ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့နှင့် ပွဲစားအချို့၏ မမှန်မကန်လုပ်ရပ်ကြောင့် မြ၀တီမြို့တွင် သောင်တင်နေ
ထိုင်းနိုင်ငံသို့
အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသားများမှာ
အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့နှင့် လူပွဲစားအချို့၏
မမှန်မကန် လုပ်ရပ်ကြောင့် မြ၀တီမြို့တွင် မကြာခဏ သောင်တင်နေပြီး
ရွာပြန်စရိတ်ပင် မရှိသည့် အခက်အခဲများနှင့်
ကြုံခဲ့ရသူများရှိကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ တစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့သော
မကွေးတိုင်း နတ်မောက်မြို့နယ်မှ ကိုကျော်လတ်အပါအ၀င် အလုပ်သမား ၁၄ ဦးသည်
မြ၀တီမြို့သို့ ရောက်ရှိလာပြီး မဲဆောက်ဘက်သို့ ပို့ဆောင်ခြင်း
ခံရသော်လည်း ထိုင်းနိုင်ငံသို့ တရားဝင်ထွက်ခွာခွင့် မရဘဲ
မြ၀တီမြို့တွင် သောင်တင်နေ ကြောင်း၊ အဆိုပါ အလုပ်သမား ၁၄ ဦးသည်
လွန်ခဲ့သည့် ငါးလခန့်က ရန်ကုန်မြို့မှ ပွဲစားဖြစ်သူ သူရရှိန် ထံ
ကျပ်ငါးသိန်းခွဲ ပေးခဲ့ရပြီး မြောက်ဒဂုံတွင် ထိုင်းနိုင်ငံ၌
အလုပ်လုပ်ကိုင်ရန် အဆိုပါကုမ္ပဏီနှင့် စာချုပ်ချုပ် ဆိုကာ
ကိုသူရရှိန်ကိုယ်တိုင် မြ၀တီသို့ ပို့ပေးခဲ့ကြောင်း သိရသည်။
မြ၀တီမြို့မှတစ်ဆင့် တစ်ဖက်နိုင်ငံရှိ မစုလှိုင်ထံသို့
ပို့ဆောင်ပေးခဲ့ကာ မစုလှိုင်ဆိုသူက ဘတ်ငွေ ၆၅၀၀ ထပ်မံတောင်းယူရာ
အလုပ်သမားများမှာ မပေးနိုင်သဖြင့် ၎င်းတို့ထံမှ ပတ်စ်ပို့စာအုပ်များ
သိမ်းဆည်းယူ သွားကြောင်း ကိုကျော်လတ်က ပြောကြားသည်။
ထိုင်းနိုင်ငံသို့ မထွက်ခွာရသည့်အပြင် မြ၀တီမြို့သို့
ပြန်လာရပြီး ပတ်စ်ပို့စာအုပ်များကို မစုလှိုင်က သိမ်းထားသဖြင့်
အခက်အခဲ ဖြစ်နေစဉ် ၈၈ ပွင့်လင်းအဖွဲ့ (မြ၀တီမြို့) နှင့်
အထက်တန်းရှေ့နေ ဦးမျိုးအောင်နှင့် မီဒီယာအဖွဲ့သားများက
ပြည်ပအလုပ်အကိုင်ရုံး ကျောက်လုံးကြီးစခန်းသို့ သွားရောက်ကာ
ကုမ္ပဏီတာဝန်ခံ ကိုစူပါဆိုသူနှင့် တွေ့ဆုံမေးမြန်းရာ ကိုစူပါက
“အလုပ်သမားများထံမှ ပတ်စ်ပို့စာအုပ်များ ကိုသိမ်းယူထားသည့်
မစုလှိုင်ဆိုသူကို လုံးဝမသိပါဘူး။ တစ်ဖက်နိုင်ငံတွင် အလုပ်ရှိရန်
မိမိတို့ကုမ္ပဏီမှ ငါးသိန်းခွဲယူထားတဲ့အတွက် မစုလှိုင်လည်း ဘတ်ငွေ ၆၅၀၀ ကို
တောင်းယူခွင့် မရှိဘူး” ဟု ပြောကြား သည်။
၎င်းကိုစူပါဆိုသူက ရန်ကုန်မြို့ရှိ ကုမ္ပဏီသို့ ဆက်သွယ်ပြီးလျှင်
သောင်တင်နေသော အလုပ်သမား ၁၄ ဦး အနက်မှ ကုမ္ပဏီသို့ စာရင်းသွင်းထားသူ
ခုနစ်ဦးအား လာမည့် ကြာသပတေးနေ့ (နိုဝင်ဘာ ၁၀ ရက်) တွင် တစ်ဖက်နိုင်ငံရှိ
အလုပ်ခွင်သို့ ရောက်အောင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း တာဝန်ယူ
ပြောကြားသည်။
အလုပ်သမား ၁၄ ဦးထဲမှ ကိုကျော်လတ်က “ကျွန်တော်တို့က အလုပ်ရမယ်ဆိုလို့
ပွဲစား သူရရှိန်ကို ငွေငါးသိန်းခွဲပေးခဲ့ပြီး စာချုပ်လည်း
ချုပ်ခဲ့ပြီးပါပြီ။ အခု မြ၀တီမှာ ၁၅ ရက် သောင်တင်နေပြီး
ကိုယ့်စရိတ် နဲ့ကိုယ် စားသောက်နေရတယ်။ ဟိုနေ့သွားရမယ် ဒီနေ့သွားရမယ်နဲ့
တချို့ဆိုရင် ရက် ၄၀ ကျော်နေကြသူေ တွေ တာင် ရှိပါတယ်။ ငွေကို
အတိုးနဲ့ချေးပြီး ပွဲစားကို ငါးသိန်းခွဲ ပေးခဲ့ရတာပါ။
အခု မြ၀တီမှာ
သောင်တင်နေတယ်။ ဒါကို ကျွန်တော်တို့ တိုင်ကြားတာကြောင့် ၈၈ ပွင့်လင်းအဖွဲ့က
အစ် ကိုတွေက ကူညီပေးလို့ အဆင်ပြေသွားတာပါ။ ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှု၊
တာဝန်ခံမှုတွေကို မှန်မှန်ကန်ကန် လုပ်ကိုင်ကြဖို့လိုအပ်ပါတယ်။ ဘယ်သူသေသေ
ငတေမာရင်ပြီးရောဆိုတဲ့ ပုံစံမျိုးတော့ မလုပ်စေချင်ဘူး”ဟု ပြောကြားသည်။
Writer:
ကိုရွှေသိန်း (မြ၀တီ)