ်မှု ယန္တရားကြီးသက်သက်သာဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင် အရွယ်ကောင်း မြန်မာတွေကို ထိုင်း နိုင်ငံမှာ ကျွန်သက်ရှည်အောင် ချမှတ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာပေါ်လစီကို မြန်မာအစိုးရ က အကောင်အထည် ဖေါ်ပေးနေတာနဲ့တူပါတယ်။ တနည်းအားဖြင့် အေဂျင်စီတွေကို လာဘ် ငွေယူပြီး တရားဝင်လူကုန်ကူးခွင့်ပြုနေတာနဲ့ တူပါတယ်။
မြန်မာအစိုးရက သန်းချီရှိတဲ့ အလုပ်သမားတွေကို အလုပ်သမားသံအရာရှိတစ်ဦးတည်း ထားပြီး ဖြေရှင်းပေးနေတယ်လို့ ပြောတာဟာ ခပ်ကြောင်ကြောင်စကားသာဖြစ်တယ်။ သူဟာ သိကြား မင်း ဆို ရင်တောင် ဒီအလုပ်သမားအရေးအတွက် ကို ဖြေရှင်းပေးနိုင်မှာမဟုတ်ပါ။ ခပ်ရှင်းရှင်းပြော ရမယ်ဆိုရင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားအရေးကို မလုပ်တတ်မကိုင်တတ်ရင်၊ အလုပ်သမားဝန်ကြီး ကအစ၊ အလုပ်သမားသံအရာရှိအဆုံး ရဲရဲဝံ့ဝံ့နုတ်ထွက် ပစ်လိုက်ပါ။ သို့မဟုတ် ဖယ်ထုတ်ပစ်လိုက်စမ်းပါ။ နိုင်ငံခြားမှာ ကျွန်းဖြစ်နေတဲ့မြန်မာတွေရဲ့ ပို့ငွေတွေ သုံးဆ တိုးလာပါလိမ့် မယ်။ မြန်မာလူမျိုးတစ်မျိုးလုံး အရှက်ကွဲပါမယ်။ ဒီ့အတွက် ဘယ်သူတာဝန်ခံမလဲ။ အရှက်တကွဲဖြစ်လာခဲ့ ရင်တော့ အလုပ်သမား ၀န်ကြီး က မြန်မာတို့အတွက် ဂုဏ်သိက္ခာကို ဘယ်လို အရာနဲ့ပေးဆပ်မလဲ။ သို့တည်းမဟုတ် ဗိုလ်ချုပ်ပြော ခဲ့သလို ဖာသယ်နိုင် ငံဖြစ်ပြီလို့သာ မှတ်ယူကြမှာလား။
“ကျွဲပါးစောင်းတီး”
(ခွင်ပြုချက်မဲ့ အဆောက်အအုံ ကိုဆောက်လုပ်ပါက အောက်ခြေ အလုပ်သမားများကိုပါ အရေးယူ မယ်ဆိုတဲ့ ဥပဒေ တစ်ခုကို ပြဌာန်းတဲ့သတင်းတစ်ပုဒ်ကို ဖတ်ရပါတယ်။) သတ်တဲ့လူကိုပြစ်ဒဏ်ချ ရမယ့်အ စား ဓါးကို ထောင်ချတဲ့ ဥပဒေပညာရှင်တွေ ကျနော်တို့ တိုင်းပြည်မှာ ရှိနေဆဲပါလား။
ပြည်ပရင်းနှီးမြုပ်နှံမယ့်သူတွေက ဥပဒေတွေပြဌာန်းချက်တွေကို စောင့်ကြည့်နေကြချိန်မှာ အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခကြေးငွေကို ၂၀၁၄ ခုနှစ်အကုန်မှာမှ ပြဌာန်းနိုင်မယ်လို့ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ အလုပ်သမား ၀န်ကြီး ဦးအေးမြင့် ကပြောပြန်တယ်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူ၍သာ
ကျော်သောင်း