25 November 2014

မြန်မာနှစ်ဦးအမှုအတွက် မြန်မာသံရုံး အာမခံကြေး တင်မည်



ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာအလုပ်သမား ၂ ဦး အတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ်သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။

မြန်မာနှစ်ဦးကို စွဲဆိုထားတဲ့အမှုတွေ များတာကြောင့် ခရိုင်တရားရုံးမှာ အာမခံငွေကြေး ပိုသွင်းပြီး အာမခံ ရရှိအောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း မြန် မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြော ပါတယ်။


"တကယ်တမ်း ဒီလိုအမှုတွေမှာတော့ တကယ်တော့အရင်သူတို့ပြောတဲ့အတိုင်းပါပဲ၊ ဘက် ၅ သိန်းစီပါပဲ၊ ဒါပေမဲ့ စွပ်စွဲတဲ့ပုပ်မတွေဟာ ကြီးမားပြီးတော့ များပြားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ တရားသူကြီး ဆင်ခြင်တုံတရားပြုတဲ့ အခါမှာ အာမခံငွေများနေရင် ကျနော်တို့ဘက်က အခွင့်အရေးကောင်းတယ် ဆိုပြီးတော့ ဒါကြောင့်မို့ ကျနော်တို့ ရှေ့နေများကောင်စီက အကြံ ဥာဏ်ပေးခဲ့တာပါ၊ ရှေ့နေများကောင် စီပြောတဲ့အတိုင်း ဘက် ၁ သန်းစီကိုပဲ ကျနော်တို့တင်ဖို့ အစီအစဉ်ရှိပါတယ်၊ ဒါကိုလည်း သံအမတ်ကြီးနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးပါပြီ"

ခိုထောင်းကျွန်းအမှုအတွက် ကူညီပေးဖို့ အစိုးရက အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖွဲ့ ထိုင်းနိုင်ငံကိုရောက်ရှိနေပါတယ်။

ဥပဒေ နဲ့မှုခင်းဆိုင်ရာကျွမ်းကျင်သူတွေပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ မြန်မာ သံရုံးအထူးအဖွဲ့ဝင်တွေနဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပြီး၊ ခရီးစဉ်မှာလိုက်ပါလာတဲ့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနှစ်ဦးအမှုအတွက် လွှတ်တော်အမတ်တွေ လှူဒါန်းလိုက်ကြတဲ့ အမေရိကန် ဒေါ်လာ တစ်သောင်းခွဲကို မြန်မာသံရုံးအထူးအဖွဲ့ကို ပေးအပ်ခဲ့ခဲ့ကြောင်းသိရပါတယ်။

ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ တနင်္လာနေ့ မနက်က ထိုင်း လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ဦးခင်အောင်မြင့်ဟာ အစိုးရအိမ်တော်မှာ ထိုင်း ဝန်ကြီးချုပ် နဲ့တွေ့ဆုံခဲ့ပြီး၊ ထိုင်းလွှတ်တော်မှာ အမျိုးသား ပြုပြင်ပြောင်းလဲရေးကောင်စီ ဥက္ကဌ တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ရာမှာတော့ ခိုထောင်းကျွန်းအမှုနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးပြောဆိုခဲ့တာ ရှိမရှိမသိရကြောင်း ဘန်ကောက်ပို့စ် သတင်းကဖော်ပြပါတယ်။

မြန်မာသံရုံးအထူးအဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မြန်မာအလုပ်သမားနှစ်ဦးနဲ့တွေ့ဆုံပြီး အာမခံရရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

RFA Burmese