27 January 2015

“အမြန်လမ်းသို့အလည်တစ်ခေါက်”


၂၀၁၅ခုဇန်န၀ါရီလ၁၄ရက်နေ့  ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ်တွင်ဖေါ်ပြခဲ့သည့် ဆောင်းပါးကို   ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
         “အမြန်လမ်းသို့အလည်တစ်ခေါက်”
         ရန်ကုန်နေပြည်တော်မန္တလေးအမြန်လမ်းမကြီးကို ၂၀၀၉ ခုနှစ်ဒီဇင်ဘာ ၂၈ ရက်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်။ မိုင်ပေါင်း၃၆၆မိုင်   ဖေါက်လုပ်ရာမှာ ကျပ်ငွေ ကိုးဘီလီယံကျော်ခန့် ကုန်ကျခဲ့တယ်။ တစ်မိုင်ကို အမေရိကန်ဒေါ်လာ ၂၇သိန်းလောက်(ကျပ်ငွေ၂ဒဿမ ၅ဘီလီယံ) ကုန်ကျပြီး၊ တစ်ပေပတ်လည်အတွက် ကျပ်ငွေငါးသိန်း ခန့်ကုန်ကျခဲ့တယ်လို့တတ်သိသူတွေတွက်ချက်ကြတဲ့ကိန်းကဏန်း အရသိရတယ်။
              လမ်းအဆင့်မမီမှုကြောင့် ၂၀၁၃ ခုနှစ်တွင်းအမြန်လမ်း တလျှောက်မှာ လူကြောင့် ၆၃ဒဿမ ၆၄ ရာခိုင်နုန်း၊ ယာဉ်ကြောင့် ၂၃ဒဿမ ၈ရာခိုင်နုန်း၊ လမ်းကြောင့် ၁ဒဿမ ၁၆ ရာခိုင်နုန်း၊ ရာသီဥတု   ကြောင့်  သုညဒဿမ ၄ ရာခိုင်နုန်း၊ မတော်တဆဖြစ်ခဲ့ရတယ်လို့ အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့စာရင်းအရသိရတယ်။  

       ဒီလမ်းဖွင့်လှစ်ခဲ့တဲ့ ၅နှစ်တာကာလအတွင်းမှာ ယာဉ်မတော် တဆမှုပေါင်း ၁,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာလူပေါင်း၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ နှစ်ချုပ် သတင်း ထုတ်ပြန်ချက်တွေအရသိရပါတယ် နေပြည်တော်မြို့သစ်ကြီးဖွင့်လှစ်၊ အမြန်လမ်းမကြီးအသုံး    ပြုကြ တာတွေကို၂၀၀၉ နောက်ပိုင်းမှာ ပြည်ပသတင်းမီဒီယာတွေ မှာဖေါ်ပြတာတွေကို အတော်များများ ဖတ်ရှု ခွင့်ရရှိခဲ့ပါတယ်။


 နိုင်ငံတကာက ဘယ်လိုပဲဝေဖန်ခဲ့သည်ဖြစ်စေလမ်းတံတားအဆောက် အဦးအသစ်တွေကို သတင်းတွေ မှာ မြင်တွေ့ရလို့သက်ဆိုင်သူတွေအားလုံးကို ကျေးဇူးတင်ခဲ့မိပါတယ်။ ဝေဖန်သူတွေထောက်ပြတဲ့ အဆင်းရဲဆုံးတိုင်ပြည်မှာလို အပ်ချက်တွေ အမြောက်အမြားရှိတာကို ပြုပြင်ပေးရမယ့်အစား နိုင်ငံတော် ပိုင်ငွေတွေကို သုံးပစ်ခဲ့တယ်။ နီးစပ်တဲ့ ခရိုနီတွေနဲ့ မိသားစုပိုင် ကုမ္ပဏီတွေကို ချမ်းသာစေခဲ့ တယ်။ အခွင့်ထူးခံတွေကို ပိုမိုချမ်းသာစေတဲ့ စီမံကိန်ကြီးတစ်ခု   ဖြစ်တယ်လို့ နိုင်ငံတကာက ထောက်ပြဝေဖန် မှုတွေပြုခဲ့ကြပါတယ်။

                                                              "ဘယ်လိုလမ်းအမျိုးအစားလဲ"
                                      
          ရန်ကုန်နေပြည်တော် မန္တလေးအမြန်လမ်းမကြီးဟာ  မြန်မာနိုင်ငံမှာ အကျယ်ဆုံးလမ်းမကြီး တစ်စင်း ဖြစ်ပါတယ်။ အကုန်အကျအများဆုံးလမ်းဖြစ်ပါတယ်။ လူ့အသက်အသေဆုံး လမ်းလည်းဖြစ်ပါ တယ်။ ဒီလမ်းမ ကြီးဟာ ဘာရည်ရွယ်ချက်နဲ့ ဘာကြောင့် ဖြစ်ပေါ်လာတဲ့လမ်းလဲ။  နေပြည်တော်ဆိုတာ အယင်က ကျပ်ပြေးဆိုတဲ့ နယ်မြေကို သိမ်းပိုက်ပြီး မြို့တည်ခဲ့ တာ။ 

ကျပ်ပြေးခေါ်တာကို ပျောက်အောင်ဖျောက်ပြီး နေပြည်တော် ဆိုတဲ့ အမည်ကိုတွင်စေခဲ့တယ်။ သိကြတဲ့ အတိုင်း၊ ရန်ကုန်မြို့ တိရိစ္တာန်ရုံကတိရိစ္တာန်တွေကိုခွဲယူပြီး(ယူချင်တဲ့အကောင်ကိုယူပြီး ) နေပြည်တော် မှာတိရစ္တာန်ဥယျာဉ်တည်ဆောက်တယ်။

 ရွှေတိဂုံပုံစံတူ စေတီတော် တစ်ဆူ ကိုလည်း တည်ထားကိုးကွယ်ခဲ့ကြတယ်။ လမ်းတွေနဲ့ နေပြည်တော် နယ်မြေတွေကိုနန်းဆံတဲ့အမည်သညာ နဲ့ ခေါ်ဝေါ် သမုတ်တွင်စေခဲ့တယ်။ စစ်ရေးလေ့လာသူတွေ အပြောအရ ဆွေမျိုးပေါက်ဖေါ်တွေရဲ့ရွှေဉာဏ်တော်ကို လက်ခံပြီး လုံခြုံရေးအစီအမံနဲ့ နိုင်ငံတော် အစိုးရ ရုံးတွေအားလုံးကို နေပြည်တော်မှာ ရုံးစိုက်လိုက်တာဖြစ်ပါ တယ်။ နေပြည်တော်ကို မလိုက်လိုကြတဲ့ နိုင်ငံ ၀န်ထမ်းတွေကို မလိုက်မနေရစနစ်နဲ့အတင်းပြောင်းရွှေ့ခိုင်းခဲ့တယ်။ ရောက်ဖူးသူတိုင်းသိကြမှာပါ။
           ကြီးကျယ်ခန်းနားတဲ့ အဆောက်အဦးတွေ၊ ခေတ်မီ ဟိုတယ်ကြီးတွေ၊ ကြီးမားကျယ်ပြန့်တဲ့ လမ်းမ ကြီးတွေနဲ့ ထိန်ထိန် လင်းနေတဲ့ လျှပ်စစ်မီးတွေက နေပြည်တော်ရဲ့ အဓိကဆွဲဆောင်မှု   တွေပါပဲ။ ဒီလို အကုန် အကျခံတည်ဆောက်ထားတဲ့ မြို့တော် ကြီး ကို လူတွေလာချင်အောင် ဆွဲဆောင်းခြင်းတစ်ရပ် အနေနဲ့ အမြန် လမ်းကို အမြန်ဖေါက်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အာဆီယံအလှည့်ကျ ဥက္ကဌ ရာထူးလက်ခံမယ့် အချိန်နဲ့ အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲကြီးကျင်းပရေး အတွက် ကွက်တိသဘော အလျဉ်းမီအောင် စီစဉ်လိုက်တာ လည်း ဖြစ်နိုင်ပါတယ်။ 
          မည်သို့ပင်ဖြစ်စေကာမူနည်းပညာတိုးတက်နေတဲ့ခေတ်၊ ခေတ်မီပစ္စည်း ကိရိယာတွေ မလိုချင် အဆုံးပေါ များတဲ့အချိန်၊ အထူးသဖြင့် လုံလောက်တဲ့ အဖိုးအခပေးချေပြီးမှ ဖေါက်လုပ်ခဲ့တဲ့ လမ်းမကြီး ဟာဒီထက်အဆ ပေါင်းများစွာ ကောင်းမွန်သင့်ပါတယ်။ နေပြည်တော်မှာ ၀န်ကြီးဌာနတစ်ခုနဲ့တစ်ခုကို ရှာဖွေသွားလာရ တာ ခက်ခဲ သလို လမ်းမသိလို့ မေးချင်လို့ နေရာတိုင်းမှာ လူမတွေ့မိတာကိုတော့ သတိပြုမိခဲ့ပါတယ်။ နယ်မြေမကျွမ်းကျင် သူတွေ လွယ်လွယ်ကူကူ ရှာဖွေနိုင်အောင် ရှင်းလင်းမြင်သာတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ အပြည့်အစုံမရှိသေးတာဟာ အားနည်းချက်ကြီးတစ်ခုဖြစ်ပါတယ်။ နေရာအတော် များများမှာလမ်းလုံခြုံရေး တာဝန်ထမ်းဆောင် နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်ဝန်ကြီးဌာန ဘယ်နေရာ မှာရှိသလဲ လို့မေးတာကို လမ်းမညွှန်နိုင်တာကတော့ အလွန့်အလွန်စိတ်ပျက်စရာဖြစ်ပါတယ်။

                     “အမြော်အမြင်”
           
         ကျပ်ငွေ ဘီလီယံပေါင်း တစ်ထောင်ထက်မနည်း အကုန် အကျခံတည်ဆောက်ထားတဲ့ ဒီလမ်းမကြီး ဟာ လုံခြုံရေးအစီအမံ တွေကြောင့်ပဲပြောင်းပြောင်း ဘယ်လိုစိတ်ကူးယဉ်ကိုပဲ အကောင် အထည်ဖေါ်ဖေါ် ယခုအတွက်ရော နောင် နှစ်ပေါင်းငါးဆယ် တစ်ရာအထိ မျှော်မှန်းတည်ဆောက်သင့်ပါတယ်။

ဥပမာ။     ဂျပန်နိုင်ငံမှာ လမ်းတံတားတစ်ခုဖြစ်စေ၊ အဆောက် အဦးတစ်ခုဖြစ်စေ၊ နှစ်၁၀၀ အတွင်း ဖြစ်ပေါ် လာနိုင်မယ့် ငလျှင် လှုပ်ခတ်မှု၊ မိုးရေတိုက်စားမှု၊ ကုန်တင်ကားတွေဖြတ်သန်းမှု၊တုန် ခါမှု၊ လေဖိအား၊ ရေဖိအား၊ နေရောင်ခြည်၊ ရေနဲ့ လေတိုက်စားမှုတို့အပြင်အပူအအေးစိုထိုင်း ဆပါ မကျန်ဂျပန်တို့မှာတွက်ချက်လေ့ရှိကြ ပါတယ်။ ဒါကြောင့် ဂျပန်တွေဟာ သူတို့လူမျိုး လုပ်ကိုင်တဲ့ အရာေ တွ အပေါ်မှာ ယုံကြည်စိတ်ချတတ်ကြပါတယ်။ ကြားဖူးကြမှာပေါ့ ဂျပန်မူလီဆိုတာ။ ဒါတောင်၂၀၁၁မှာ ဆူနာမီဝင်သွားတာ ဂျပန်နိုင် ငံတစ်စိတ် တစ်ပိုင်း အမှိုက်ပုံဖြစ်သွားခဲ့ပါသေးတယ်။
          လမ်းတံတားတွေကို အင်ဂျီနီယာတွေ တွက်ချက်ကြမှာ   မြေကြီးလက်ခပ်မလွဲပါဘူး။ အင်ဂျင်နီယာဆို တာ မြန်မာနိုင်ငံမှာ သာမန်ထက် ဉာဏ်ရည်မြင့်မားတဲ့သူတွေမှ တက်ရောက်သင် ကြားခွင့်ရတဲ့ အတတ်ပညာသည်လိုင်းဖြစ်ပါတယ်။ သူတို့တွေဟာ လမ်းကြံ့ခိုင်မှုအတွက် ဘယ်လိုပစ္စည်းကိရိယာတွေကိုသုံးမယ်၊ သံ၊ ကျောက် ဘိလပ်မြေတွေကို ဘယ်လို အရွယ်အစား၊ ဘယ်လို အချိုးစကေးနဲ့သုံးမယ်၊ အင်နားရှား ရွှေ့လျားမှုအတွက် ဘယ်ေ လာက်ကွေ့မှာ ဘယ်လောက် အတိမ်းအစောင်းထားမယ် ဆိုတာ စာရွက်ပေါ်မှာ တွက်ချက်ပြီးတော့ ၀န်ကြီးဆီကို တင်ပြကြရမှာပါ။ (ဥပမာ ရန်ကုန်မြို့ရှစ်မိုင်လို လမ်းကွေ့နေရာ အတိမ်းအစောင်းမျိုး) လမ်းတံတား၊ အဆောက်အဦးတွေ နှစ်ဘယ်လောက်အထိ အပျက်အစီးအယိုအယွင်း မရှိပဲ ခိုင်ခန့်နေရမယ်ဆိုတဲ့ အာမခံမှု လည်း ပါဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။သုံးစွဲရမယ့်စက်ယန္တရား ၊ အသုံးပြုရမယ့် လုပ်သားစါရင်းအပါအ၀င် ကြာမြင့်နိုင်မယ့် အချိန် ကာလတွေကိုပါ တွက်ချက်ပေးကြမှာ ကိန်းသေပါပဲ။ 
      အဝေးပြေးလမ်းမကြီးဘာကြောင့်ဒီလောက်အရည်အသွေးမမီဖြစ်သွားကြပါလိမ့်။ အစွယ် လိုသူက မိဖုရား၊ အသွားစေသူက မင်းဧကရာဇ်၊ အစွယ်ဖြတ်သူက သောနုတ္ထိုရ်၊ ကြံဖေါ်ကြံဖက် ဤသုံးဦး ဘာမှမဖြစ်ပဲ..ခရီးသွား ပြည်သူတွေရဲ့ အသက်တွေ၊ ဘ၀တွေသာ ပေးဆပ်ကြရတယ်။ ခိုင်းစေသူလည်း ရာခိုင်နုန်းနဲ့ ချမ်းသာ၊ ဆောက်လုပ်တဲ့ကုမ္ပဏီတွေလည်း ပေါ့ချောင်ခိုင်းလို့ချမ်းသာ၊ ကန်ထရိုက် နဲ့ အင်ဂျင်နီယာတွေလည်းသုံးချင် တာသုံးလို့ ချမ်းသာ။ဘာမှတာဝန်ယူစရာမလို ပဲ ဖေါက်လုပ်၊ ဆောက်လုပ် ခဲ့ကြတယ်ဆိုတာ လမ်းကသက်သေပြနေပြီလေ။
        ခုတစ်ခါ B.O.T စနစ် နဲ့ နိုင်ငံတကာအဆင့်မီ ရှစ်လမ်းသွား လုပ်ဖို့ တင်တာခေါ်ယူပြန်သတဲ့ ။ ဆွေးမျိုးပေါက်ဖေါ် ကုမ္ပဏီ၊ သားတော်ကုမ္ပဏီ၊ ခရိုနီ ကုမ္ပဏီတွေနဲ့ထပ်ပြီးတော့ တစ်ပွဲပြန် တစ်နပ်စား အကြံနဲ့နိုင်ငံတော် ဘဏ္ဍာ တွေကို ဖြုန်းကြအုံးမယ် ထင်ပါရဲ့။ သောနုတ္ထိုရ်တို့ ဒိုင်းလွှသွေးထားရုံပဲပ။ သုံးဦးစပ်ချမ်း သာ ကိန်းဆိုက်မှာတော့ ကိန်သေးပဲ။

         “သူတို့လမ်းတွေ ဘယ်လိုတည်ဆောက်ထားသလဲ”
            ရောက်ဖူးချင်စိတ်ပြင်းပြနေခဲ့တဲ့ နေပြည်တော်ဆီကို အလုပ်ကိစ္စ တစ်ခုနဲ့ ၂၀၁၄ ခု ဒီဇင်ဘာလ ကုန် ပါတ်မှာ ပထမဆုံး အကြိမ်အဖြစ်ကျနော် ရောက်ရှိသွားခဲ့ပါတယ်။ နေပြည်တော် အမြန်လမ်းခရီးအစ မှာ ကျနော် မင်တက် အံ့သြရပါတယ်။ အဲဒါကြောင့် စာဖတ်သူတွေ နှိုင်းယှဉ်နိုင်အောင် နေပြည်တော် အဝေးပြေးလမ်းမကြီးနဲ့  ကျနော်တို့ နေထိုင်အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံအဝေးပြေးလမ်းမကြီး
 တွေတည်ဆောက်ထားမှုတွေရဲ့ ကွာခြားချက်တွေကို ဖေါ်ပြပါရစေ။

 “ထိုင်းနိုင်ငံအဝေးပြေးလမ်းမကြီးများ”

 ထိုင်းနိုင်ငံရဲ့တတိယ၀င်ငွေအများဆုံးရရှိတဲ့ လုပ်ငန်းဟာ ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေးကို စနစ် တကျ ဖြစ်အောင်တည်ဆောက်ထားပါတယ်။ထိုင်းနိုင်ငံအဝေးပြေး လမ်းမမှာ တစ်နာရီမိုင်တစ်ရာလောက်မောင်းနေပေမယ့် ကော်ဖီခွက် ကိုဖင်ထိုင်ခုန်နောက် က ခေါက်စားပွဲပေါ် မှာတင်ထားလို့ မှောက်မကျပါဘူး။ဖိတ်စင်မသွားပါဘူး။ထိုင်းတစ်နိုင်ငံလုံးကားလမ်းမတွေ မှာ ကီလိုမီတာ၁၀၀ ၀န်းကျင်အကွာအဝေးမှာ မော်တော်ယာဉ်ေ တွကို ဆီဖြည့်တဲ့ဆိုင်တွေရှိပါတယ်။ အဲဒီဆီဆိုင်တိုင်းမှာ၂၄ နာရီ ဖွင့်လှစ် ရောင်းချတဲ့ ကုန်စုံဆိုင်တွေနဲ့ ထမင်းဆိုင်တွေရှိပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး ယာဉ်တွေရှိတတ်ပါတယ်။

          ကိုယ်လက်သန့်စင်ခန်းတွေရှိပါတယ်။ခရီးဝေးမောင်နှင်လို့ ကားသမားတွေ တရေးတမောအိပ်စက် အနားယူစရာခုံတွေ ပြင် ဆင် ထားပါတယ်။ စက်သုံးဆီဖြည့်တဲ့ ဆိုင်တစ်ဆိုင်ကို ၀င်လိုက် တာနဲ့ လမ်းခရီး အတွက် အသုံးအဆောင် လိုအပ်တာတွေ အား လုံးရရှိအောင် ဆောင်ရွက်ထားပါတယ်။ တချို့လမ်းခုလတ် မြို့ ရွာတွေမှာ  ကြားစခန်းအနေနဲ့ ဖန်တီးထားပြီး ထမင်းဆိုင်တွေ ထားရှိပါတယ်။ စီးနင်းလာတဲ့ ခရီးစဉ် လက်မှတ် အမျိုးအစားအရ ထမင်းအ၀စား ကျွေးမွေးတာတွေရှိပါတယ်။ 
     ထိုင်းနိုင်ငံမှာ ဘယ်သို့သော ညအိပ်ခရီးသည်တင်ကားကို စီးသည်ဖြစ်စေ သောက် သန့်၊ သစ်သီးဖျော်ရည်၊ မုန့်နဲ့ ကော်ဖီတို့ တိုက်ပါတယ်။ မိုးလင်းခါနီတဲ့အခါ မျက်နှာသစ် ဖို့စနိုးတာဝါ (အမွှေးနံ့ပါတဲ့ မျက်နှာသုတ်ပုဝါ) တစ်ထည်ပေးပါတယ်။ ပြီးတော့   ကော်ဖီပူပူတစ်ခွက် တိုက်ပါတယ်။ကားတိုင်းဟာ လေအေးပေးစက်တပ်ဆင်ထားပါတယ်။
          ကားတိုင်းမှာဗီဒီယိုပြသတဲ့စက်တွေပါသလိုအချို့ကားတွေ မှာ မိမိရှေ့မှာ မိမိကြည့်လိုတဲ့ ကားကို ကြည့်လို့ရတဲ့ဗီဒီယိုပြစက် တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ကြောမှီတွေမှာ အညောင်းအညာ ပြေစေဖို့ 
 နှိပ်ပေးတဲ့ ကိရိယာတွေပါ တပ်ဆင်ပေးထားပါတယ်။ ခရီးသည်တိုင်းကိုခြုံလွှာပုဝါနဲ့အတူ ခေါင်းအုံး တစ်ခုပါပေးထားတာ မို့ နားနားနေနေ ခရီးသွားလာရကာ ခရီးသွားတွေအားလုံး သက်တောင့် သက်သာရှိလှပါတယ်။
         ထိုင်းနိုင်ငံဟာအရှေ့တောင်အာရှမှာဒုတိယကားအများဆုံးအသုံးပြုတဲ့တိုင်းပြည်ဖြစ်ပြီး ကမ္ဘာပေါ် မှာ တတိယကားအများဆုံး အသုံးပြုတဲ့တိုင်းပြည်လို့ သိရှိရတယ်။ လူ၁၀ဦးမှာ ကား၇စီခန့်ပိုင် ဆိုင်ကြတယ်လို့ ဆိုပါ တယ်။  ဒီလောက် ပမာဏများပြားတဲ့ ကား   တွေကို လမ်းပေါ်မှာ အချိန်ကုန်သက်သာစေဖို့အတွက် မိုးပျံ ကား လမ်းမကြီးတွေ နိုင်ငံအနှံ့ကို ဖေါက်လုပ်ထားပါတယ်။ လမ်းခွတိုင်း၊ လမ်းခွဲတိုင်းမှာ ဂုံးကျော် တံတားတွေ တည်ဆောက် ထားပါတယ်။ အချို့လမ်းဆုံလမ်းခွတွေမှာ ကားလမ်းငါးထပ်အထိ ရှိနေတာ လည်းရှိပါတယ်။ မြေပြင်ကားလမ်းဖြစ်စေမိုးပျံကားလမ်း    မကြီးတွေမှာဖြစ်စေ လမ်းနယ် သတ်မှတ်ချက်
တွေဖြစ်ကြတဲ့ အဖြူ နဲ့ အ၀ါ ဆေးရောင်တွေကို လက်မ၀က်လောက် ထူထူထဲထဲ ခြယ် ထားပါတယ်။ 
         လမ်းတလျှောက်မှာ ဘေးဘယ်ညာမှာသတိပေး ရောင်ပြန် အမှတ်အသားတွေကို တပ်ဆင်ပေး ထားပါတယ်။ ကီလိုမီတာ ၁၀၀ ကျော်လောက်အကွာမှာ အရေးပေါ်အကူညီတောင်းခံနိုင်ဖို့ အတွက် ဖုန်းတွေကို ပြင်ဆင်ပေးထားပါတယ်။ အမြန်လမ်း တလျှောက်မှာ ကယ်ဆယ်ရေးကားတွေ မပြတ်မလတ် သွားလာ   စောင့်ရှောက်ပါတယ်။ အထူးသတိပြုစရာတစ်ခုကတော့ အဝေးပြေးလမ်း မပေါ်မှာ
 မောင်းနှင်ကြတဲ့ ကားတွေအရှိန်လျှော့ စရာမလိုပဲ မှန်မှန်မောင်းပြီး အန္တရာယ်ကင်းစေဖို့အတွက်၊ လမ်းကွေ့ အကျဉ်းအကျယ် အတိုအရှည်ပေါ် မူတည်ပြီးတော့ တချို့နေရာတွေမှာ ၁၇၅ ဒီဂရီ၊ ၁၇၀ ဒီဂရီ၊ ၁၆၅ ဒီဂရီ အစရှိ သဖြင့် တိမ်းစောင်းပေးထား တာကို ဂရုပြုမိပါတယ်။   

လိုအပ်တဲ့နေရာမှာ အချိန်လျှော့သွားစေဖို့အတွက် လိုအပ်တဲ့ ဂျမ်းငယ်တွေကိုလည်း ပြင်ဆင် ထားပေး ပါတယ်။မြို့ထဲက ဖြတ်သန်းနေရတဲ့ မိုးပျံ ကားလမ်းဘေးအနီးအနားက လူနေအိမ်တွေက ဆူညံမှုတွေ
လျှော့နည်းစေရေးအတွက် အသံထိန်းစနစ်ပါတဲ့ နံရံ အမြင့်တွေကို ကာရံပေးထားပါတယ်။
           နှစ်ခြိုက်စရာကောင်းတာတစ်ခုကတော့ ထိုင်းတနိုင်ငံလုံး ကားလမ်းတစ်တလျှောက်လုံးမှာ အစိမ်းရောင် ဆိုင်းဘုတ်ပေါ်မှာ အဖြူ ရောင်စာလုံးတွေနဲ့ အင်္ဂလိပ်၊ ထိုင်း ၂ဘာသာနဲ့ လမ်းညွှန် ထား တာကြောင့် အင်္ဂလိပ်စာတတ်တဲ့ နိုင်ငံခြားသားတစ်ယောက် ထိုင်းတစ်နိုင်ငံလုံးကို မောင်းနှင် သွားရောက်နိုင်ပါတယ်။
           လုပ်တဲ့အလုပ်တိုင်းအတွက် ကြိုက်ဈေးပေးသလို အာမခံ လည်းပေးရပါတယ်။ ဥပမာ နှစ်၂၀၊ ၃၀ စသည်ဖြင့်အာမ,ခံရပါ တယ်။ အာမ,ခံထားတဲ့အတိုင်းမဟုတ်ပဲ ချို့ယွင်းလို့ရှိရင် အဲဒီေ ဆာက်လုပ်တဲ့ ကုမ္ပဏီက အစိုးရဆီမှာ အပေါင်(အာမခံ) တင် ထားတဲ့ငွေက ပေးလျှော်ရပါတယ်။ အားသာတဲ့ လုပ်ထုံး လုပ်နည်း ကတော့ အလုပ်တစ်ခုကို မလုပ်ခင် သေသေချာချာ ဘက်ပေါင်းစုံက အချက်အလက်
တွေစုဆောင်းပါတယ်။ အမြင်သဘောထား   တွေခံယူပါတယ်။ လမ်းကိုအသုံးပြုမယ့် ကားမောင်း သမားတွေ ကိုမေးမြန်းပါတယ်။ အကြံဉာဏ် တောင်းခံပါတယ်။ သူတို့ပြော တာတွေကိုမှတ်သား ပြီး အထူးကျွမ်းကျင်တဲ့ နိုင်ငံတကာအဆင့်မီ အင်ဂျီနီယာကြီး တွေနဲ့ ညှိနှိုင်းပေါင်းစပ်ပါတယ်။  လုပ်ပြီးမှလိုအပ် ချက်ရှိလာလို့ ပြန်လည်ပြင်ဆင်ရခြင်းမရှိအောင် သူတို့ဟာ ဂရုပြု ကြပါတယ်။ အပြစ်အနာအဆာအနည်းဆုံးနဲ့ စိတ်ချလက်ချ အဖြစ်   နိုင်ဆုံးဖြစ်အောင် လုပ်ကိုင်တတ်ကြပါတယ်။ 
             အင်ဂျီနီယာတွေဟာမူလ အကြမ်းထည်ကတည်းက စပြီးအဆုံးထိတိုင်အောင်သတ်မှတ် ထားတဲ့ သံ၊ဘိလပ်မြေ ကျောက် စသည်တို့ အချိုးစားညီညီ အသုံးပြု မပြုကို ဂရုစိုက်ကြပါတယ်။ စိုထိုင်းဆနှင့်
 အေးခဲမှုများ အပါအ၀င် အလေးချိန်အချိုးအစားများ ကို သတ်မှတ်ချိန်အတိုင်းပြည့်မီအောင် ဂရုပြုကြပါတယ်။ လမ်းကို အသုံး ပြုကြသူများ အဆင်ပြေချောမွေ့စေရေးအတွက် ယာဉ် အသွား အလာနည်းပါးတဲ့ ညအချိန်တွေမှာ မီးတွေထွန်းပြီး လုပ်ကိုင် တတ်ကြပါတယ်။ 
             ဥပမာ။ ယခုလက်ရှိ မိုးပျံရထား ၃ထပ်သုံးနေရချိန်မှာ ထိုင်းနိုင်ငံသား အိမ်ထောင်စုတစ်စု ရဲ့ကားပိုင် ဆိုင်မှုမည်ရွှေ့ မည် မျှ ဆိုလျှင် နောင်အနှစ် ၅၀ရောက်တဲ့အခါ ဘယ်မျှ ဖြစ်လာမည်။ အဲဒီအချိန် မှာ လိုအပ်ချက်အရ လမ်းတစ်ထပ် အပေါ်ကို ထပ်တင် ရမည်ဆိုပါက မည်သို့လိုအပ်လာမည်။  ထိုလို အပ်ချက်အတိုင်း  အကောင်အထည်ဖေါ်နိုင်ရန် မည်သည်များ အဆင်သင့်ပြင် ထား ခဲ့ရမည်ဟူသည့် မိမိတို့ သေလွန်ပြီး ကျန်နေခဲ့ကြမည့် ကားလမ်း အသုံးပြုကြမည့် မျိုးဆက်သစ် နောင်လာနောက်သား များအတွက် ထည့်သွင်းတွက်ချက် တည်ဆောက်ထားကြပါတယ်။ စီမံကိန်းတွေပြီးစီးလို့ တာဝန်ရှိတဲ့သူတွေ ကိုအပ်နှံတဲ့အခါ နိုင်ငံ တကာအဆင့် မီအရည်သွေးပြည့်မီမှ လက်ခံလေ့ရှိကြပါတယ်။

                   “ပန်းခြံထဲကကားလမ်း”


    ထိုင်းနိုင်ငံမှာ နယ်စွန်နယ် ဖျားမို့လို့၊ မြို့တော်မို့လို့၊ မြို့နယ်မို့ လို့၊ ကျေးရွာမို့လို့ဆိုတဲ့ ခွဲခြား   မြင်တဲ့ အမြင်မျိုးနဲ့ မဟုတ်ပဲ ထိုင်း ဘုရင့်နိုင်ငံတော် အတွင်း ဆိုတဲ့ စိတ်ထားအပြည့်နဲ့ ဖွံ့ဖြိုးမှုတန်းတူ ဖန်တီးတည်
ဆောက်ထားပါတယ်။ ပျက်စီးနေတဲ့လမ်း ထိုင်းနိုင်ငံမှာမရှိပါ။နယ်မြေအလိုက်သတ်မှတ်ထားတဲ့ အရုပ် သင်္ကေတတွေနဲ့ လမ်းလယ် မီးတိုင်တွေမှာ လှပစွာတန်ဆာဆင် ထားတတ်ပါ တယ်။ (ဥပမာ၊ နတ်သမီးရုပ်၊ နာယားရုပ်၊ ငါးရုပ်၊ ဆင်ရုပ်) ထိုင်း တစ်နိုင်ငံလုံးမှာ နေ့နဲ့ည မှားလောက်အောင် လျှပ်စစ်မီးကို အလုံ အလောက် သုံးစွဲထားပါတယ်။  

      အဝေးပြေးလမ်းမဖြတ် သန်းသွားရာ မြို့ရွာလမ်းတွေအားလုံး အလယ်မှာ လှပတဲ့ပန်းခင်းတွေနဲ့ ရှု့မငြီး စရာအလှပြင်ဆင်ထား ပါတယ်။ တိရိစ္ဆာန်အရုပ်တွေနဲ့အလှဆင်ထားကြပါတယ်။ တစ်နိုင်ငံလုံး ကားလမ်းမဘေး မှာ အမှိုက်ရှိဖို့နေနေသာသာ ဖုန်တောင် မထပါဘူး။ 
         အဝေးပြေးလမ်းပေါ်မှာ အသုံးပြုကြမယ့် ကုန်တင်ကားတွေ မှာ အခင်း အကာ အမိုး လုံခြုံရပါတယ်။ တရွာနဲ့ တရွာ တမြို့နဲ့ တမြို့ အလှမ်းကွာဝေးသွားခဲ့ရင် အသွားတစ်လမ်း ပြန်တစ်လမ်း အဖြစ်စီမံဖေါက် လုပ် ထားပြန်ပါတယ်။ လမ်းလယ်မှာ ရေမြောင်းကြီးတွေ အဖြစ်ထားရှိပြီး ရေမြောင်း တစ် ဖက်စီမှာ အပင်ကြီးအမျိုးအစား အလှပန်းပင်တွေစိုက်ပျိုးပေးထားပါတယ်။ တစ်ခွန်းတည်းသောစကား နဲ့ပြောရရင် ထိုင်းနိုင်ငံအတွင်း က ကားလမ်းတွေအားလုံးဟာ ပန်းခြံတစ်ခုထဲ မှာဖေါက်လုပ်ထား သလိုပါပဲလို့ ပြော ချင်ပါတယ်။

                  “အကြံပြုဆွေးနွေးခြင်း”                                      
        ကျနော်တို့ တိုင်းပြည်မှာ ကျပ်ငွေ ဘီလီယံ
ထောင်ချီပြီး အကုန်အကျခံထားတဲ့နေပြည်တော် လမ်း မကြီးရဲ့အားနည်း ချက်တွေကတော့
 (၁) အမြတ် အစွန်းကို အဓိကထားတာ   ကြောင့် လမ်းတွေဖြောင့်သင့်တာတွေ ကိုမဖြောင့်ပဲ လမ်းကွေ့ များနေခြင်း၊


 (၂) လမ်းကွေ့များတွင် လမ်းကို တိမ်းစောင်းထားမှု လုံးဝမရှိဘဲ လမ်းဖြောင့်များကဲ့သို့  မျက်နှာပြင်များ ညီညာနေခြင်း၊

(၃) တာရှည်ခံနိုင်မည့် အရည်အသွေးမရှိခြင်း၊ 

(၄) လမ်းလယ်၊ လမ်းဘေး၊သတ်မှတ်မျဉ်းအရောင်များ ထင်ထင်ရှားရှားမရှိခြင်း၊

 (၅) လမ်းဘေး၊ လမ်းလယ်များတွင် ရှိသင့်သည့် ဥယျာဉ်ပန်းမန် များမရှိခြင်း၊ 

(၆) ၁၁၅ မိုင် တစ်ခု တည်းတွင်သာ စားသောက် ဆိုင်များထားရှိခြင်း 

(၇) ကြားတွင် နားနေ စားသောက်နိုင်သည့် အခြားနေရာများ မရှိခြင်း၊ 

(၈) သတ်မှတ်ချိန်လွန်မောင်းနှင်ခြင်းကို တိုင်းတာသည့် ကိရိယာနှင့် အရေးယူ သည့်နေရာဌာန မရှိ ခြင်း၊ 
(၉) ယာဉ်မောင်းများကို မူးယစ်ဆေးဝါး သုံးစွဲထားမှုရှိ မရှိတိုင်တာ တဲ့ကိရိယာနဲ့ စစ်ဆေးသူများ မရှိခြင်းတို့ ဖြစ်ကြပါတယ်။
         မိုင်သုံးရာကျော် ခရီးအတွင်း လမ်းဘေး ၀ဲယာမှာ စိုက်ပျိုး   ဖြစ်ထွန်းတဲ့မြေအနည်းငယ်သာရှိပါတယ်။ ဒီလောက်ဝေး တဲ့ခရီး ရှည်မှာ မြေလွတ်မြေရိုင်းတွေနဲ့ စိုက်ပျိုးမြေမဟုတ်တာတွေ အမြောက်အမြားရှိနေတာ ကို လည်း သတိပြုမိပါတယ်။  

ကားလမ်း တလျှောက်မြင်တွေ့ရတဲ့ ပဲခူးရိုးမကြီးတစ်ခုလုံးကတော့ မြက်တွေပေါက် ရောက်နေပြီ မို့ နို့စားနွားတွေ မွေးမြူ ဖို့အလွန်ကောင်းပါတယ်။ တဖြည်ဖြည်းချင်း ပိုမိုလူဦးရေထူထပ်လာနေတဲ့ ရန်ကုန် မြို့က လူတွေကို အဝေးပြေးလမ်းမတလျှောက် မြို့သစ် ရွာသစ်တွေ ထူထောင်ပြီး အိုးပိုင်အိမ်ပိုင်မရှိကြ သူတွေ အားလုံး ကို သက်သာတဲ့နုန်းထားနဲ့ မြေကွက်တွေ ချပေးလိုက်ရင် အဖေါ် မဲ့ပြီး ခြောက်ကပ်နေတဲ့ နေပြည် တော် လမ်းမကြီးဟာ အသက် ၀င်လှုပ်ရှားလာ လိမ့်မယ်လို့ ထင်ပါတယ်။ 

အချိန်မှန်ပြီး စိတ်ချရတဲ့ မီးရထားစနစ်သာ တည်ရှိခဲ့လို့ကတော့ အလုပ်သမားတွေနဲ့ အိုး အိမ်အတည် တကျမရှိတဲ့ နိုင်ငံဝန်ထမ်းတွေအားလုံး ဒီနေရာတွေ မှာလာနေကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ အလုပ်အကိုင်ရှိတဲ့မြို့ကို မီးရထား ကို ဗဟိုပြုပြီး အလုပ်လုပ်နေကြတာဖြစ် ပါတယ်။
             ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုတကယ်တိုးတက်ကောင်းမွန်စေချင်ကြရင်တော့ ဒီခရီးကို ဒီနည်းနဲ့သွားခြင်း ကိုရပ်တန့်ကရပ်ပြီး၊ အတုယူသင့် သည်များကို မရှက်မကြောက်အတု ယူကာ
 စေတနာပါပါ လုပ်ကိုင် ကြပါမှ အရာရာ စိတ်ချလက်ချကောင်းမွန်တိုးတက်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် ရင်တော့ အခြားနိုင်ငံက ကျွမ်းကျင်သူတွေနဲ့ အကောင် အထည်ဖေါ်သင့်ပါတယ်။ အကြံပေးတွေကို အကြံပေးဖို့ပါလိုအပ် မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

                         ကျော်သောင်း (ဘန်ကောက်)