မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းဖို့နေသော သာ
အရှေ့တောင်အာရှ ဆီးဂိမ်းမှာ ပြိုင်ပွဲဝင် ၁၁နိုင်ငံ အနက် မြန်မာက နံပါတ်စဉ် ၇မှာချိပ်နေပြီး
ရွှေတံဆိပ်ပေါင်း ၁၂ ခုသာရရှိခဲ့ပါတယ်။ ၂၈ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲမှာ
ရွှေတံဆိပ်အများဆုံးရရှိထားသူက ထိုင်းနိုင်ငံဖြစ်တယ်။ အားလုံးသိကြတဲ့အတိုင်း လူတိုင်း
တခဲနက်အားပေးကြတဲ့ ဘောလုံးပြိုင်ပွဲမှာ အိမ်နီးခြင်းထိုင်းနိုင်ငံက ပထမ ရွှေတံဆိပ်ရရှိခဲ့ပြီး မြန်မာအသင်းက ဒုတိယ ငွေဆုတံဆိပ်ကိုသာရရှိခဲ့ပါတယ်။
ဒုတိယဆုရတာကို ကျေနပ်နှစ်သိမ်း စကားပြောကြတာကို သတိပြု မိလို့ ဒီဆောင်းပါးကိုရေးရခြင်းဖြစ်ပါတယ်။ ဒုတိယဆုရအောင်စွမ်းဆောင်ခဲ့ကြသူတွေကိုအထူးလေးစားပါတယ်။
ဒါပေမယ့် မြန်မာတွေကဒုတိယဆုနဲ့ပဲတန် သလား၊ ပထမဆုကို ဘာကြောင့် မရနိုင်တာလဲ။ ပထမဆုရအောင်
ဘာလုပ်ကြမလဲဆိုတာပြောချင်တာပါ။
“အသက် ငယ်တဲ့ကစားတွေလို ကျမ မစွမ်းဆောင်နိုင်တော့ဘူးလေ။
ကျမ အသက် ၃၆နှစ်ရှိပြီ၊ မီတာ တစ် သောင်းငါးထောင်ကိုပြေးနိုင်တဲ့ညှစ်အား ကျမမှာ ကုန်ဆုံးခဲ့ပြီ”
အင်တာနက်ဓါတ်ပုံတွေအရ အားကစား ဖိနပ် မပါတဲ့ မြန်မာ့လက်ရွေးစင် အပြေးသမား မပပ က မြန်မာသတင်းဌာနတစ်ခုမှာအင်တာဗျူးဖြေတာ ကြည့်ရှု့
လိုက်ရတယ်။ ညည်းငွေ့နာကျည်းစွာပြောတဲ့ သူမရဲ့ပြောဆိုဟန်တွေကိုကြည့်ပြီး စိတ်ထိခိုက်ရပါတယ်။
ကျမ မပြေးနိုင်တော့ပါဘူး ဆိုတဲ့ မပပ ကို အတွေ့အကြုံရှိတယ်ဆိုတာ
တစ်ခုတည်းနဲ့ ပြီးစလွယ် ဆွဲခေါ်ပြီး ပြိုင်ပွဲဝင်စေခဲ့တာဟာ အားကစားဝန်ကြီးဌာနရဲ့ လွဲချော်တဲ့စီမံခန့်ခွဲမှုအားနည်းချက်ကိုသိသာပါတယ်။
သူမကို အသက် ၂၀ အရွယ်လူငယ်တွေနဲ့ မီတာ တစ်သောင်းခွဲ တာဝေးကို ပြေးခိုင်တာ အသက်မသေတာ
ကံကောင်း တယ်လို့ ဆိုကြရပါမယ်။ မပပရဲ့ ပြောဆိုချက်အရ
မြန်မာအစိုးရရဲ့မြေတောင်းမြှောက်ပေးမှုတွေအရပါ ရပ်ကွက် လိုက်၊ ကျောင်းအလိုက်
အားကစားပြိုင်ပွဲတွေ မကျင်းပနိုင်တာနဲ့အဓိက သက်ဆိုင်ပါတယ်။ အခြေခံအကျဆုံး ဖြစ်တဲ့
ရပ်ကွက်၊ ကျေးရွာအစ ရန်ကုန်မြို့အဆုံး
အားကစားကွင်းတွေကို အကွက်ရိုက်ရောင်းစား နေကြတာaကြာင့် ကစားကွင်းတွေ
မျိုးတုံးကုန်တာ ကြောင့်လည်းဖြစ်နိုင်ပါတယ်။
တိုင်းနဲ့ပြည်နယ်ကစားသမား၊
ကျွန်းဆွယ်(ဆီးဂိမ်းကစားသမား) ကမ္ဘာအားကစားသမားဖြစ်အောင်ကြိုး
စားပြီးနိုင်ငံဂုဏ်ကိုဆောင်ခဲ့တယ်ထားဦး ဒီကစားသမားတွေအတွက် အနာဂတ်ဆိုတာ
မြန်မာနိုင်ငံမှာ မရှိဘူး ဆိုတဲ့ အချက်ဟာ မြန်မာ့အားကစား တိုးတက်ဖို့အတွက် အဓိကပြုပြင်ပြောင်းလဲရမယ့်
အချက်ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံကို စီမံအုပ် ချုပ်ကြတဲ့သူတွေ သိဖို့လိုပါတယ်။ မြေပိုင်ရှင်
သူဌေးကြီး ဦးခင်ရွှေ ကျပ်ငွေသိန်း ခြောက် ရာ
ကစားသမားတွေကို လှူတာက သာဓုခေါ်စရာဖြစ်ပေမယ့် တစ်ပွဲထိုး တစ်နပ်စား မြေတောင်မြှောက်ပေးမှု
သာဖြစ်ပါတယ်။ ရေရှည်မှာ နိုင်ငံ့ဂုဏ်သိက္ခာကိုရော အားကစားသမားတွေရဲ့အနာဂတ်အတွက်ပါ ကောင်းမွန်
တဲ့ အခင်းအကျင်းမျိုး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်အောင် တည်ဆောက်ပြုပြင်ကြဖို့လိုပါတယ်။
လောကမှာလူသားတိုင်းဟာ မျှော်လင့်ချက်နဲလူလုပ်ကြတာချည်းပါပဲ။
ထိုင်းနိုင်ငံမှာ နိုင်ငံတကာ ပြိုင်ပွဲ တစ်ခုခုမှာ ရွှေတံဆိပ်တစ်ခုခု ဆွတ်ခူးလာတဲ့ အားကစားသမားတစ်ယောက်အတွက်
တစ်သက်စာ လူတန်းစေ့ နေနိုင်လောက်အောင် ဆုချီးမြှင့်ပါတယ်။ ၂၈ ကြိမ်မြောက်ဆီးဂိမ်းအားကစားပြိုင်ပွဲမှာ
အနိုင်ရလာတဲ့ အား ကစားသမားတွေကို နိုင်ငံတော်က ဘတ်သန်းပေါင်း ၁၂၀ ချီးမြှင့်တာကိုကြည့်ပါ။
သိန်းချီရှိတဲ့ နိုင်ငံအ၀ှန်းက ကုမ္ပဏီတွေ၊ ဘုရင့်နန်းတော်ကချီးမြှင့်တဲ့ဆုငွေတွေမပါသေးပါဘူး။
အရှေ့တောင်အာရှ ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ် ဆုအများဆုံး ဆွတ်ခူးလာတဲ့ နိုင်ငံဂုဏ်ဆောင်
အားကစားသမားတွေကို နန်းတော်တွင်းရော၊ ဟိုတယ်တွေမှာပါ ဂုဏ်ပြုနေလိုက်ကြတာ ကစားသမားမျိုးဆက်တွေ
အားကျလောက်ပါတယ်။ ကြိုးစားချင်လောက်တဲ့ နမူနာတွေဖြစ်ပါတယ်။
“ဆီဂိမ်းဆိုတာ အယင်တုန်းကကျွန်းဆွယ်
ကစားပွဲဖြစ်တယ်”
မြန်မာဘောလုံးအသင်းဟာ
အရှေ့တောင်အာရှ (ကျွန်းဆွယ်)အားကစားပြိုင်ပွဲအမည်နဲ့ကျင်းပစဉ်က ငါးကြိမ် ဗိုလ်စွဲခဲ့ဖူးပေမယ့်၊
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)အဖြစ်အမည်
ပြောင်းလဲကျင်းပခဲ့တဲ့ ၁၉၇၇ ခု နှစ်နောက်ပိုင်းမှာ ဗိုလ်စွဲခဲ့ခြင်းမရှိတော့ဘူး။ ဆီးဂိမ်းအဖြစ်အမည်ပြောင်းလဲကျင်းပပြီးနောက်
မြန်မာအသင်းဟာ ၁၉၉၃၊ ၂၀၀၇ နဲ့ ၂၀၁၅
ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့်
သုံးကြိမ်စလုံး ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုသာရရှိခဲ့ပါတယ်။
ထိုင်းအသင်းဟာ
အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲအမည်နဲ့ ကျင်းပစဉ်ကာလက နှစ်ကြိမ်သာ ဗိုလ်စွဲခဲ့ပေမယ့်
ဆီးဂိမ်းအဖြစ် အမည်ပြောင်းလဲကျင်းပပြီးနောက် ယခု ၁၃ ကြိမ်မြောက်ဗိုလ်စွဲခဲ့ပြီးဖြစ်ပါတယ်။
ထိုင်းအသင်းရဲ့ထူးခြားမှုကတော့၂၀၁၅ ဆီးဂိမ်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိဘဲ
ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး အုပ်စုပွဲစဉ်မှ ဗိုလ်လုပွဲစဉ် (စုစုပေါင်း ခုနစ်ပွဲ) အနက်
၂၈
ဂိုးရရှိကာ ပေးဂိုးတစ်ဂိုးသာရှိခဲ့ပါတယ်။
၁၉၈၃ ဆီးဂိမ်းမှာ
မြန်မာအသင်းဟာ ထိုင်းအသင်းကို အနိုင်ရခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အတွင်း ထိုင်းကိုအနိုင်မကစားနိုင်တော့ပါဘူး။
၂၀၁၅ ဆီးဂိမ်းအမျိုးသား
ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲတွင် ဗီယက်နမ်အသင်းက အင်ဒိုနီးရှားအသင်းကို ငါးဂိုးဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့ပါတယ်။
လက်ရှိကစားသွားတဲ့ ဗိုလ်လုပွဲမှာ
မြန်မာအသင်း ဂိုးစောင့်သာ ညံ့ဖျင်းခဲ့ရင် ဆယ်ဂိုးထက်မနည်း ပေး ရပါလိမ့်မယ်။
ထိုင်းနဲ့ဗိုလ်လုပွဲမှာ မြန်မာအသင်းရဲ့ ကစားကွက်၊
ခြေစွမ်း၊ ကြံ့ခိုင်မှု၊ နည်းစနစ်တွေက ရပ်ကွက်က ကလေးတွေနဲ့ နိုင်ငံလက်ရွေးစင်အသင်းတို့
ကစားသလောက်ကို ကွာပါတယ်။ အသေးစိတ် ပြောစရာတွေ အများကြီးတွေ့မြင်လိုက်ကြရမှာဖြစ်ပါတယ်။
ဒီအားကစားပြိုင်ပွဲက အားနည်းချက်မျိုးတွေ နောင်ဘယ်တော့မှ မကြုံရအောင် ခုကတည်းက
ပြင်ဆင်ကြဖို့ လိုအပ်နေပါတယ်။
“သေချာစဉ်းစားကြည့်ပါ”
ဘယ်တိုင်းပြည်မှာ ဘယ်အခန်းကဏ္ဍက ဖွံ့ဖြိုးတိုးတက်နေပါတယ်။
ဥပမာ ကမ္ဘာပေါ်မှာ ဘယ်အုပ် ချုပ်ရေးစနစ်က ကောင်းမွန်းတယ်။ ဘယ်လိုစီမံခန့်ခွဲတာက
တိုင်းပြည်ကိုတိုးတက်စေတယ်။ ဘယ်လိုပည ရေးစနစ်က တိုင်းပြည်အနာဂတ်အတွက်
အရည်အသွေးပြည့်မီတယ်။ ဘယ်လို စိုက်ပျိုးရေးစနစ်က စပါးအထွက်တိုး စေတယ်။
ဘယ်လိုနည်းစနစ်က တိုင်းပြည်ကိုလျှပ်စစ်မီးတွေရရှိစေတယ်။
ဘယ်လို ကျမ္မာရေးစနစ်မျိုးက နိုင်ငံ သားတွေအတွက် ပိုမိုကောင်းမွန်တယ်ဆိုတာတွေကို တတ်သိသူတွေပြောနေကြပေမယ့်၊
တိုင်းပြည်ကို အလုံပိတ်ပြီး ခွစားနေတဲ့ လူတန်းစားတွေက စာရေးသူ ဋီကာချဲ့တာ
ပိုပြောတာ မဖြစ်နိုင်သေးတာ တို့ ပြောကြပါလိမ့် မယ်။ ဒါမှမဟုတ် ဟိုလူ့မှာတာဝန်ရှိသလိုလို သူလုပ်ချင်ပေမယ့်လုပ်လို့မရသလိုလို အရူး ကွက်နင်းပြီး မိမိတို့ အသုံးမကျသမျှကိုဖုံးဖိပါလိမ့်မယ်။
တိုင်းပြည်အရာခတ်သိမ်းမှာ
စစ်တပ်ကသာအခရာဆိုတာကိုပဲ အမွှမ်းတင်နေဆဲဖြစ်ပါတယ်။ စစ်တပ်ဟာတိုင်းပြည်ကာကွယ်ရေးအတွက်
မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတာမှန်ကန်ပေမယ့် အခြားသောစီမံခန့်ခွဲမှုတွေမှာ ၀င်ရောက်စွက်ဖက်လုပ်ကိုင်နေခြင်းဟာ
တိုင်းပြည်မွဲပြာကျစေတဲ့အဓိကအချက် ဖြစ်တယ်ဆိုတာ လက်ခံကြရမှာဖြစ်ပါတယ်။ အခြားနိုင်ငံတွေနဲ့ရင်ဘောင်တန်းဖို့အတွက်
တိုင်းပြည်ကို စစ်တပ် အုပ်ချုပ်မှ ဖြစ်မယ်ဆိုတဲ့ အယူဝါဒကို
စွန့်လွှတ်ကြရတော့မှာဖြစ်ပါတယ်။ ဒါတွေကို
နိုင်ငံပိုင်သတင်းစာတွေမှာ မင်းဖျက်မင်းမြှောင်ပညာရှင်ဆိုသူတွေ ရေးပြကြရပါမယ်။
ဒါမှ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာတာဝန်ကျေပါမယ်။
အစိုးရထုတ်သတင်းစာတွေမှာ
တိုင်းပြည်ခေတ်နောက်ကျနေတာ ဖွံ့ဖြိုးတိုးတက်မှု မရှိဆုံးဖြစ်နေတာ တွေဟာ လက်နက်ကိုင်
ပဋိပက္ခကြောင့်ဖြစ်တယ်။ ပြည်တွင်းစစ်ကြောင့်ဖြစ်တယ်။ ဆိုတာသာဖေါ်ပြကြတယ်။
အကြောင်းအရာတစ်ခုအနေနဲ့ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်နဲ့ ငါတကော
ကော ခဲ့တာကြောင့် ဉာဏ်ပညာအမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ တိုင်းပြည်ကို
အုပ်ချုပ်ခွင့်မရရှိခဲ့တာကြောင့်၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတာကြောင့်ဆိုတဲ့
အဓိကသော့ချက်ကို ယနေ့အထိသူတို့ မရေးကြပါဘူး။
သမ္မတဦးသိန်းစိန်
အစိုးရ တက်ခါစက ကြွေးကြော်ခဲ့တဲ့ သန့်ရှင်းကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့နေနေသာသာ
၅နှစ်ကာလအတွင်း ဆရာတပည့်မွေး စစ်ဝါဒက မိုးကျရွှေကိုယ်တွေက ဌာနဆိုင်ရာတွေမှာ
ညွန်မှူးတွေ ညွန်ချုပ်တွေလာလုပ်လိုက်တာ အိုးနင်းခွက်နင်းဖြစ်နေတယ်ဆိုတာ
လူတိုင်းသိနေကြတဲ့ကိစ္စပဲဖြစ်ပါတယ်။
အရာခပ်သိမ်းကို ဒီအတိုင်း
ဆက်သွားနေလို့ကတော့ ဆီးဂိမ်းပြိုင်ပွဲမှာ ဆုံးရှုံးမှုကြောင့် ခံစားခဲ့ကြရတဲ့
မြန်မာတွေရဲ့ နှလုံးသားခံစားမှုတွေ၊ မချိတင်ကဲ ကြေကွဲဝမ်းနည်းမှုတွေဟာ
ဆက်လက်ခံစားနေကြရမှာဖြစ်ပါတယ်။ မသိတာတွေကို ဆက်လက်ညွှန်ကြားနေသမျှ ကာလပတ်လုံး
မြန်မာဆိုတာ အရှုံးခံလူသား အဖြည့်ခံ နိုင်ငံအဖြစ် ပြိုင်ပွဲတိုင်းမှာ
မျက်နှာငယ်နေကြရအုံးမှာဖြစ်ပါတယ်။
“လူမြင်ကွင်းကယှဉ်ပြိုင်ပွဲ”
အနီးဆုံးဥပမာက ပြီးဆုံးသွားတဲ့
အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာ ထိုင်းက ရွှေတံဆိပ် ၉၃ ခု ရပြီး မြန်မာက
၁၂ ခု သာရရှိပါတယ်။ တကမ္ဘာလုံး မျက်လုံးတွေအောက်မှာ အာဆီယံ နိုင်ငံတွေ အကြိတ် အနယ်ယှဉ်ပြိုင်ခဲ့ကြတာ။
ဒီလိုပြိုင်ဖို့ ဘယ်လောက်အချိန်ယူခဲ့ကြသလဲ၊ ဘယ်လောက် အကုန်အကျခံထားခဲ့ကြသလဲ၊
ဘယ်လောက်ပြင်ဆင်ထားခဲ့ကြသလဲဆိုတဲ့အချက်တွေဟာ အနိုင်ရရှိမှုရဲ့အဓိကသော့ချက်တွေဖြစ်တယ်
လို့ ဆိုချင်ပါတယ်။ ပြိုင်ပွဲကျင်းပနေစဉ်ခဏ နိုင်ချင်လို့၊
ဆုတောင်းလို့အလဲအထပ်လုပ်လို့ အနိုင်ရရှိနိုင်တဲ့အမျိုးမဟုတ်ပါ။
အားကစားပြိုင်ပွဲတွေမို့
ဘယ်နိုင်ငံအတော်ဆုံးလဲလို့ သူသိသွားကြရတာဖြစ်ပါတယ်။ အခြားသောဖွံ့ဖြိုး တိုးတက်မှုတွေက
ပြိုင်ပွဲနဲ့ အနိုင်အရှုံးသတ်မှတ်လို့မရတဲ့ ကိစ္စရပ်တွေဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှု၊
ကျမ္မာရေး စောင့်ရှောက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊
ဖွံ့ဖြိုးတိုးတက်ရေး၊ အရေးပေါ် ဘေးဒုက္ခကူညီစောင့်ရှောက်ရေး၊ အရံရိက္ခာ၊ နိုင်ငံခြားအရံငွေ၊
အရံစစ်လက်နက်၊ နှစ်စဉ်ပြည်ပ ပညာတော်သင်စေလွှတ်မှု၊ ပြည်ပအလုပ်သမားစေလွှတ်မှု၊
ဘဏ်စနစ်၊ လူထုဆက်သွယ်ရေး၊ လူ့အခွင့်အရေး၊ စတဲ့စတဲ့ စီမံခန့်ခွဲမှုတွေကို
ဘယ်လိုစံနုန်းတွေနဲ့ပြိုင်ဆိုင်ကြမလဲ။
အိမ်နီးချင်းထိုင်းနိုင်ငံဟာ
မြန်မာတွေ သိထားကြတာထက် သာလွန်တဲ့ ဖွံ့ဖြိုးမှုနဲ့ အလျှင်အမြန်တိုး တက်နေတဲ့
နိုင်ငံဖြစ်ပါတယ်။ မွဲပြာကျနေတဲ့ မြန်မာနိုင်ငံအနေနဲ့ အတုယူစရာတွေအမြောက်အမြားရှိပါတယ်။
ထိုင်းကို ငယ်နိုင်မို့လို့ ၀ါးရင်းတုတ်နဲ့အချိန်မရွေးတက်သိမ်းလို့ရတယ်လို့
သမိုင်းဒေါက်တာမ တစ်ယောက် မြန်မာစစ်အာဏာရှင်တွေအလိုကျရေးခဲ့တာကို မယုံကြပါဖို့လိုပါမယ်။
ပြည်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ် အောင်လုပ်ခဲ့တဲ့ အာဏာရှင်တွေရဲ့နားပိတ်၊
မျက်စိပိတ်ခံခဲ့ရမှုတွေက မြန်မာတွေရုန်းထွက်ကြဖို့လိုပါပြီ။
အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားပေါင်းသုံးသန်းကျော်
အလုပ်လုပ်နေကြရပြီဖြစ်ပါတယ်။ လုပ်နေရတဲ့အလုပ်တွေဟာ ထိုင်းနိုင်ငံသားတွေ
မလုပ်ချင်ကြတော့တဲ့ အိမ်ဖေါ်အလုပ်၊ စိုက်ပျိုးရေး၊ ငါးဖမ်း၊ သန့်ရှင်းရေး၊ ဒရ၀မ်၊
အဆိပ်တွေနဲ့ရောပြွမ်းနေတဲ့အလုပ်တွေမှာ လုပ်နေကြရတာဖြစ်ပါတယ်။ မြန်မာတွေ လုပ်နေရတဲ့အလုပ်ကိုခြုံပြောရရင်
ပင်ပန်း၊ ညစ်ပတ်၊ အန္တရာယ်များတဲ့အလုပ်တွေဖြစ်ပါတယ်။
ခေတ်မီပစ္စည်းတွေသာမက အသီးအနှံ၊
သားငါး၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းအစုံ
ထိုင်းက၀ယ်သုံး နေရတယ်။ နေ့တိုင်းဆေးလာကုနေကြတဲ့ မြန်မာတွေရာချီရှိပါတယ်။
အဆင့်မြင့်ပညာသင်ကြားဖို့ ထိုင်ကိုလာနေကြရပြီဖြစ်ပါတယ်။ နည်းပညာတွေလိုအပ်ရင်
ထိုင်းမှာ ဆရာလာခေါ်နေကြရပြီဖြစ်တယ်။ ငွေကြေးလုံခြုံမှုနဲ့ ချောမွေ့စွာလည်ပတ်မှုတွေအတွက်
ထိုင်းဘဏ်တွေကတစ်ဆင့်လုပ်နေကြရပြီ။ ဒီအရှိပကတိတရာရားတွေကို မြန်မာနိုင်ငံကို
အုပ်ချုပ်ကြတဲ့ အုပ်ချုပ်သူတွေသိရှိကြဖို့လိုသလို အားကျ ပြုပြင်ကြဖို့ အထူးလိုအပ်ပါတယ်။
“၂၈ကြိမ်မြောက်မှာ
ထိုင်းနိုင်ငံဘာကြောင့်ရွှေတံဆိပ် အများဆုံးရသလဲ”
ပထမဆု၊ ရွှေတံဆိပ်ဆု တို့ဆိုတာ
လူတိုင်းလိုချင်ကြစမြဲပါ။ ပြိုင်ပွဲတိုင်းမှာ ပထမဆုဆိုတာရှိတယ်။ အဲဒီ ပထမဆုကို
ရရှိချင်တဲ့စိတ်တစ်ခုတည်းနဲ့ တော့မရနိုင်ပါဘူး။ ပထမဆုရရှိအောင် စိတ်ဓါတ်ရော၊
နည်းလမ်းရော၊ အခြားသော အကြောင်းအရာ အထောက်အပံ့ပေါင်းများစွာ လိုအပ်ပါတယ်။
အမြင့်ဆုံးပန်းတိုင်ဖြစ်တဲ့ အောင်မြင်မှု(၀ါ) ပထမ ရွှေတံဆိပ်ဆုတွေရရှိဖို့အတွက်
ကြီးမားတဲ့ရည်မှန်းချက်နဲ့ အတိအကျ လိုက်နာ လေ့ကျင့် ပြင်ဆင်မှုရှိဖို့ လိုအပ်ပါတယ်။
မြန်မာအစိုးရရဲ့ အားကစားဆောင်ပုဒ်က
“မြန်မာအားကစားကမ္ဘာလွှမ်းရမည်” ဖြစ်ပါတယ်။ ထိုင်း ဆောင်ပုဒ်ကတော့“အရှေ့အာရှမှာ
ထိုင်းဟာဘုရင်တစ်ဆူဖြစ်နေရမယ်” ကြွေးကြော်ပါတယ်။ ထိုင်းဟာ ကြွေး ကြော်ရုံသက်သက်မဟုတ်ပဲ
သူတို့ကြွေး ကြော်ချက်ကို အကောင်အထည်ဖေါ်နိုင်ဖို့အတွက် စနစ်တကျနဲ့ အခြေခံကျကျ
ပြင်ဆင်လာခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အလွန်အားကျစရာကောင်းပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံတကာအဆင့်မီတဲ့မိုးလုံလေလုံအားကစားကွင်းတစ်ဆယ်ကျော်ရှိပါတယ်။
လူကြီးတွေ ကစားနိုင်တဲ့ အားကစားကွင်းပေါင်း သုံးထောင်ကျော် ရှိသလို ဒေသန္တရ ကျောင်း
တိုင်းမှာလည်း မြို့နယ်ကစား ကွင်းတွေ အဆင့်မီမီတည်ဆောက်ထားပါတယ်။ အတုယူသင့်တဲ့
ဥပမာ တစ်ခု ပြောရမယ်ဆိုရင် အိမ်ရာကွက် သစ်(မြို့သစ်) တစ်ခု အကောင်အထည်ဖေါ်တဲ့အခါ
အဲဒီမြို့မှာ နေထိုင်မယ့် လူဦးရေ။ အချိုအစားအလိုက်၊ ရေ၊ မီး၊ လမ်း၊ ဈေး၊
ကုန်တိုက်၊ သယ်ယူပို့ဆောင်ရေး၊ စာတိုက်၊ မိလ္လာစနစ်၊
သန့်ရှင်းရေးစနစ်၊ ကလေးကစားကွင်း၊
လူကြီးကစားကွင်း၊ ဂေါက်ကွင်း၊ ရေကူးကန်၊ စာသင်ကျောင်း၊ ဆေးရုံ၊ တက္ကသိုလ်၊
ဌာနဆိုင်ရာ ရုံးအဖွဲ့အစည်း၊ ကယ်ဆယ်ရေးယာဉ်၊ အရေးပေါ်လူမှု ကယ်ဆယ်ရေး၊ လုံခြုံရေး
ရဲတပ်ဖွဲ့၊ စသည်ဖြင့် စနစ်တကျတွက် ချက်ပြင်ဆင် အကွက်ချပြီးမှ ဖေါ်ဆောင်ပါတယ်။
သုံးလောကထွဋ်ထား ဂေါတမမြတ်စွာဘုရားသည်ပင်လျှင်
စင်္ကြာဝဋာအနှံ့ သတ္တ၀ါ ဝေနေယျကို မချေ ချွတ်နိုင်ခဲ့ပါဘူး။ အားလုံးကောင်းအောင်
မပြင်နိုင်ခဲ့ပါဘူးလို့ ပြင်ဆင်ရကောင်းမှန်းမသိတဲ့ အလုံပိတ်သမားတွေ
စကားအရပြောရမယ်ဆိုရင်၊ အားလုံးပြင်လို့မဖြစ်နိုင်ပေမယ့် ပြင်လို့ရသမျှ ပြင်မယ်
ဆိုတဲ့မူကို ထိုင်းနိုင်ငံမှာ ကျင့်သုံးလိုက်နာကြပါတယ်။ ထိုင်းနိုင်ငံမှာ
အမေ့ဗိုက်ထဲကထွက်လာကတည်းကနေ အရွယ်အလိုက် လိုက်နာ ကျင့်သုံးရမယ့်အရာတွေကို
စနစ်တကျပြင်ဆင်လေ့ကျင့် သင်ကြားပေးပါတယ်။ ဖယ်သင့်တဲ့ ရှေ့ရိုးအယူအဆ
ဟောင်းတွေကိုဖယ်ရှင်းပစ်သလို ကောင်းမွန်တဲ့ ဓလေ့စရိုက်ဆိုရင်လည်း မတုန့်နှေးပဲ
ယူဆောင် ကျင့်သုံးပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲလွယ်ကူတဲ့ စိတ်ဓါတ်တွေကြောင့်
ထိုင်းနိုင်ငံဟာ အရာရာမှာ ရှေ့တန်းကို ရောက်ရှိလာတာလို့ဆိုနိုင်ပါတယ်။
“မြန်မာပြည်မှာပျောက်သွားတဲ့ယဉ်ကျေးမှုရှိတယ်”
တိုင်းသူပြည်သားတွေပိုင်တဲ့
ပြည်သူပိုင်သယံဇာတတွေ၊ အားကစားကွင်းတွေ၊ ပျောက်သွားတာတွေက
မြန်မာပြည်မှာရိုးနေပြီး၊ မန္တလေးမြို့က တရုတ်လူမျိုးပိုင်ဖြစ်သွားပြီး။
ဘယ်သူတွေကြောင့် ဘာကြောင့် လယ်မြေသစ်တော
ပျောက်ပျက်ပြုန်းရတယ်ဆိုတာလူတိုင်းသိထားတာမို့မပြောလိုတော့ပြီ။
အလုပ်လုပ်လို့
ထမင်းမ၀တာကြောင့် ပျောက်သွားတဲ့ မြန်မာယဉ်ကျေးမှု အနုသုခုမပညာကို ပြောပြချင်တာပါ။
ရုပ်သေးသဘင် မြန်မာပြည်မှာ လုံးဝကွယ်ပျောက်သွားခဲ့ပြီ။ ယခု အသက် ၄၀
အရွယ်လူလတ်ပိုင်းတွေ မမြင်ဖူး ခဲ့ကြတော့ပြီ။
တခေတ်တခါက
လူတိုင်းကြိုက်တဲ့ ဇာတ်သဘင်ဆိုတာတောင် ပျောက်ကွယ်တော့မယ့်အရိပ်လက္ခာတွေပြနေ ပြီ။ ပြည့်မျက်နှာဖုံး
ရွှေတိဂုံဘုရားတောင် မျက်ခုံးလှုပ်နေတယ်။ ဒါကြောင့်
မြန်မာအားကစားတွေ ကမ္ဘာကို လွှမ်းဖို့နေနေ သာသာ ပျောက်ကွယ်မသွားဘူးလို့
ဘယ်သူအာမခံရဲမလဲ။
“ဒုတိယဆုကိုလွှင့်ပစ်လိုက်”
မြန်မာသမိုင်းထဲမှာ လွတ်လပ်ရေးမီးရှူးတန်ဆောင်
ဆရာတော်ဦးဥတ္တမ
ကို
မြန်မာနိုင်ငံသားတိုင်းသိ
ကြမယ်ထင်ပါတယ်။
အသျှင်ဦးဥတ္တမ
ရဲ့ပညာတော်မှုနဲ့
နိုင်ငံတကာ၊ စာပေနဲ့ဘာသာစကား၉မျိုးကို
ထုံးလိုချေ
ရေလိုနှောက်အောင်
ရေးနိုင်၊
ပြောနိုင်၊
ဖတ်နိုင်သူဖြစ်ကြောင်း
သမိုင်းအရသိရတယ်။
အဓိကပြောချင်တာက တော့
ဆရာတော်ဦးဥတ္တမ
ငယ်စဉ်
စတုတ္ထတန်းမှာ
ဒုတိယဆုရတဲ့
ပစ္စည်းတွေကို
သူ့ညီ
ကျော်ထွန်းအောင်
ကိုခေါ်ပြီး
ဂစ္စပနဒီမြစ်ထဲကို
စွန့်ပစ်ခဲ့တယ်။
ဆရာတော်
အလောင်းအလျာ
ပေါ်ထွန်းအောင်
က
“ငါ့ညီ
ပထမဆု ကိုရအောင်ယူလီ၊
ဒုတိယဆုကိုတစ်ခါမှမယူလီကေ့”(ငါ့ညီ…ပထမဆုကိုရ အောင်ကြိုးစားပါ။ ဒုတိယဆုကို တစ်ခါမှ မယူလေနဲ့) ဟုပြောဆိုခဲ့ပါတယ်။ လေးတန်းကျောင်းသား ပေါ်ထွန်းအောင် ဆိုတဲ့ ကမ္ဘာကျော်လာမယ့် သူရဲ့ စိတ်ထဲမှာ အမြင့်ဆုံးကို တက်လှမ်းဖို့အတွက် ပြတ်သားတဲ့ သံဓိဌာန် ရှိတယ်ဆိုတာ ဒီဖြစ်ရပ်က ပြသနေပါတယ်။
ထွန်းနေရောင် (စနဲ)