27 May 2016
တာဝန်ယူရမှာက ၀န်ကြီးအဟောင်း စိစစ်ရမှာက ၀န်ကြီးအသစ်
နိုင်ငံတော်ကိုချစ်ရချီရဲ့၊ မြတ်နိုးရချီရဲ့၊ ကာကွယ်စောင့်ရှောက်ရချီရဲ့ ဆိုတဲ့ အာဏာရှင် အစိုးရတွေ တိုင်း
ရန်ကုန်မြို့ကြီးကို ဘယ်လို လက်ညှိးထိုးပြီး ရောင်းစားသွားသလဲဆိုတာ ရွှေ့ပြောင်းအလုပ်သမားတွေ သိရှိ
နိုင်စေရန်အတွက်၊ ၂၇.၅.၂၀၁၆ အလဲဗင်းသတင်းစာပါ သတင်းဆောင်းပါးကို ကူးယူဖေါ်ပြလိုက်ပါတယ်။   
YIG ကုမ္ပဏီသို့ နှစ်ရှည် ငှားရမ်းထားသော ပြည်လမ်းမပေါ်၊ ၉ မိုင်ရှိ အမှတ် (၁) လယ်ယာသုံး စက်ကိရိ ယာ ထုတ်လုပ်ရေးစက်ရုံနေရာကို တွေ့ရစဉ် "လယ်သမားများဟာငွေကို ချေးတယ်။   အလွယ်တကူသုံး တယ်။ မိမိရဲ့လယ်ယာမြေကို တိုးတက်အောင် ဆောင်ရွက်ချင်တဲ့ စိတ်ဓာတ်တွေ မရှိပါဘူး" ဆိုတဲ့ စကားတွေကို မေ ၂၃ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးပြောသလို တောင်သူတွေဟာ ငွေကို လွယ်လွယ်သုံးတယ်။ တိုးတက်အောင် လုပ်ချင်စိတ် မရှိဘူး ဆိုရင် ယခင်လယ်/ဆည်နဲ့ ပေါင်းလုပ်နေတဲ့ ခရိုနီတွေကိုဆို နိုင်ငံ့ဘဏ္ဍာ နစ်နာအောင် လုပ်တဲ့ သူတွေ၊   နိုင်ငံပိုင်တွေ အသင့်ယူသုံးပြီး နိုင်ငံတိုးတက်အောင် မလုပ်ဘဲ သူတို့ပဲ တိုးတက်အောင် လုပ်နေတဲ့ သူတွေလို့ အရင်သတ်မှတ် သင့်ပါတယ် ၀န်ကြီး ခင်ဗျာ။
                ပြည်သူတွေ အနေနဲ့ကတော့ ဖုန်းပြောခထဲကတောင် နိုင်ငံအတွက် အခွန်ငါးရာခိုင်နှုန်းကို တာဝန်ကျေကျေ ပေးဆောင်နေကြရပါတယ်။ဒါပေမဲ့ ၀န်ကြီးဌာနတွေနဲ့ ပေါင်းလုပ်နေတဲ့ လုပ်ငန်းရှင် တစ်စုကတော့ နိုင်ငံပိုင်စက်ရုံ၊ လုပ်ငန်း၊ မြေကွက်တွေကို မတန်မရာ ဈေးတွေနဲ့ လုပ်ခွင့်တွေရ၊ နိုင်ငံက ရသင့်ရထိုက်တာ မရဘဲ လွတ်ကင်းနေကြလို့ နိုင်ငံလည်း တော်တော်နာနေပါပြီ။
      နိုင်ငံတော်ဟာ ရသင့်ရထိုက်တဲ့ အခွန်အခ မရဘဲ ဘယ်လောက်နစ်နာနေသလဲ၊ စာချုပ်ဖောက်ဖျက် လုပ်နေတာတွေ ဘယ်လောက် များသလဲ ဆိုတာကို လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင် လက်ထက်မှာ ပုဂ္ဂလိကကို ငှားရမ်းခဲ့တဲ့ စက်ရုံ၊ မြေကွက်စာချုပ်တွေကို နမူနာအနေနဲ့ ကြည့်ရင်သိနိုင်မှာပါ။
          ရန်ကုန် ပြည်လမ်းမပေါ် ကိုးမိုင်က ၁၀ ဧကကျော် ကျယ်တဲ့စက်ရုံ၊ ဘုရင့်နောင် လမ်းမပေါ်က ဧက ၁၂၀ ကျော်ကျယ်တဲ့ စက်ရုံတွေ၊ ဧက ၄၀ နီးပါး ကျယ်ဝန်းတဲ့ ဒေါပုံကော်ဇောစက်ရုံကို ငှားရမ်းခဲ့တာတွေကို နမူနာအနေနဲ့ ကြည့်တာနဲ့တင် နိုင်ငံပိုင်တွေနဲ့ ပတ်သက်ရင် လူတစ်စု ကောင်းစားပြီး နိုင်ငံဘယ်လောက် နစ်နာသလဲဆိုတာ သိနိုင်ပါတယ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူခင်ဗျာ။
နမူနာ(၁)
ရန်ကုန်မြို့ဘုရင့်နောင်လမ်းမကြီးပေါ်ကဧက၁၂၀ ကျော်ကျယ်ဝန်းတဲ့အုတ်ကျင်းဂုန်နီစက်ရုံနဲ့ လျှော်ရွေး လျှော်ထုတ် စက်ရုံကို ကျော်ထက်ကျော် ကုမ္ပဏီထံ နှစ်ရှည်ငှားရမ်း ခဲ့ပါတယ်။
ငှားရမ်းကာလ နှစ် ၃၀ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ပါတယ်။
ငှားရမ်းခကတော့  ဧက ၁၂၀ ကျော်ကျယ်တဲ့ စက်ရုံနှစ်ရုံကို တစ်နှစ်ကျပ်သိန်း ၃၅၀၀၊ တစ်လ ကျပ်သိန်း ၂၉၀ ကျော်နဲ့ ငှားခဲ့တာဖြစ်လို့ နိုင်ငံတော်အနေနဲ့ မြေတစ်ဧကအပေါ် တစ်လ ကျပ် ၂၄၀၀၀၀ ကျော်ပဲ ငှားခရပါတယ်။
စက်ရုံကိုငှားရမ်းတဲ့ အဓိက ရည်ရွယ်ချက်ထဲမှာ မူလလုပ်ငန်းကိုလုပ်ပြီး စက်ပစ္စည်းတွေကို ပြင်ဆင်ပြုပြင် မွမ်းမံပြီး တိုးတက်ထုတ်လုပ်ဖို့ ဆိုတဲ့အချက်က အဓိကအချက်ပါပဲ။
နိုင်ငံတော် နစ်နာမှု
ဒီနေရာမှာ နိုင်ငံနစ်နာမှု ဘယ်လောက်ရှိတယ် ဆိုတာကို စက်ရုံနေရာရဲ့ ကာလတန်ကြေး၊ ကုမ္ပဏီကရနေ တဲ့ ၀င်ငွေနဲ့ ကုမ္ပဏီက နိုင်ငံတော်ကို ပေးသွင်းတဲ့ ပမာဏကို နှိုင်းယှဉ်ကြည့်တာနဲ့ သိနိုင်ပါတယ်။ ကာလ တန်ကြေးနဲ့ တွက်မယ်ဆိုရင် ဘုရင့်နောင် လမ်းမကြီးပေါ်မှာ ပေ ၁၀၀ ပတ်လည်လောက်ကိုတောင်တစ်လ ငှားရမ်းခက ကျပ်သိန်း ၅၀ လက်ရှိပေါက်ဈေး ရှိပါတယ်။ တစ်ဧကဆိုရင် ကျပ်သိန်းရာဂဏန်းဝန်းကျင် ရှိပါတယ်။
            ဧကကျယ်ဝန်းတဲ့ အတွက် တစ်ဧက ကျပ်သိန်းရာဂဏန်း မရဘူး ဆိုရင်တောင် အုတ်ကျင်းစက်ရုံေ နရာဟာ အနည်းဆုံး အဆောက်အအုံအပါ တစ်ဧကကို တစ်လ ကျပ် ၁၅သိန်း၊ သိန်း၂၀ တော့ရ ပါတယ်။
ဧက ၁၂၀ အတွက် တစ်နှစ်ကို ငှားရမ်းခသီးသန့် ကျပ်သိန်းပေါင်း ၂၁၀၀၀ ကျော်ကနေ ၂၉၀၀၀ နီးပါးအထိ ရမှာပါ။ ဒါက ကာလပေါက်ဈေးနဲ့ ငှားစားရုံ သက်သက်တင် နိုင်ငံတော်က နှစ်တိုင်းရနိုင်တဲ့ ၀င်ငွေပါ။
လက်ရှိ ငှားလိုက်လို့ နိုင်ငံတော်ရတဲ့ ၀င်ငွေနဲ့ ကုမ္ပဏီရနေတဲ့ ၀င်ငွေကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြတိုင်ကြားထားတဲ့ စာပါ စာရင်းတွေအရ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။
       ပြည်ထောင်စု လွှတ်တော်ကို တင်ပြတိုင်ကြားထားတဲ့ စာပါစာရင်းတွေ အရဆိုရင် ဒီစက်ရုံ နှစ်ရုံမှာ ဂိုဒေါင်ပေါင်း အလုံး ၅၀ ကျော်၊ မြေကွက်လွတ်တွေနဲ့ စက်ရုံ အဆောက်အအုံတွေ ပါရှိပါတယ်။
ကျော်ထက်ကျော် ကုမ္ပဏီက ဂိုဒေါင်အလုံးပေါင်း ၅၀ ကျော်မှာ ၂၆ လုံးကို ပြင်ပလုပ်ငန်းရှင်တွေကို ပြန်ငှား ရမ်း ထားပါတယ်။ ဂိုဒေါင် ၂၆ လုံး ငှားရမ်းခ တစ်ခုတည်းနဲ့တင် တစ်နှစ်ကျပ်သိန်း ၇၀၀၀ နီးပါးကနေ ကျပ်သိန်း ၉၀၀၀ ကြား ၀င်ငွေရရှိပါတယ်။
     စက်သုံးဆီ ကုမ္ပဏီတစ်ခု အပါအ၀င် ကုမ္ပဏီနှစ်ခုကို မြေငှားခဲ့တာကနေ တစ်လကျပ် ၁၅၅ သိန်းဖြစ်လို့ တစ်နှစ်ကျပ်သိန်း ၁၈၆၀ ရရှိပါမယ်။ စက်ရုံအတွင်းကို ကားဝင်ထွက်မှု အတွက်လည်း ကားဝင်ကြေး   ကောက်ခံပြီး ၂၀၁၄ -၂၀၁၅ တစ်နှစ်တည်း ကားဝင်ကြေးကနေ ကျပ်သိန်း ၄၀၀ ကျော် ရရှိခဲ့ပါတယ်။ ဒီလိုပဲ သစ်ပုံခ အပေါ်မှာလည်း ကျပ်သိန်းပေါင်းများစွာ ၀င်ငွေရခဲ့ပါသေးတယ်။ ချည်နဲ့ အိတ်ထုတ် လုပ်ရောင်းချမှုကနေလည်း တစ်နှစ်ကို ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ လောက် နှစ်နှစ်ဆက်တိုက် ရခဲ့ဖူးပါတယ်။
ဒီစာရင်းအရဆိုရင် ကုမ္ပဏီဟာ တစ်နှစ်ကို ပျမ်းမျှ ၀င်ငွေစုစုပေါင်းက ကျပ်သိန်းပေါင်း ၁၅၀၀၀ ၀န်းကျင်လောက် ရခဲ့ဖူးတယ်လို့ ပြောရမှာပါ။
           ကုမ္ပဏီအနေနဲ့ နိုင်ငံတော်ကို ပြန်သွင်းရတာက တစ်နှစ်စာအတွက် ငှားရမ်းခ သိန်း ၃၅၀၀ နဲ့ ၀န်ထမ်းလစာသိန်း ၈၀၀၀ စုစုပေါင်း သိန်း ၁၁၅၀၀ လောက် ဖြစ်ပါတယ်။ အခြားကုန်ကျစရိတ်တော့ ရှိချင်ရှိပါဦးမယ်။
    ကုမ္ပဏီဟာ စက်ရုံကို လုပ်ကိုင်ခွင့်ရပြီးတဲ့နောက် ကြီးကြီးမားမားမြှုပ်နှံမှု မပြုရသေးတဲ့ အချိန်မှာတောင် ငှားရမ်းခရငွေနဲ့ နိုင်ငံတော်ကို ပေးရမယ့် ငှားရမ်းခကို ပေးနိုင်တာ ကိုကြည့်ရင် ဒီစက်ရုံနေရာ အကွက် အကွင်းဟာ တန်ဖိုးဘယ်လောက် ရှိတယ်ဆိုတာ မှန်းနိုင်မှာပါ။
             နောက်တစ်ချက်က စာချုပ်စည်းကမ်းနဲ့ မညီလို့ နစ်နာတဲ့ အချက်ပါ။ လယ်/ဆည် အောက်က စက်ရုံတွေကို ငှားတဲ့စာချုပ်တိုင်း လိုလိုမှာ မူလလုပ်ငန်းနဲ့ မူလလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းပဲ လုပ်ရ မှာဖြစ်သလို၊ စက်ရုံထဲမှာပါတဲ့ အစိတ်အပိုင်းတွေကို တစ်ဆင့်ပြန် ငှားခွင့်မပြုရဘူးဆိုတဲ့ အချက်တွေပါ ပါတယ်။
        အခု ကျော်ထက်ကျော် ကုမ္ပဏီက ပြင်ပလုပ်ငန်းရှင်တွေကို ဂိုဒေါင်၊ မြေကွက်တွေ ပြန်ငှားရမ်းတာက စာချုပ်စည်းကမ်းနဲ့ ညီပါရဲ့လား။ လုပ်ခွင့်ရတာ လေးနှစ်ကျော်ပြီဖြစ်ပေမယ့် မူလလုပ်ငန်းကို အရင်ကထက် အများအပြား တိုးတက်အောင် မလုပ်နိုင်သေးတာကရော စာချုပ်စည်းကမ်းနဲ့ ညီပါသလား။
ပြည်ထောင်စု လွှတ်တော်ကို တင်ပြထားတဲ့ ဒီအချက်အလက်တွေဟာ မှန်မမှန်၊ စာချုပ်စည်းကမ်းနဲ့ ညီမညီ ဆိုတာကို ပြည်ထောင်စုဝန်ကြီးသစ်နဲ့ တာဝန်ရှိသူတွေက ပြန်လည်စိစစ် ထုတ်ပြန်သင့်ပါတယ်။
နမူနာ(၂)
ရန်ကုန်မြို့ ပြည်လမ်းမပေါ် (၉) မိုင်က အမှတ် (၁) လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ရေး စက်ရုံကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်မှာ လယ်/ဆည် ၀န်ကြီးဌာနကနေ Young Investment Group (YIG) ကုမ္ပဏီဆီကို နှစ်ရှည်ငှားရမ်းတဲ့ စာချုပ်ချုပ်ဆိုပြီး စတင်ငှားရမ်း ခဲ့ပါတယ်။ စာချုပ်အရ YIG ကုမ္ပဏီ ဟာ စက်တွေကို ပြင်ဆင်ဖြည့်စွက်ပြီး အရည်အသွေးမြင့်စက်ရုံ ဖြစ်လာအောင်လုပ်ဖို့၊ တောင်သူတွေ လိုအပ် ချက်နဲ့အညီ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးကို ပိုမိုထုတ်လုပ် ဖြန့်ဖြူးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ငှားတာပါ။
၁၀ ဧက ကျော်ကျယ်တဲ့ ဒီစက်ရုံကို YIG ကုမ္ပဏီက တစ်ဧက တစ်လကျပ်သိန်း ၅၀ လောက်နဲ့ ငှားရမ်းခွင့်ရပါတယ်။ ၀န်ထမ်းလစာကိုတော့ ကုမ္ပဏီကပဲ ပေးရမှာဖြစ်လို့ ၀န်ထမ်းလစာနဲ့ တစ်ဧက တစ်လ ကျပ်သိန်း ၅၀ နှုန်းနဲ့ လုပ်ခွင့်ရရှိ ထားတာပါ။
ငှားရမ်းတဲ့ သက်တမ်းကလည်း နှစ် ၃၀ အပြင် နောက်ထပ် ၁၅ နှစ် နှစ်ကြိမ်ဖြစ်လို့ ချုပ်လိုက်ရင် နှစ်ပေါင်း ၆၀ သက်တမ်းနဲ့ ငှားလိုက်တဲ့ သဘောပါပဲ။
နိုင်ငံတော် နစ်နာမှု
နစ်နာမှုဆိုတဲ့နေရာမှာ စာချုပ်စည်းကမ်းနဲ့အညီ မလုပ်တဲ့ အပိုင်းကြောင့် နစ်နာမှုရယ်၊ ကာလတန်ကြေး အရ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ပမာဏ မရလို့ နစ်နာမှုရယ်ဆိုပြီး နှစ်ပိုင်းရှိပါတယ်။YIG ကုမ္ပဏီ ဆီ မလွှဲခင် အစိုးရလက်ထက်မှာ ဒီစက်ရုံကနေ တစ်နှစ်ကို လက်တွန်းထွန်စက် အစီး ၁၅၀၀၊ ခြွေလှေ့စက် အစီး ၁၀၀၊ ထော်လာအစီး ၅၀ ကျော်နဲ့ တခြားလယ်ယာသုံး ပစ္စည်းတွေ ထုတ်လုပ်တယ်လို့ ထုတ်လုပ်မှုမှာ ပါဝင်တဲ့ ၀န်ထမ်းတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
          YIG ကုမ္ပဏီဟာ စက်ရုံကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်ဖို့ တင်ပြတုန်းက တစ်နှစ်ကို Dong Feng လယ်ထွန်စက်အစီး၂၀၀၀နဲ့လက်ကိုင်ရှည်ထွန်စက်အစီး ၁၀၀၀ကို နှစ်စဉ် တောင်သူတွေလက်ဝယ်
 ရောက်တဲ့အထိ ထုတ်လုပ်ရောင်းချမယ်ဆိုပြီး အာမခံထားပါတယ်။
    ဒါပေမဲ့ သုံးနှစ်အတွင်းမှာ စပါးခြွေလှေ့စက် ၁၅ စီး၊ ထော်လာ ငါးစီးနဲ့ ခြွေလှေ့စက်သယ်တဲ့ ထော်လာ တစ်စီး စုစုပေါင်း ၂၁ စီးပဲ ထုတ်လုပ်ခဲ့တယ်လို့ ထုတ်လုပ်မှုမှာ ပါဝင်တဲ့ ၀န်ထမ်းတွေက ပြောပါတယ်။ ဒီကိန်းဂဏန်းတွေ မှန် မမှန်လည်း စိစစ်ရပါမယ်။ မှန်တယ် ဆိုရင်တော့ စာချုပ်မှာပါတဲ့ တိုးတက် ထုတ်လုပ် မယ် ဆိုတဲ့ စည်းကမ်းချက်နဲ့ သူတို့ကိုယ်တိုင် တင်ပြထားတဲ့ တင်ပြချက်အပေါ် ချိုးဖောက်လုပ် ကိုင်တာသာ   ဖြစ်ပါတယ်။ ဂျပန်လုပ် စပါးခြွေလှေ့စက် ၁၃ စီးကိုပဲ အရောင်းပြထား ခဲ့တယ်လို့လည်း သိရပါတယ်။
          နောက်တစ်ချက်က စာချုပ်မှာ မူလလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကိုပဲ လုပ်ကိုင်ရမယ်ဆိုပြီး ချုပ်ဆိုထားပေမယ့် တကယ်တမ်းလက်တွေမှာတော့ စာချုပ်ပါ စည်းကမ်းအတိုင်း မဟုတ်ဘဲအာမခံလုပ်ငန်း
တွနဲ့ အခြားမသက်ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်တယ်။
YIG ကုမ္ပဏီ ငှားရမ်းထားတဲ့ စက်ရုံနေရာကို ကာလတန်ကြေးငှားခနဲ့ တွက်ကြည့်ရင်လည်း နိုင်ငံတော်က ရသင့်ရထိုက်တာ ရ မရ သိနိုင်ပါတယ်။
ပြည်လမ်းမပေါ်မှာ မြေ ၁၀ ဧကကို လူ့သက်တမ်း တစ်ခုစာနီးပါး နှစ်ရည်ငှားရမ်းလို့ရတဲ့ နေရာတောင် မရှိသလောက် ရှားပါးသွားပါပြီ။ ပြည်လမ်း ၉ မိုင်ရဲ့ လက်ရှိကာလပေါက်ဈေး ငှားရမ်းခကလည်း တစ်ဧကကို အနည်းဆုံး တစ်လကျပ်သိန်း ၂၅၀ ၀န်းကျင် ရှိပါတယ်။
အခု တစ်ဧကကိုမှ ကျပ်သိန်း ၅၀ ပဲ ရတဲ့အတွက် နိုင်ငံတော်အနေနဲ့ ကာလတန်ကြေး ငှားရမ်းခနဲ့ တွက်ရင်လည်း လက်ရှိ ငှားခရတာထက် များစွာနစ်နာပါတယ်။
ချုပ်လိုက်ရင် ဒီလိုစာချုပ်စည်းကမ်းနဲ့ မညီဘဲ လုပ်ကိုင်တဲ့အတွက်-(၁) တင်ပြထားတဲ့ အစီးရေအတိုင်း မထုတ်လုပ်လို့ တောင်သူနစ်နာတယ်။ (၂) စက်ရုံကြီး တစ်ရုံရှိရက်နဲ့ စွမ်းအားပြည့် မလည်ပတ်လို့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးပြီး နစ်နာတယ်။ (၃) နိုင်ငံ့ကုန်ထုတ် စွမ်းအားကို ထိခိုက်နစ်နာတယ်။ (၄) ကာလတန်ကြေးအရ နိုင်ငံတော်က ရသင့်ရထိုက်တာ မရလို့ နိုင်ငံ့ဘဏ္ဍာ နစ်နာပါတယ်။
အခွင့်အရေး ထပ်ပေးမလား
စာချုပ်ပ စည်းကမ်းနဲ့ မညီခဲ့တဲ့ YIG ကုမ္ပဏီဟာ ထပ်ပြီးတော့ ဒီစက်ရုံနေရာမှာ အရောင်းပြခန်း၊ လက်လီအရောင်းဆိုင်များ၊ လယ်ယာထွက်ကုန် သုတေသနဌာန၊ ၀န်ထမ်းတွေနဲ့ ဧည့်သည်တွေအတွက် Apartment နဲ့ Recreation Center တွေ၊ စက်ရုံအဆင့်မြှင့်တင်မယ်ဆိုတဲ့ အပိုင်းတွေ ပါဝင်တဲ့ Plan ကို လုပ်မယ်ဆိုပြီး အစိုးရဟောင်းမလွှဲခင် အချိန်လေး မတ် ၇ ရက်မှာ ထပ်တင်ပြခဲ့ပါတယ်။
ဒါတွေကို 'စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ တောင်သူတွေ လိုအပ်ချက်နဲ့အညီ လယ်ယာသုံး စက်ကိရိယာတွေ ပိုမိုထုတ်လုပ်နိုင်ရေး' ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တင်ပြခဲ့တာပါ။
နောက်ထပ်တင်ပြတဲ့ လုပ်ငန်းတွေကို လုပ်တဲ့အခါ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြှုပ်နှံမှာဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုလည်း တင်ပြထားပါတယ်။
မူလစာချုပ်မှာပါတဲ့ စည်းကမ်းချက်အရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအတိုင်း လျှောက်ထားတယ်လို့ YIG က တင်ပြပါတယ်။
ဒီနေရာမှာ မေးခွန်းတွေ ရှိလာပါပြီ။ သူတို့ တကယ်လုပ်ချင်တာက တောင်သူတွေအတွက် လယ်လုပ်ကိရိယာတွေ တကယ်ထုတ်ချင်တာလား အကွက်အကွင်း ကောင်းတဲ့နေရာကို တောင်သူခေါင်းစဉ်နဲ့ ယူထားပြီး အခြားစီးပွားဖြစ် လုပ်ငန်းတွေကို ပိုပြီးလုပ်ချင်တာလား ဆိုတဲ့မေးခွန်းပါ။
(၁) ဒီနေရာဟာ နိုင်ငံတော်ကပိုင်တဲ့ စက်ရုံနေရာဖြစ်သလို ငှားထားတဲ့ အဆင့်ပဲ ရှိပါတယ်။ ဒီလို နိုင်ငံတော် ပိုင်ဆိုင်ထားတဲ့ နေရာကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံခွင့် ပေးသင့်လား။
(၂) ဒီစက်ရုံဟာ စီးပွားဖြစ် လည်ပတ်ပြီးသားအဆင့် စက်ရုံမျိုးကို လုပ်ငန်းသစ် တစ်ခုပုံစံမျိုးနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံခွင့် ပြုသင့်ပါသလား။
(၃) တစ်နှစ် ထွန်စက် အစီး ၃၀၀၀၊ သုံးနှစ်ဆိုတော့ အစီး ၉၀၀၀ ထုတ်ရမယ့် နေရာမှာ သုံးနှစ်အချိန် ရခဲ့တာတောင်မှ ၂၁ စီးပဲ ထုတ်ခဲ့တဲ့ ကုမ္ပဏီဟာ တောင်သူတွေအတွက် လယ်လုပ်ကိရိယာ စဉ်ဆက်မပြတ် ထုတ်မယ်ဆိုတဲ့ အချက်ကလည်း ထည့်စဉ်းစားရမယ့် အချက်ပါ။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြှုပ်နှံခွင့်ပြုလိုက်ရင် နိုင်ငံတော်အနေနဲ့ ၀င်ငွေခွန်ငါးနှစ် ထပ်နစ်နာမှာ ဖြစ်ပါတယ်။ နောက်ထပ်ဆောက်မယ့် အဆောက်အအုံတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ ပြည်ပက တင်သွင်းတဲ့အခါ အခွန်ကင်းလွတ်ခွင့် အရပ်ရပ် ပေးရမှာဖြစ်လို့ ထပ်ပြီးအခွန်နစ်နာ ရပါဦးမယ်။
လက်ရှိ အခြေအနေမှာတောင် စာချုပ်နဲ့အညီ မလုပ်မှု၊ ကာလတန်ကြေးအရ နစ်နာနေမှုတွေ ဖြစ်ပေါ်နေတာကို ထပ်ပြီး နိုင်ငံတော်အခွန်အခ နစ်နာမယ့် ကိစ္စမျိုးကို အစိုးရ သစ်လက်ထက်မှာ အခွင့်အရေး ထပ်ပေးကြဦးမလား။
ကုမ္ပဏီက စာချုပ်အရ မြှုပ်နှံခွင့် တောင်းတယ်ဆိုရင် ကုမ္ပဏီကို စက်ရုံငှားစဉ်က စက်ရုံမှာ ကျန်ခဲ့ကြတဲ့ ယခင်အစိုးရ ၀န်ထမ်းတွေကရော ကုမ္ပဏီနဲ့ ဌာနဘက်က ပေးထားတဲ့ ကတိက၀တ်တွေအတိုင်း အပြည့်အ၀ ခံစားခွင့် ရလားဆိုတဲ့ ကိစ္စကိုတောင် အရင်ကွင်းဆင်း စစ်ဆေးကြည့်သင့်ပါတယ်။
နမူနာ(၃)
ဧရာဝဏ်လမ်းနဲ့ ဝေဇယန္တာလမ်းဆုံအနီး သာကေတ ရွှေပုဇွန်နားက ဧက ၄၀ နီးပါး ကျယ်ဝန်းတဲ့ ဒေါပုံကော်ဇောပစ္စည်း စက်ရုံကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ Capital Development ကုမ္ပဏီထံ စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ပါတယ်။
ထုံးစံအတိုင်း နှစ်ရှည်ငှားရမ်း ခဲ့တာဖြစ်ပြီး တစ်နှစ်ကျပ်သိန်း ၁၅၀၀၊ တစ်လ ကျပ် ၁၂၅ သိန်း၊ မြေတစ်ဧကကို တစ်လ ကျပ်သုံးသိန်းကျော်တည်းနဲ့ ငှားခဲ့တာ ဖြစ်ပါတယ်။ ၀န်ထမ်းလစာကတော့ အများနည်းတူ ကုမ္ပဏီဘက်က ပေးရတာတော့ ရှိမှာပါ။
စက်ရုံငှားရမ်းမှုမှာ နိုင်ငံတော်နစ်နာမှု ရှိမရှိ ဆိုတာကို ကာလတန်ကြေး တစ်ခုတည်းနဲ့ တွက်ရင်တောင် သိသာပါတယ်။
ဒေါပုံစက်ရုံနေရာဟာ လက်ရှိငှားရမ်းခ ပေါက်ဈေးက ဒီလိုဧကကျယ် အကွက်ဆို အဆောက်အအုံအပါ တစ်ဧကကို အနည်းဆုံး တစ်လကျပ် ၁၅ သိန်း၊ သိန်း ၂၀ တော့ ရှိပါတယ်။ ဧက ၄၀ ဖြစ်လို့ နိုင်ငံတော်က တစ်နှစ် ကျပ်သိန်း ၇၀၀၀ ကျော်ကနေ ၁၀၀၀၀ ၀န်းကျင်အထိ ရနိုင်တဲ့နေရာပါ။
အခု တစ်ဧကကို နိုင်ငံတော်က တစ်လ ကျပ်သုံးသိန်းကျော်ပဲ ငှားခရတဲ့အတွက် ကာလတန်ကြေးအရ နိုင်ငံတော်ဘက်က နစ်နာမှု ရှိမရှိ မြင်နိုင်ပါတယ်။
ဘယ်လိုတာဝန်ယူကြမလဲ
ဝန်ကြီးဟောင်း ဦးမြင့်လှိုင်လက်ထက် ငှားခဲ့တဲ့ စက်ရုံ၊ ဂိုဒေါင်၊ မြေကွက်၊ စိုက်ခင်းတွေကို တစ်ခုချင်း အကျယ်ရေးရရင် ပြီးနိုင်မှာ မဟုတ်ပါဘူး။
ဒီနမူနာတွေနဲ့တင် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ငှားရမ်းခ ကျပ်သန်းပေါင်းများစွာရော ကုန်ထုတ်လုပ်မှုပါ နှစ်စဉ်နစ်နာ ခဲ့ရပါတယ်။
သိထားတဲ့ စာရင်းအရတင် စက်ရုံပေါင်း ၅၀ နီးပါး၊ ဂိုဒေါင်မြေကွက်၊ စိုက်ခင်းပေါင်းက ၈၀ နီးပါးအထိကို ပုဂ္ဂလိကထံ လွှဲပေးခဲ့ပါတယ်။
စက်ရုံတွေထဲမှာဆိုရင် တစ်လ ကျပ်နှစ်သိန်းလောက်နဲ့ငှားတဲ့ စက်ရုံတွေတောင် ပါဝင်သလို ဂိုဒေါင်ငှားရမ်း ထားတဲ့ အပိုင်းမှာလည်း တစ်လကို ကျပ်နှစ်သောင်းခွဲတည်းနဲ့ ငှားခဲ့တဲ့ ဂိုဒေါင်တွေတောင် ပါဝင်ပါတယ်။
တာဝန်ယူတဲ့နေရာမှာ ၀န်ကြီးတာ ၀န်ထမ်းဆောင်ခဲ့လို့သာ ၀န်ကြီးဟောင်း ဦးမြင့်လှိုင်လို့ ပြောရ တာ ဖြစ်ပေမယ့် ဒုဝန်ကြီး ဦးအုန်းသန်း၊ သက်ဆိုင်ရာဌာန အသီးသီးက ညွှန်ကြားရေးမှူးချုပ်တွေ အကုန်လုံးမှာ တာဝန်ရှိပါတယ်။
ဝန်ကြီးဟောင်း ဦးမြင့်လှိုင်နဲ့အဖွဲ့ တာဝန်ယူရမှာက လုပ်ခွင့်ပြုထားတာ သုံးလေးနှစ်အထိ ရှိခဲ့တာတောင် စက်ရုံတွေ စာချုပ်စည်းကမ်းနဲ့ ညီ မညီ မစစ်ဆေးခဲ့တာ၊ အရေးမယူခဲ့တာ၊ တင်ဒါခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ ကာလတန်ကြေးအရ နစ်နာနိုင်တဲ့ ငှားရမ်းခမျိုးကို ခွင့်ပြုပေးခဲ့တာတွေဟာ ၀န်ကြီးဟောင်းနဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။
ပြန်ဆပ်ရမယ့် ချေးသူနဲ့ ပြန်ဆပ်စရာမလိုဘဲ နှိုက်စားသူ
နိုင်ငံပိုင်တွေကိုငှားရမ်းခဲ့တာတွေကို ခြုံကြည့်ရင်အများစုဟာစက်ရုံတွေတိုးတက်ဖို့ထက် နေရာကောင်းတွေကို လက်ဦးအောင် ဈေးပေါပါနဲ့ သိမ်းထားတယ်။ ပြီးရင် စက်ရုံ အလုပ်ထက် အခြားစီးပွားဖြစ်မယ့် အလုပ်တွေ ကို လုပ်ဖို့ ဦးတည်ထားတဲ့ သဘောတွေချည်းပါပဲ။ (အချို့မှလွဲ၍) ယူထားတဲ့သက်တမ်းတွေကလည်းလူ့သက် တမ်း တစ်ခုစာနီးပါးဖြစ်လို့ တစ်သက်စာ အပိုင်သိမ်းခံထား လိုက်ရတယ်လို့ သတ်မှတ်ရင် မမှားပါဘူး။
အစကတည်းက စက်ရုံကို ကုန်ထုတ်လုပ်ဖို့ထက် မြေနေရာဦးထားပြီး အခြားလုပ်ငန်းလုပ်ဖို့ ဦးတည် ထားကြတာဖြစ်လို့ စာချုပ်ထဲပါသလို ကုန်ထုတ်စွမ်းအားတိုးဖို့ ရှိမလာနိုင်တာ နမူနာတွေကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်။ ယူထားပြီး အလုပ်မလုပ်ဘဲ ပိတ်ထားတဲ့ စက်ရုံတွေတောင် ရှိတဲ့အတွက် သေချာပါတယ် ကုန်ထုတ်စွမ်းအား မတိုးပါဘူး။
       စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသစ် ဒေါက်တာအောင်သူခင်ဗျာ
 နိုင်ငံပိုင်စက်ရုံ မြေကွက်တွေကို ဒီလိုမျိုးဈေးပေါပေါနဲ့ နေရာဦး ဖျာခင်းထားတဲ့ လုပ်ငန်းရှင် တစ်စုကြောင့် စက်ရုံတွေရှိလျက်နဲ့ နိုင်ငံ့ကုန်ထုတ်စွမ်းအား ကျဆင်းရတယ်၊ ကာလတန်ကြေးနဲ့ မရလို့ ကျပ်ဘီလျံချီ နစ်နာရပါတယ်။
        အရင်အစိုးရ အဆက်ဆက်အနေနဲ့ တိုင်းပြည်အတွက် ဘယ်လိုလုပ်ပေးမယ်၊ ဘာတွေ လုပ်ပေးနေ တယ်ဆိုတဲ့ အကြောင်းကို အသာထား သူတို့သဘောနဲ့သူတို့ လုပ်ချင်တာ လုပ်ခဲ့တာတွေကိုတောင် ပြည် သူတွေအနေနဲ့ သိခွင့်မရခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့တယ်။
ဘာမှသိခွင့်မရဘဲ အုပ်ချုပ်ခံလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော် အရောက်မှာတော့ အုပ်ချုပ်ခံပြည်သူတွေက ဆင်းရဲတွင်းထဲ အများအပြား ထိုးကျသွားပြီး အုပ်ချုပ်သူ လူတန်းစားနဲ့ လူနည်းစုကတော့ ကြွယ်ဝသွားခဲ့ ကြသလို မြန်မာနိုင်ငံမှာ "ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့ လူတန်းစား" ဆိုတဲ့ လူတန်းစား နှစ်ရပ်ပဲ ရှိတော့တဲ့အထိ ဖြစ်သွားခဲ့တာလည်း လက်တွေ့ပါပဲ။
ဒီလိုဖြစ်ခဲ့တာရဲ့ အဓိကတရားခံက လုပ်ပိုင်ခွင့်သုံးပြီး အဂတိ လိုက်စားခြင်းနဲ့ နိုင်ငံပိုင်သယံဇာတ၊ လုပ်ငန်း၊ ပစ္စည်းတွေအပေါ် လက်ဝါးကြီးအုပ် လုပ်ခဲ့ခြင်းဆိုတဲ့ အချက်နှစ်ချက်ပဲ ဖြစ်သလို ဒီအချက်တွေ မပြင်သမျှ ဒီအတိုင်းပဲ ဆက်သွားနေဦးမှာပါ။
ဝန်ကြီးပြောတဲ့ တောင်သူတွေဟာ ငွေကိုချေးပြီး လယ်ထဲပဲထည့်ထည့် သောက်စားတဲ့ နေရာပဲသုံးသုံး ကျပ်တစ်သိန်းချေးရင် ကျပ်တစ်သိန်း ပြန်ဆပ်ရတဲ့ ချေးယူသူတွေပါ။
ဝန်ကြီးဌာနနဲ့ ပေါင်းလုပ်နေတဲ့ လူတစ်စုကသာ နိုင်ငံပိုင်တွေကိုသုံး၊ နိုင်ငံက ရသင့်ရထိုက်တာမရ၊ ပြန်ဆပ်စရာ မလိုဘဲ နှိုက်စားခွင့်ရပြီး နိုင်ငံကို နစ်နာစေသူတွေ ဖြစ်ပါတယ်။
အခု နစ်နာတာတွေလည်း သိပြီဖြစ်လို့ နိုင်ငံတော် မနစ်နာရအောင် စာချုပ်စည်းကမ်းနဲ့ မညီတာတွေကို ပြည်ထောင်စုဝန်ကြီးသစ် ဒေါက်တာအောင်သူနဲ့ တာဝန်ရှိသူတွေက ပြန်လည်စိစစ် ပြင်ဆင်ပေးဖို့ပဲ လိုပါတော့တယ်ခင်ဗျာ။
နောက်အပတ် တွေမှာလည်း ကုမ္ပဏီတစ်ခုတည်းကို စက်ရုံ၊ ဂိုဒေါင်၊ မြေကွက် အခု ၂၀ လောက်အထိ ပေးခဲ့တာတွေ၊ ကျိုက်ထီးရိုး တောင်ခြေက မြေဧက ၃၀၀ နီးပါးကို တစ်ဧကကျပ် ၁၀ သိန်းလောက်နဲ့ အပြတ်လွှဲ ပေးခဲ့တာတွေ၊ ဘတ်ဂျက်တွေကို ဘယ်လိုခွဲဝေ သုံးစွဲခဲ့ကြတယ် ဆိုတာကို ဆက်လက် ဖော်ပြဦးမှာပါ။
Writer: 
မာန်သူရှိန်