15 May 2014

“သမ္မတကြီးထမင်းငတ်မှာစိုးလို့ပါ”

 ၂၀၁၄ ခု မေလ ၁၄ ရက်နေ့ထုတ်မြန်မာပို့စ် အပတ်စဉ် ဂျာနယ်တွင် ဖေါ်ပြထားသော (ရွှေလုပ်သား ပင်တိုင် သတင်းထောက် မောင်ပေါ်ထွန်း ရေးသားသည့် ဆောင်းပါးအား) အွန်လိုင်း ပရိတ်သတ်များ ဖတ်ရှုနိုင်ရန်ဖေါ်ပြအပ်ပါသည်။ 


ကလေးတွေကိုမြေတောင်မြှောက်ပေးတာဟာ အနာဂတ်ကို တည်ဆောက်   ခြင်းဖြစ်ပါတယ်။ အလုပ်များရင် ထမင်းငတ်တယ်(အလုပ်များ၍ ထမင်းအချိန်မှန်မစားသုံးရန်နိုင်ခြင်းကိုဆိုလိုသည်) ဦးသိန်းစိန်  အလုပ် များပြီး ထမင်းငတ်မှာစိုးလို့ပြောရခြင်းဖြစ်ပါတယ်။

အခန်း(၁)
      ဒီရက်ပိုင်းအတွင်းမှာ ကင်းထောက်လူငယ်၊ ဘက်စုံထူးချွန်လူငယ်တွေ၊ လူရည်ချွန်လူငယ်တွေ စခန်းချ ကြ တဲ့နေရာတွေကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကင်းထောက်ချုပ် ဆိုတဲ့ ရာထူး ကြီးနဲ့ကိုသွား ရောက် တွေ့ဆုံတာတွေကို အစိုးရထုတ်သတင်းစာတွေမှာဖတ်ရှုရတယ်။ ဒါကြောင့် ကျနော် ကြုံခဲ့ တာလေး ကို ရေးပြချင်လာတယ်။

          ကျနော်လူငယ်အရွယ်  ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ လမ်းစဉ်လူငယ်သင်တန်း၊ အရံမီးသတ်သင် တန်း နဲ့ ရှေ့ဦးသူနာပြုသင်တန်းတွေကို နွေရာသီကျောင်းပိတ်ရက်တွေမှာ တက်ရောက် သင်ကြားကြရပါ တယ်။ အလားတူ ၁၉၈၁ နှစ်မှာ အ,သုံးလုံးပြကြရပြီး၊ ၁၉၈၃  မှာ  သန်ခေါင်စါရင်း ကောက်ခံပေးခဲ့ကြရပါ တယ်။  ၁၉၈၄ ခုနှစ်မှာ ရန်ကုန်မြို့ မင်္ဂလာဒုံမှာရှိတဲ့ ဗဟိုနိုင်ငံရေးတက္ကသိုလ် သို့ တစ်နိုင်ငံလုံးတစ်မြို့နယ် ကို တစ်ယောက်ကျစီ ရွေးချယ်ခံရပြီးတော့ လမ်းစဉ်လူငယ်(ကျေးလက်) ခေါင်းဆောင်သင်တန်း အမှတ် စဉ်(၁၂) ကိုတက်ရောက်ခွင့်ကြုံခဲ့ပါတယ်။


              လူငယ်ဘ၀ သင်တန်းပေါင်းစုံတက်ရောက်ဖူးတဲ့အပြင် ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာ၂လနီးပါး တက်ရောက်ရာမှာတော့ နိုင်ငံရေးသဘောတရားတွေနဲ့ တစ်နိုင်ငံလုံးက တိုင်းရင်းသားပေါင်းစုံ၊ အလွှာစုံက လူငယ်ခေါင်းဆောင်တွေနဲ့ စီမံခန့်ခွဲမှု တာဝန်ယူမှု တာဝန်ခံမှုတွေကိုပါနေ့စဉ်လက်တွေ့ ကျင့်သုံးကြပါ တယ်။  အပြိုင်အဆိုင်ကြိုးစားကြရပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့သမျှ အုပ်ချုပ်ရေးစနစ်တွေ အပြင် လက်ရှိအုပ်ချုပ်စနစ်တွေကိုပါသင်ကြားရတာကြောင့်  စာသင်ခန်းထဲမှာမရရှိဖူးတဲ့ အထွေထွေ ဗဟုသုတ တွေ အမြောက်အမြား ကျနော်တို့လူငယ်တွေ ရရှိခဲ့ပါတယ်။


             သင်တန်းကာလအတွင်းမှာ လေ့လာရေးတွေ စခန်းချဘာသာရပ်တွေအပြင် ပရိတ်သတ်ရှေ့မှာ ဟောပြောနည်းကို ညနေတိုင်း ခေါင်းစဉ်အမျိုးမျိုးနဲ့ ဟောပြောကြရပါတယ်။ လူငယ်ဘ၀မှာ အသိဉာဏ် တွေကို အထူးပွင့်လင်းစေတဲ့  တစ်ခုတည်းသော ဗဟိုနိုင်ငံရေးတက္ကသိုလ်ကျောင်းကြီးပါပေ။ တက္ကသိုလ် ကျောင်းတော်ကြီးက ပြန်လာပြီးတဲ့နောက်မှာ  မြို့နယ်က လူရည်ချွန်တွေ၊ စံပြကြက်ခြေနီတွေနဲ့ နေ့ရာအနှံ့ ဟောပြောပွဲတွေ လိုက်လုပ်ကြရပါတယ်။ တက်ကြွရွှင်လန်းမှုအပြည့်နဲ့ ဟောကြပြောကြရတယ်။ ကျောင်း နေဖက် တောင်သူလယ်သမားသားသမီးတွေ  ကျောင်းသားကျောင်းသူတွေကတော့ တငေးတမော ဖြစ်နေ ကြတော့တာပေါ့။ လူငယ်တိုင်း လူငယ်တိုင်းကို ဒီလိုအတတ်ပညာတွေ တတ်စေချင်လိုက်တာ။  

အခန်း(၂)
            အမှန်က  တိုင်းပြည်မှာမွေးဖွားလာတဲ့ နိုင်ငံသားတိုင်း  လူငယ်တိုင်း ဒီအသိပညာ တွေရထားရင် တိုင်းပြည် အနာဂတ်အတွက်ရော လူမှုပါတ်ဝန်ကျင်းအတွက်ပါ တစ်စုံတစ်ခုစိတ်အေးရမယ်၊ ဆိုတဲ့ စိတ် ကောင်းစေတနာကောင်းနဲ့လုပ်တာမဟုတ်ပဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ကေဒါကောင်း တွေဖြစ်ဖို့ အတွက်လုပ်နေတာသာဖြစ်ပါတယ်။ မူလတန်းအရွယ်ကို တေဇလူငယ်၊ အလယ်တန်းအရွယ်ကို လမ်းစဉ်လူငယ်၊ အထက်တန်းကျောင်းသားကို အရံပါတီဝင် စတဲ့မူနဲ့လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ထင် ပါတယ်။ ကေဒါကောင်းအမွေးခံခဲ့ရတဲ့ ကျနော်ဟာပါတီကေဒါကောင်းဖြစ်မလာပဲ မဆလပါတီရဲ့ လုပ်ရပ် အမှားတွေကို ထောက်ပြဆန့်ကျင်သူဖြစ်လာခဲ့ပါတယ်။

          ၁၉၅၈ ခုနှစ်တောင်သူလယ်သမားဥပဒေပါပြဌာန်းချက်ဖြစ်တဲ့ လယ်သမားကိုအဖမ်းဆီးရဘူး။ လယ် သမားတွေကို ဖမ်းဆီးခြောက်လှန့်ခြင်းမပြုရဘူးလို့ပြဌာန်းထားတာကို ကျနော်တို့ကဗဟိုနိုင်ငံရေးတက္က သိုလ်မှာ သင်ကြားခဲ့ရပါတယ်။ တကယ့်လက်တွေ့မှာ တာဝန်ကျစပါးမကျေလို့ဆိုပြီး လယ်သမားတွေကို လက်ထိပ်ခပ်ဖမ်းဆီးထောင်ချတာတွေလုပ်နေကြတယ်။   ကျေးရွာနဲ့မြို့နယ်ကောင်စီတွေရဲ့လုပ်ရပ်ကို နိုင်ငံတော်လူကြီးတွေသိရှိအောင်တင်ပြပေးခဲ့တယ်။ ဒါ့အပြင် ဖမ်းဆီးခံလယ်သမား တွေပြဿနာတွေကို မြို့ ပေါ်ကို လိုက်သွားပြီးတော့ ကူညီဖြေရှင်းပေးပါတယ်။

             အာဏာပိုင်တွေ မတရားဖိနှိပ်ခံရတဲ့ လယ်သမားတွေ၊ ဆားတောင်သူတွေ၊ ပုဇွန်ကန်ပိုင်ရှင်တွေ အခက်အခဲကြုံတိုင်း  အာဏာပိုင်တွေ မသိရှိနိုင်တဲ့ နေရာတွေမှာ စည်းဝေးပွဲတွေလုပ်ပြီး စုပေါင်းဖြေရှင်းခဲ့ ကြတယ်။ ဒါကြောင့် ၁၉၈၈ အရေးအခင်ကာလမှာအမာခံ သပိတ်ခေါင်ဆောင်အဖွဲ့ဝင် အဖြစ်ရွေးကောက် တင် မြှောက်ကြပါတယ်။ ဘောလုံးကွင်းမှာ ချထားတဲ့ စားပွဲ ၂လုံးဆင့်ထားတဲ့ ဟောပြောစင် ထက်က ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာ သိခဲ့ရတဲ့ “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို တစ်လုံးချင်း အဓိပ္ပါယ် ဖွင့်ပြမှ လူတွေအတော်များများ အဓိပ္ပါယ် ပေါက်သွားကြတယ်လို့နောင်မှာ သိရှိခဲ့ရပါတယ်။ ဒီကတစ်ဆင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲကာလမှာ NLD မဲအနိုင်ရရှိရေးကော်မတီ ရပ်ကျေးမှာ ဥက္ကဌအဖြစ် တာဝန်ယူပြီး တော့ တတ်နိုင်သမျှ နိုင်ငံရေးမှာ ပါဝင်ပါတ်သက်ခဲ့ပါတယ်။ မဆလမွေးထုတ်တဲ့ ကေဒါဖြစ်မလာခဲ့ပါဘူး။

အခန်း(၃)
         နိုင်ငံတော်ကိုအုပ်ချုပ်တဲ့မင်းအစိုးရတွေဟာ လူငယ်တွေကို ထက်မြက်အောင်  ထူးချွန်အောင်  တိုး တက်အောင်မိဘတွေလုပ်ပေးကြရမှာဖြစ်သလို နိုင်ငံ့ခေါင်းဆောင်တွေကလည်း စဉ်ဆက်မပြတ် မြေတောင် မြှောက်ပေးသင့်ပါတယ်။တွေးခေါ်မျှော်မြင်တတ်ပြီး အမှားအမှန်ခွဲခြားတတ်အောင်လေ့ကျင့်ပေး သင့်ပါ တယ်။ လူငယ်တွေဟာ တတ်ချင်ကြပါတယ်။ တော်ချင်ကြပါတယ်။ 

လမ်းစတွေရှာဖွေတတ်ကြပါတယ်။ အဲဒါတွေကို လူကြီးမိဘတွေက ပြပေးဖို့ ဖွင့်ပေးဖို့ လိုပါတယ်။ ဆေးရုံးတို့ ယာဉ်ရထားတို့  ကားတို့ ပွဲလမ်း သဘင်တို့မှာ ကျောင်းသားတွေလူငယ်တွေဆိုရင်  အထူးဦးစားပေးတတ် တာဟာ လူငယ်တွေကို အသိအမှ တ်ပြုရာရောက်ပါတယ်။  ဒီလိုအခွင့်အလမ်းတွေကို မိဘတွေ နိုင်ငံအကြီး အကဲတွေက  စီစဉ်ပေးရမှာဖြစ်ပါ တယ်။ ဒီတာဝန်ဟာ မိဘနဲ့ အစိုးရတို့ မဖြစ်မနေလုပ်ရမယ့် တာဝန်နဲ့ ၀တ္တရားသာဖြစ်ပါတယ်။ ငါမို့လို့မင်းတို့ ကို ဂရုစိုက်ပြတာ လုပ်ပြတာမျိုးမဖြစ်သင့်ပါ။ တံဆိပ်ကပ်ရန်မလိုပါ။

           တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို အခွင့်အလန်းတွေဖန်တီးပေးတာကို မိမိတို့တာဝန် ကျေတယ်ဆိုပြီး ကျေနပ်ရပါမယ်။ ဒီလိုမဟုတ်ပဲ ကင်းထောက်ချုပ် ဦးသိန်းစိန်  ဆိုပြီး တံဆိပ်တပ်လိုက် တော့ အဓိပါယ် တစ်မျိုးဖြစ်သွားပါတယ်။ ဦးသိန်းစိန် မှာ ဒီလူငယ်တွေကို သွားရောက်တွေ့ဆုံဖို့ထက် အခြား အရေးကြီးတဲ့ အလုပ်တွေ အများကြီးရှိပါတယ်။ သုံးနှစ်တာကာလအတွင်းမှာ ဘာတွေလုပ်နိုင်ပြီး ဘာတွေ ရှင်းစရာတွေရှိသေးလဲဆိုတာ ၎င်းကိုယ်တိုင် ပိုသိမှာဖြစ်ပါတယ်။ စီမံခန့်ခွဲမှုညံ့ဖျင်းသူတွေ တလွဲ ဆံပင်ကောင်း မျက်ကန်းမျိုးချစ်စိတ်တွေနဲ့ တစ်တိုင်းပြည်လုံးကို မျက်စိပိတ်၊ နားပိတ်လုပ်ပြီး ထင်တိုင်းကြဲ ခဲ့လို့  ကမ္ဘာ့အမွဲဆုံးတိုင်းပြည်ဖြစ်နေဆဲပဲ မဟုတ်လား။ ပကတိကိုသိရှိခွင့်မရရှိပဲ မင်းမြှောင်များဖျက် ဆီးခြင်း ကို ခံရကာ မိမိကောင်းစား အဆင်ပြေနေသည်ကို တိုင်ပြည်တိုးတက်နေပြီးဟုထင်နေ လျှင် တက်တက်စင် အောင်လွဲနေပါမည်။ သမိုင်းတွင်မယ့်  အသွင်ပြောင်း သမ္မတလုပ်ခွင့်ကြုံတုန်း မှာ အပြောင်းအလဲကို လိုလား သူ အဖြစ်အသိအမှတ်ပြုခံခဲ့ရလို့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်မယ့် စါရင်းတင်သွင်းခြင်းကို တောင်မှ ခံခဲ့ရသေးတာပဲ။ ဦးသိန်းစိန်မှာ အားရစ ရာမှတ်တမ်းတွေရှိနေတယ်လေ။

          ၁၉၈၈ စက်တင်ဘာ ၁၉ ရက်နေ့စစ်အာဏာသိမ်းပြီး န၀တ၊ နအဖ နှစ်ပေါင်း၂၀ လောက်မှာ ၀န်ကြီး ချုပ်၊ ပညာရေးကော်မတီဥက္ကဌ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဌ၊ ကျမ္မာရေးကော်မတီဥက္ကဌ၊ ကော်မ တီ မှန်သမျှ ဥက္ကဌ လုပ်ပြီး တံတားဖွင့်ပွဲ လမ်းဖွင့်ပွဲတွေကို နေ့တိုင်းလုပ်နေခဲ့တဲ့ ဦးခင်ညွန့်။ ထောက်လှမ်း ရေး အကြီးအကဲလုပ်ပြီး တိုင်းပြည်မှာ အပ်ကျတာကအစ ကျုပ်သိတယ်လို့ပြောခဲ့တဲ့သူ။ တပ်မတော်ဆိုတာ ယောက်ျားကောင်းတွေမွေးဖွားသန့်စင်တဲ့တစ်ခုတည်းသောတက္ကသိုလ်၊ တပ်မတော်သည်အမိ တပ်မတော် သည်အဖ ဆိုပြီး ပြောင်းလဲကျင့်သုံးခဲ့သူ။ တန်ခိုးသြဇာအလွန်ထက်ခဲ့သူ။ အကျယ်ချုပ်ဘ၀ကလွတ်လာပြီး မီဒီယာတွေနဲ့စကားပြောတဲ့အခါ အထက်ကပေးတဲ့တာဝန်ကိုလုပ်ခဲ့တာ။ အမှားလုပ်ခဲ့တာမရှိဘူးတဲ့။ နိုင်ငံရေးလုပ်ခဲ့တာမဟုတ်ဘူးတဲ့။ ယောက်ျားမပီသတဲ့စကားတွေပြောလာတယ်။

         ဦးခင်ညွန့်ဟာ တကယ်တော့ န၀တ၊နအဖ ခေတ်မှာ တာဝန်အကြီးဆုံးအလုပ်ကိုလုပ်ခဲ့ပြီး လွတ်လပ် မှုကိုမြတ်နိုးသူ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ဘ၀ပေါင်းများစွာကို ချေဖျက်ခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ် တွေကို တောထုတ်ပြီးလက်နက်မပါတဲ့ ဘုန်းကြီးတွေကိုပါပစ်သတ်ခဲ့သူပဲမဟုတ်လား။

         ကိုယ်တိုင်ပါဝင်ပါတ်သက်ခဲ့တဲ့ ဒီနမူနာလေးတွေကို သင်ခန်းစာယူပြီးတော့ သမ္မတကြီးကို အကြံပြု ချင်တာက ယခု သမ္မတ  လုပ်နေတာဟာ တစ်စုံတစ်ယောက်က ဒါကိုလုပ် ဒါကိုသွားဆိုတဲ့ ခိုင်းစေတာကို လုပ်နေရသူလား။ သို့မဟုတ် အသွင်းပြောင်းတပ်မတော်သားတစ်ယောက်၊ ခေတ်အပြောင်းအလဲ နိုင်ငံ ခေါင်းဆောင်တစ်ယောက်ရဲ့ပြောင်မြောက်တဲ့သမိုင်းကိုရေးမလား။ တံဆိပ်ကပ်ပေမယ့် ဖြစ်ချင်တိုင်းဖြစ် သွားတတ်တဲ့ ကျနော်တို့လိုလူငယ်တွေကို မလိုလားအပ်တဲ့ တံဆိပ်တွေ သွားမကပ်ပါနဲ့လို့မေတ္တာရပ်ခံလိုပါ တယ်။ တန်ဖိုးရှိတဲ့ အချိန်တွေကုန်ပါတယ်။

          တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ရေ၊ မီး၊ လမ်တံတား၊ ဆေးရုံ၊ စာသင်ကျောင်း၊ အလုပ်အကိုင်၊ တက္ကသိုလ်ကောလိပ်၊ မိုးကျရွှေကို ညွန်ကြားရေးမှူးတွေခန့်နေတာကိုရပ်တန့်ပြီး ၀န်ထမ်း တွေ လာဘ်စားစရာမလိုပဲ နိုင်ငံ့တာဝန်ကိုအေးချမ်းစွာ အလုပ်လုပ်နိုင်တဲ့အနေအထား၊ တိုင်းပြည်မှာ စစ်သားအုပ်ချုပ်မှဖြစ်မယ်လို့ခံယူထားကြတဲ့ စိတ်နေသဘောထားလေးတွေကို တစ်ခုပြီးတစ်ခု တည်ဆောက်ပြုပြင်သွားရင်ဖြင့် ကင်းထောက်ချုပ်ရာထူးထက် သာလွန်မြင့်မြတ်တဲ့ တပ်မတော်သား ပြောင်းလဲရေးသမားကြီးအဖြစ် သမိုင်းတွင်ရစ်မှာ၊ ပြတိုက်ထဲမှာ ဂုဏ်ပြုထိုက်သူတစ် ယောက်ဖြစ်နေမှာ ဧကန်ဖြစ်ကြောင်းပါ။

                                                                       မောင်ပေါ်ထွန်း ဘန်ကောက်