၂၀၁၆ ခု နိုဝင်ဘာလ
၁၄ ရက်
မောင်မောင်မြတ်ညို
(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့အနီး မဟာချိုင် ထပ်ချလုံရပ်ကွက်
ဝပ်ပါချို ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တန်းလျား တွင်နေထိုင်ကြသည့် မြန်မာအလုပ်သမား
၂၂ဦးတို့သည် ယမန်နေ့ကခြင်းလုံးခပ်နေသည်ကို အလောင်း ကစားပြု သည်ဟုဆိုကာ မဟာချိုင်ရဲများက
ဖမ်းဆီ၍ ယနေ့ရုံးတင်ကာ ဒဏ်ငွေချမှတ်ခြင်းခံလိုက်ကြရ သည်။
ယမန်နေ့ တနင်္ဂနွေနေ့တွင် အလုပ်နားရက်ဖြစ်သဖြင့်
ငါးအလုပ်ရုံနှင့် အပ်ချည်အလုပ်ရုံမှအလုပ် သမားများစုပေါင်း၍ ခြင်းကစားနေကြစဉ် မဟာချိုင်ရဲများရောက်လာခဲ့သည်။ ထို့နောက် တစ်ယောက် ကို ဘတ်
၂၀နုန်း ဖြင့် ကစားနေကြောင်း ထိုင်းဘာသာဖြင့်ပြောဆိုခိုင်းပြီး ထို VDO ကလစ်ဖြင့်ပင်
တရားရုံး တင်၍တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ပြန်လည်လွတ်မြောက်လာသည့် အလုပ်သမား ကိုဖြိုးက
“ကျနော်က မပြောနိုင်ဘူးပြောလို့ ထိုင်းရဲက လက်သီးနဲ့ထိုးဖို့လုပ်ခဲ့သေးတယ်။ ကျနော်တို့လည်း
မလွန်ဆန်နိုင်လို့ ပြောပေးခဲ့ရတယ်။ ကျနော်တို့ညံ့လို့ ပေါ့။ သူတို့ အဲဒီလို အတင်းအကြပ်
ပြောခိုင်းတာကိုများ VDOရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ရင် ကိုယ့်ဘက်က သက် သေပြလို့ရတာပေါ့။
တစ်ယောက်ကို ဘတ်ငွေ ၁၃၀၀ စီပေးလျှော်ခဲ့ရပါတယ်။ အကူညီပေးခဲ့တဲ့ MAT အဖွဲ့ကို လည်းကျေးဇူးတင်ပါတယ်”ဟုပြောသည်။
အလုပ်သမားများဖမ်းဆီခံခဲ့ရပြီးနောက်ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MAT အဖွဲ့သို့
အကူညီတောင်းခံခဲ့သဖြင့် MAT အဖွဲ့က အလုပ်သမားများကိုဖမ်းဆီးချုပ်နှောင်ထား သည့် ထပ်ချလုံ
ရဲစခန်းသို့သွားရောက်၍ညှိနှိုင်းခဲ့ကြသော်လည်း အဆင်မပြေခဲ့ပါ။ မဟာချိုင် ပုလိပ်ရုံးကြီးမှ
ဖမ်းဆီး၍ လာရောက်ပို့ဆောင် ခဲ့ခြင်းဖြစ်၍ ရုံးတင်ရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့်အလုပ်သမားများမှာ
အဆိုပါရဲစခန်းတွင် တစ်ညအိပ်ခဲ့ကြရပါသည်။
MAT အဖွဲ့
ရုံးအဖွဲ့မှူး ကိုအောင်ဆန်းဦး က“မြန်မာအလုပ်သမားတွေကိုလုပ်ချင်သလိုလုပ်လို့ရတယ်။ အနိုင်ကျင့်ချင်သလိုကျင့်လို့ရတယ်လို့ မဟာချိုင်ရဲတွေမှတ်ထားတယ်။ ဒီအလုပ်သမားတွေဟာ နေထိုင် အလုပ်လုပ်ကိုင်ခွင့်တွေအပြည့်အစုံရှိတယ်။ အလုပ်နားရက်မှာ ခြင်းခတ်ကြတာကို အလောင်းကစားမှုနဲ့ မတရားပုဒ်မတပ်ပြီးတရား
ရုံးတင်တယ်။ အလုပ်သမားတစ်ယောက်ကို ဘတ်ငွေ ၁၃၀၀ စီဒဏ်ရိုက်ပြီး ဒီနေ့ ညနေ၅နာရီမှာပြန်လွှတ်လိုက်တယ်။ တအားနစ်နာပါတယ်။ ဒီလိုမျိုးအနိုင်ကျင့်မခံရအောင် အလုပ် သမားတွေကို တကယ်အကာအကွယ်ပေးမယ့် စေတနာရှိတဲ့ သံဝန်ထမ်းမျိုး ဘန်ကောက်သံရုံးမှရှိမှ ဖြစ်ပါ မယ်။ အဲဒီလိုမျိုးအရာရှိတွေ
မရောက်လာ သေးသရွေ့တော့ မဟာချိုင်က မြန်မာတွေ ဆက်ပြီးခံနေကြရ အုံးမှာပဲ” ဟုပြောသည်။
ယနေ့တွင်
မဟာချိုင် ၄ထပ်ရဲစခန်းကြီးရှေ့တွင်ရှိသော တရားရုံးတွင် ယခုကဲ့သို့ လောင်းကစားမှုဖြင့်
မတရား စွပ်စွဲခံရသည့် မြန်မာအလုပ်သမားပေါင်း ရာနှင့်ချီ၍တွေ့ရှိခဲ့ကြောင်း ကိုအောင်ဆန်းဦးက ပြောပါ သည်။ မဟာချိုင် ပုလိပ်တွေ ငွေရှာပုံကို လက်တွေ့သိချင်သူတွေ ရဲစခန်းအနားမှာ တစ်နာရီလောက်သာ ထိုင်စောင့်နေပါ။ တစ်နေ့ ကို ဗမာအလုပ်သမားဘယ်လောက်အထိ အဖမ်းခံရပြီး ပိုက်ဆံနဲ့ရွေးထွက်နေ
ရတယ်ဆိုတာ မြင်ကြရပါလိမ့်မယ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။