မိုးများပြီး ကတ္တရာလမ်းမရှိတဲ့ရခိုင်ကျေးလက်ဒေသဆိုတာ
မိုးရာသီမှာ ရွံ့တွေနဲ့ မိုးရေတွေနဲ့ ညစ်ညစ် ပတ်ပတ် နေရတာကများတယ်။ အဲဒီလို စိုစွတ်တဲ့ရာသီဥတုကနေခြောက်သွေ့တဲ့ရာသီဥတုဆောင်းရာသီသို့
အကူးအပြောင်းကာလ။ အမေအသစ်ဝယ်ပေးတဲ့အနွေးထည်စွယ်တာဝတ်ပြီး ပျော်ရွှင်မြူးတူးတဲ့ကာလ။
မီးပုံးပျံတွေတင်ဖို့ ရွာကိုပတ်ပြီး သတင်းစာ၊ ဂျာနယ်ဖတ်သူတွေ၊ ပြက္ခဒိန်အဟောင်းတွေတောင်းပြီး
ရွာဦး ဘုန်းတော်ကြီးကျောင်းမှာ မီးပုံးပျံကြီးတွေ လုပ်ကြတယ်။ ညပိုင်းရောက်တော့ မီးပုံးပျံလွှတ်ကြတယ်။
ကိုယ့်ထက်နဲနဲ အသက်အရွယ်ကြီးတဲ့လူတွေက စုပေါင်းပြီးမုန့်တွေလုပ်စားကြတယ်။ သူတို့ထက်
ကြီးသူတွေက စုပြီးတော့ ထမင်းချက်စားကြတယ်။ မှောင်ရီပျိုးလာတာနဲ့ ရွာလုံးကျွတ်၊ ရပ်ကွက်လုံးကျွတ် ဆီမီးပူးဇော်ကြတယ်။ အပျိုလူပျိုတွေကျတော့ စတိရှိုး၊ ရိုးရာယဉ်ကျေးမှုကဇာတ်၊
ပြဇာတ်၊ သရုပ်ဖေါ်တွေ ကပြကြတယ်။ ကပွဲတွေမဖြစ်နိုင်တဲ့ အနီးအနားရွာတွေက လာကြည့်ကြတာမို့ လူတွေထောင်ချီရှိတယ်။
သူခိုးကြီးညနဲ့ ဆေးပေါင်းခတဲ့မယ်ဇလီဖူးရဲ့
အနှစ်သာရနဲ့ အဓိပ္ပါယ်ကိုမသိသေးပေမယ့် သင်္ဘောသီး တွေခူးလာပြီး စုပေါင်းထောင်းစားကြတယ်။
ရွာနီးလယ်ကွက်တွေကစပါးချက်ချင်းရိုက်ပြီး မုန့်သန်းထောင်း စားကြတယ်။ ကြက်တွေခိုးလာပြီးဝိုင်းချက်စားကြတာမျိုး၊
အိမ်တိုင်းကအုန်းပင်တွေမှာ တစ်ညလုံးခူးပြီး အနီးဝန်းကျင်ရှိသမျှ လူတွေဝိုင်းပြီး စားသောက်ကြတာမျိုးတွေဟာ ဘယ်လိုမှ မမေ့ပျောက်နိုင်တဲ့
ငယ်ဘ၀ တန်ဆောင်မုန်း လပြည့်နေ့ ဖြတ်သန်းမှုတွေပေါ့။
တန်ဆောင်မုန်းလပြည့်နေ့ကိုရောက်ဖို့ တော်သလင်းလလောက်ကတည်းက
မျှော်လင့်ခဲ့တယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ရုပ်မြင်သံကြား TV မရှိသေး၊ ဗွီဒီယိုမပေါ်သေး၊
မြို့မှာကက်ဆက်။ တောမှာ ရေဒီယို ဆိုတာတောင် တစ်ရွာတစ်လုံး ၀ါယာကြိုးအရှည်ရှည်ဝါးလုံးနဲ့ထောင်နိုင်တဲ့အိမ်က
အဲဒီရွာမှာ ချမ်းသာသူ ဆိုတဲ့ပြယုဒ်ပါ။ ဇါတ်ပွဲဆိုတာ တစ်နွေမှာ ၃ချီလောက်ကြည့်ရဖို့အရေးမလွယ်။
ရွာနီနားက ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူတာကို နှမျောတသရမှန်းမသိပဲ ဇာတ်ပွဲကြည့်ရမှာမို့ပျော်မိခဲ့တဲ့ ကလေးဘ၀။
မြို့ကြီးပြကြီးတွေမှာလို မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲမျိုးတော့ ကျနော်တို့ တောရွာတွေ မှာမရှိကြပါဘူး။ အရွယ်စုံပျော်ရွှင်ခွင့်ရကြတဲ့ လတန်ဆောင်တိုင်ဟာ ကျနော်တို့မြန်မာလူမျိုးတွေအတွက် ထူးမြတ်တဲ့ ပျော်ရွှင်ပွဲဖြစ်ပါတယ်။
အရွယ်ရောက်လာတဲ့အခါ တောရွာဓလေ့ အပြိုင်အဆိုင်
ရွာစင်တင်ဇာတ်ပွဲအတွက် တော်သလင်း လ ဆန်းကတည်းက ညတိုင်း ရွာဦးကျောင်းမှာ ဇာတ်တိုက်ကြရတယ်။
အဆို၊ အငို၊ အက၊ ယိမ်းအကတွေ ကို တက္ကသိုလ်ကောလိပ်ကပြန်လာကြတဲ့ ဆရာမတွေနဲ့ အဆိုအကအတီး
အတွေ့ကြုံရှိခဲ့ဖူးသူတွေက အားသွန်ခွန်စိုက်၂လကျော်လောက် အလုပ်ပျက်အကိုင်ပျက် သင်ကြားလေ့ကျင့်ဇာတ်တိုက်ကြရတယ်။
စင်ပေါ်ကို တက်ခွင့်ရဖို့အတွက်လည်း ငယ်ငယ်ကတည်းက အတတ်သင် လေ့ကျင့်ခဲ့ကြတယ်လေ။
ကျေးရွာရပ်ကွက်မှာ အပျိုလူပျိုတွေ ကခုန်ကြမယ့်အရေး
တစ်ရွာလုံးအလုပ်တွေရှုတ်ကြရတယ်။ မင်းကျွန်ပျိုတွေနဲ့ လူပျိုကြီးတွေက ဘုန်းတော်ကြီးကျောင်းအနီးကမြေကွက်မှာ
ဇာတ်စင်ဆောက်ကြရတယ်။ အချို့ရပ်ကွက်တွေမှာကျတော့ လမ်းဆုံလမ်းခွမှာဆောက်ကြရတယ်။ ပန်းချီရေးတတ်သူတွေကတော့
နဖူးစီး စာတန်းတွေရေးကြ၊ မုဒ်ဦးတွေလုပ်ကြနဲ့ပေါ့။ ရွာလုံးကျွတ် နိုင်ရာတာဝန်ထမ်းနေကြတာတွေကို
ကလေးဘ ၀ တုန်းကဆိုလည်း ပွဲကြည့်ရတော့မှာမို့ပျော်ခဲ့သလို၊ ကိုယ်တိုင်ကကြရတော့မယ့်အခါမှာလည်း
ငါ, ဆို တတ် က, တတ်တာကို ထုတ်ပြရတော့မယ်ဆိုပြီး ပျော်နေမိခဲ့တာပေါ့။
က,ခဲ့ဖူးတဲ့ဇာတ်ရုပ်က
“ပီလိယက္ခမင်း သမင်းလိုက်ခန်းအက၊ ပြဇာတ်သရုပ်ဖေါ်က ကားမောင်းသမား၊ ဆိုခဲ့ဖူးတဲ့သီချင်းက
အဆိုတော် သုမောင်ရဲ့ ချစ်မိုးစွေ နဲ့ အဆိုတော် အနိုင်ရဲ့ မောင့်အချစ်ကသူများထက် ပိုတယ်”
တို့ဖြစ်တယ်။
တစ်ခန်းကပြီးတိုင်း ကတဲ့ဝတ်စုံတွေနဲ့ ပရိတ်သတ်ကြားထဲကို ဆင်းပြီး ငွေဖလားကြီးတွေနဲ့
ရံပုံငွေ အလှူတွေလိုက်ကောက်ကြတယ်။ သရုပ်ဖေါ်ကရာမှာ အတော်ဆုံးဖြစ်တဲ့ ဇာတ်လိုက်ကျော်ကြီး
မောင်ဝေသိန်း က ပရိတ်သတ်ဆီက အရက်ဖိုးသီးသန့်တောင်းလို့ ပျော်ခဲ့ကြရတာမှတ်မိနေသေးတယ်။
ရခိုင်ဒေသဆိုတာ မိုးများတဲ့ဒေသဖြစ်တာမို့
မိုးလွတ်တဲ့တန်ဆောင်မုန်းလပြည့်ညဆိုတာ ရှားတယ် လို့ တောင်ပြောလို့ရတယ်။ နှစ်လကျော်လောက်
အလုပ်ပျက်အကိုင်ပျက် တပင်တပန်း ကြိုးစားပမ်းစားဇာတ် တိုက်ခဲ့ကြပေမယ့် ကပြဖြေဖျော်မယ့်
ညမှာ မိုးရွာလို့ ကပွဲပျက်ရတဲ့အခါမချင့်မရဲဖြစ်ကြရတယ်။
စင်ပေါ်ကိုတက်ဖို့ အ၀တ်တွေငှါးရမ်းကြ၊ ရွှေတွေဝတ်တဲ့တောဓလေ့မှာ
မရှိဆင်းရဲသားတွေကတော့ မ၀တ်ဆင်နိုင်ကြဘူးပေါ့။ ဘာပြောပြော ရှိသူတွေက ထုတ်ပေးကြတော့လည်းရွာ့အသရေ ပြည့်စေတာပေါ့။
အိမ်ထောင်ယာသားတွေကျ တနယ်တကျေးမှာနေရတဲ့အခါမှာလည်း
တန်ဆောင်တိုင်မီးထွန်းပွဲ ကပွဲ ခုန်ပွဲကိုသွားပြီး အားပေးချီးမြှောက်ပြီး သူငယ်ချင်းတွေနဲ့ ငယ်ဘ၀ကို
ပြောကြရင်း အလွမ်းပြေ ပျော်ရွှင်ခဲ့ရ တယ်။
ခုတော့ ဒီမြင်ကွင်းတွေ၊ ဒီပျော်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်ခွင့်မကြုံနိုင်တော့တဲ့
နိုင်ငံရပ်ခြားတိုင်းတပါးမှာ။ ကြုံဆုံဖြတ်သန်း ဘ၀ခရီးလမ်း တစ်ထောင့်တစ်ကွေ့မှာ ငယ်ဘ၀ဆိုတာ
ဘယ်လိုမှ မမေ့နိုင်စရာပါ။ အမှတ်ရ၊ သတိရနေသေးတယ်။ ဒီခေတ်ဒီအခါမှာကော အဲဒီလို အရပ်ဇာတ်တွေ နည်းသွားခဲ့ပြီ။ ။
ကျော်သောင်း