၂၀၁၇ ဇန်န၀ါရီ ၆
ရွှေသိန်း(မြ၀တီ)
အိမ်နီးချင်း
ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသည့်
မြန်မာနိုင်ငံသားများအနက် ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးခံရသူ
မြန်မာနိုင်ငံသား ၈၇ ဦးအား နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး
အဖွဲ့ မှ ကယ်တင်ပြီး နေရပ်မိဘများထံသို့
ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြ၀တီမြို့ လူကုန်ကူးမှု
တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံးမှ သိရသည်။
မြန်မာနိုင်ငံ၊ မြ၀တီမြို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးမှ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး၊လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီးငါးဖမ်းလှေသို့လူကုန်ကူးခံရသူများအပါအ၀င်
မြန်မာနိုင်ငံသားများအား ကယ်ထုတ်ပြီး နေရပ်ရင်းသို့ အရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ မြ၀တီမြို့သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံသား များမှာ မေလတွင် အမျိုးသား ၁၆ ဦး၊ ဇူလိုင်လတွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၉ ဦး၊ စက်တင်ဘာလတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦး၊ ဒီဇင်ဘာလတွင် အမျိုးသားသီးသန့်၃၈ဦး နေရပ်သို့ ပြန်ပို့နိုင်ခဲ့ကြောင်း
သိရသည်။
လူကုန်ကူးခံရသူ အများစုမှာ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်ကြသူများ အများအပြား ပါဝင်ပြီး၊ အချို့ မှာ ထိုင်ငါးဖမ်းလှေများ၌ လူကုန်ကူးခံရသူများဖြစ်ကာ နှစ်ကာလ ကြာမြင့်လာသည့်တိုင်လုပ်အားခ ငွေမရ ရှိသူများ ပါဝင်ကြောင်း နေရပ်သို့ ပြန်ရောက်လာသူများထံမှသိရသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ ထိုင်းနိုင်ငံငါးဖမ်းစက်လှေတွင် လုပ်အားခမရဘဲ လုပ်ကိုင်ခဲ့ရသူ တစ်ဦးဖြစ်သည့် ကိုလင်းလင်းက “ထိုင်းမှာ အလုပ်ကောင်းတယ် ဆိုပြီး ကော့သောင်းလမ်းက ပွဲစားခေါ်သွား တာ။ ဟိုရောက်တော့ ငါးဖမ်းစက်လှေမှာ လုပ်တယ်။ လမ်းစရိတ် မပေးခဲ့ရဘူး။ သုံးလ လုပ်ဆပ်ရမယ်
ပြောတယ်။ ပထမစရောက်တုန်းကအခန်းထဲမှာဘယ်မှမထွက်ရဘဲထားတာပါ။တစ်လကျော်လောက်
လှောင်ပိတ်ထားတယ်။ ပြီးတော့ လှေထွက်ရတယ်။ အသက်အန္တရာယ်များတဲ့ အလုပ်ကထွက်ပြေးချင်နေချိန် ဦးကျော်သောင်းတို့အဖွဲ့က လာကယ်လို့ လိုက်လာခဲ့တာပါ” ဟု ဆိုသည်။
ထို့အတူ တရားမ၀င် လူကုန်ကူးမှု အနေဖြင့် ဇွန်လတွင် ၂ မှု၊ တရားခံသုံးဦး (ပြေးတစ်ဦး)ကို တရားမ၀င် လူပို့ဆောင်မှု၊ ပြုည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့သလို၊ ဖေဖော်ဝါရီလတွင် တစ်မှု၊ မတ်လတွင် တစ်မှု၊ ဒီဇင်င်္ဘလတွင်(၃) မှု အမှုဖွင့် အရေးယူခဲ့ပြီး တရားမ၀င် လူပို့ဆောင်သူ(၅) ဦးကိုလည်း ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထိုင်နိုင်ငံအပြင် မလေးရှားနှင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ များပြားလျက်ရှိရာ လူကုန်ကူးခံရသူ ၃၀၅ ဦး ရှိသည့်အနက် ၂၅၄ ဦးကိုသာ ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကာ ၅၁ ဦးကို ကယ်တင်နိုင်ခြင်း မရှိသေးကြောင်းနှင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ အများဆုံး ဖြစ်ကြောင်း သိရသည်။