07 October 2015

“မြန်မာနိုင်ငံသည်ဘဘာဝဘေးအန္တရာယ်တွေအတွက်အဆင်သင့်မဖြစ်သေး”

"၂၀၁၅ ခု အောက်တိုဘာလ  ၇ ရက်နေ့ထုတ် (တို့ခေတ်) အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြထား သည့် ဆောင်းပါးကို အွန်လိုင်း မိတ်ဆွေများအတွက် ကူးယူဖေါ်ပြပါတယ်"

        မြန်မာနိုင်ငံအသွင်းကူးပြောင်းရေးကာလဟာ အခြေခံကျကျစနစ်တကျမဟုတ်ဘူးဆိုတာသိကြပါတယ်။ အသွင်းပြောင်းအစိုးရ ၅နှစ်သက်တမ်းကာလအတွင်းမှာတိုးတက်သွားတာဆို လို့၊ သယံဇာတတွေမျိုးတုန်းပြီး အခွင့်ထူးခံတွေပိုမိုပွားများလာကာ ပြည်သူတွေပိုမိုအကျပ်ဆိုက်လာခဲ့တာပါပဲရှိတယ်။ နိုင်ငံတကာရင်းနှီးမြုပ်
 နှံမှုတွေဝင်ရောက်ပြီး ဘယ်နေရာမှာလုပ်ကိုင်နေတာကိုနိုင်ငံသားတွေမသိရပေမယ့် ပြည်ပကမြန်မာ အ လုပ်သမားတွေ ပြန်လည်ဝင်ရောက်ကြတဲ့ အခင်းအကျင်းမပေါ်ပေါက်သေးဘူး။ ၅နှစ်တာကာလ အတွင်းမှာ အရွယ် ရောက်ပြီးတိုင်း မြန်မာနိုင်ငံသားတွေပိုမိုထွက်ခွာနေတာကိုကြည့်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့် အလမ်းတွေ မပေါ် ပေါက်သေးဘူးဆိုတာကိုသိရှိနိုင်ပါတယ်။

        မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံကြသူတွေနဲ့ အဆင့်အတန်းမီမီနေထိုင်လိုကြသူတိုင်ဟာ အရေးပေါ် ဆိုရင်
 အားလုံးသေတော့မှာပဲ။ ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးတော့မှာပဲဆိုတဲ့ စိုးရိမ်စရာအနေအထားမှာအရဲစွန့်ပြီး လုပ်ကိုင်နေကြရတာသာဖြစ်ပါတယ်။ နိုင်ငံကိုအုပ်ချုပ်မင်းလုပ်နေသူတွေဟာ ကမ္ဘာ့အချမ်းသာဆုံး စါရင်းဝင်
 နေသူတွေဖြစ်ကြတာကြောင့် သူတို့ဟာအရာရာပြည်စုံနေကြသူများပီပီ၊ တိုင်းပြည်ရဲ့ဘယ်အခန်း ကဏ္ဍ မှာမဆို အဆင်ပြေနေတယ်လို့ ထင်မှတ်ထားကြပြီးလွယ်လွယ်ပြောတတ်ကြပါတယ်။


     သူတို့ထင်သလိုမဟုတ်ကြောင်း တိုင်းပြည်ဟာ ချွတ်ခြုံကျနေကြောင်း အစိုးရအဖွဲ့ဝင်တွေဟာ တိုင်းပြည် ကို ဘယ်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် မစွမ်းဆောင်နိုင်သူများဖြစ်ကြောင်း ပြည့်မျက်စိ ၊ ပြည့်ဥဏှောက်
တွေဖြစ် ကြ တဲ့ သတင်းမီဒီယာတွေက စဉ်ဆက်မပြတ်ပြောနေကြတာပါ။

          အာဏာရှင်တွေဟာ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့ပုံစံမဟုတ်ပဲ တစ်သက်လုံးမတရားရယူပိုင် ဆိုင်ခဲ့ကြတဲ့ ဓနဥစ္စာတွေစိတ်ချလုံခြုံရေးအတွက် မိမိလုပ်ကိုင်ခွင့်အာဏာတည်မြဲရေးတွေကိုသာ အဓိက ထား လုပ်နေကြသူတွေလို့ နားလည်သူအများကဆိုကြပါတယ်။ မြန်မာ့နိုင်ငံရေးကို အတိုင်းအတာတစ်ခု ထိသိထားတဲ့ နိုင်ငံခြားသား သတင်းစာဆရာ တစ်ယောက်ကဆိုရင် သူဌေးကြီးတွေအုပ်ချုပ်နေတဲ့ လူမွဲတိုင်းပြည်ဟာဗမာပြည် ဖြစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံအုပ်ချုပ်မှု ပုံစံမျိုး သို့ပြောင်းရွှေ့နေတာမဟုတ်ပဲ စစ်အာဏာရှင် တွေလိုချင်တဲ့ပုံစံမျိုးကို ပြောင်းလဲနေ တာသာဖြစ် တယ်ဆိုတာလို့ဆိုပါတယ်။


                    “သဘာဝဘေးအန္တရာယ်ဆိုတာအချိန်မရွေးပေါ်ပေါက်နိုင်တယ်”
            ရန်သူမျိုးငါးပါးဆိုတာ အချိန်မရွေးပေါ်ပေါက်လာတတ်တာမို့ သက်ရှိလူသားတွေ အမြဲသတိပြုကြရ ပါတယ်။ မိုးရာသီမှာ ရေနစ်မြုပ်မှု၊လေမုန်တိုင်းတိုက်ခတ်မှုတွေဖြစ်တတ်သလို နွေရာသီမှာ နေရာမရွေး မီး ထ လောင်နိုင်ပါတယ်။ နဲနဲချုံ့လိုက်ရရင် ရေနစ်မြုပ်မှုနဲ့ လေမုန်တိုင်းဒဏ်ကိုခံရတတ်တဲ့နေရာတွေက တနင်္သာရီတိုင်း၊ မုတ္တမနဲ့ ရခိုင်ကမ်းမြောင်ဒေသနဲ့စစ်ကိုင်းတိုင်းတို့ဖြစ်ကြပါတယ်။ အခုဖြစ်ခဲ့တဲ့ တစ်နိုင်ငံ လုံး ရေနစ်မြုပ် မှုဟာ လူ့အသက်သေဆုံးမှုနည်းပါးတယ်လို့ဆိုရပေမယ့် ပျက်စီးဆုံးရှုံးမှုတွေဟာ နာဂစ်ထက် မလျှော့နည်းနိုင် ဘူးလို့ ကျွမ်းကျင်သူတွေကပြောနေကြပါတယ်။

            မြန်မာနိုင်ငံမှာ ရေကြီးရင်နစ်မြုပ်တတ်သလို မီးလောင်တော့ကော အကာအကွယ်ပေးနိုင်မလား ဆို တော့ မရှိပြန်ဘူး။ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေကြတာတွေကိုကြည့်ပြီး မီးဘေး အန္တရာယ် ကျရောက်လာလို့ရှိရင် လူ့အသက်တွေနဲ့ ဓနဥစ္စာတွေဆုံးရှုံးမှုတွေကြီးမားမယ် ဆိုတာမတွေး ၀ံ့အောင် ပါပဲ။ စိတ်မ ကောင်းစရာအကောင်းဆုံးကတော့  မီးဘေးဖြစ်စေ ရေဘေးဖြစ်စေ အခြားသော သဘာဝဘေးဒုက္ခ အန္တရာယ် တွေ တစ်ခုခုကြုံလာလို့ရှိရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဆင်သင့်ကြိုတင်ပြင်ဆင်မှုတွေ ယခု အထိ မရှိသေးတာပါပဲ။
                   
          “ဘေးဒုက္ခဆိုတာ မြန်မာနိုင်ငံအတွက်အသစ်အဆန်းအတွေ့အကြုံမဟုတ်”
           မြန်မာသမိုင်းမှာ ငလျှင်ဘေး၊ မုန်တိုင်းဘေးကြီးတွေ အထင်အရှားရှိခဲ့ပါတယ်။ အနီးစပ်ဆုံးဘေးဆိုး ကြီးက ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းမှာတိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်းတိုင်းဘေးဒုက္ခကြီးဖြစ်ပါတယ်။ လူပေါင်းတစ်သိန်းခွဲလောက်သေဆုံးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်ရေတွက်မနိုင်အောင်ပျက်စီးခဲ့ပါတယ်။ 

ဒီအလောင်း တွေကို စနစ်တကျ မသင်းဂြိုဟ်နိုင်ခဲ့ဘူး။ ပျက်စီးသွားခဲ့တဲ့ လူနေအဆောက်အဦးတွေနဲ့ ပုကလိဂ္ဂလုပ်ငန်းတွေကို ခုထိပြန်လည်မထူးထောင်ပေးနိုင်ခဲ့ဘူး။ နာဂစ်ဘေးဒုက္ခခံ ဧရာဝတီတိုင်းသားတွေ ရန်ကုန်၊ မန္တလေးနဲ့ ထိုင်းနိုင်ငံဘက်ကိုထွက်ခွာလာခဲ့ကြပြီး တစ်ခြမ်းပဲ့ဘ၀တွေကို အသက်ရှင်သန်ရေး အတွက် အလူး အလှိမ့် အသက်မွေးခဲ့ကြရပါတယ်။

           အဲဒီကာလအချိန်မှာ လက်ရှိကျင့်သုံးနေတဲ့  ၁၃ နှစ်ကျော်ကြာတဖက်စောင်းနင်းရေးဆွဲခဲ့တဲ့ ကမ္ဘာ့ အကြာဆုံး ဖွဲ့စည်းပုံကိုအတည်ပြုလိုက်ပါတယ်။ နာဂစ်ဘေးဒုက္ခကြီး ကျရောက်တာကို မြန်မာအစိုးရအနေနဲ့ အကူညီမပေးနိုင်တာကို သိရှိနားလည်တဲ့ အမေရိကန်နိုင်ငံက လူသားမှုစာနာစိတ်အပြည့်နဲ့ လေယာဉ်တင် သင်္ဘောကြီးနဲ့ မြန်မာနိုင်ငံအနီးကိုရောက်ရှိလာခဲ့ပါတယ်။ ဆရာဝန်အပါအ၀င် ကူညီကယ်ဆယ်ရေး ဆေး ဘက်ဆိုင်ရာကျွမ်းကျင်သူပေါင်း၂၀၀ ကျော်နဲ့ ဆေးဝါးတွေ၊  အစားအစာ အ၀တ်အထည်တွေသောက်ရေ
တွေ နဲ့ ကူညီပါရစေလို့ အဲဒီအချိန်ကနိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခါးခါးသီးသီးငြင်းပယ် ခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်တစ်ဦးကမြန်မာတွေဟာ ဖါးရှာငါးရှာစားလို့ရတယ်လို့တောင် မဆင်မခြင်းပြောဆို ခဲ့ တာရှိခဲ့ပါတယ်။

      နိုင်ငံခြားက တသီးပုဂ္ဂလအလှူရှင်တွေလာရောက်လှူဒါန်းတာကိုလည်း ကနဦးကာလမှာလက်မခံခဲ့ ပါဘူး။ နောက်ပိုင်းမှ ပြောင်းလာတဲ့ပုံစံကတော့ လာလှူတဲ့လူတွေဟာ ဒုက္ခသည်တွေကို ကိုယ်တိုင်ကိုယ်ကျ လှူခွင့် မပြု ပဲ အစိုးရသတ်မှတ်ထားတဲ့ နေရာတွေမှာ ပေးအပ်ခဲ့ကြရပါတယ်။ ကူညီကြသူအချို့ကိုလည်းဖမ်း ဆီးထောင် ချခဲ့ပါတယ်။ အဲဒါကြောင့် ဦးသန်းရွှေ အာဏာရှင်အစိုးရကို တကမ္ဘာလုံးက ပက်စက်တဲ့အစိုးရ လို့ ဝေဖန်ခဲ့ကြတယ်။

                                 “၂၀၁၁ ခုနှစ်ထိုင်းရေဘေးအတွေ့အကြုံ”      
         ထိုင်းနိုင်ငံမှာ နိုင်ငံရေးပယောဂမကင်းတဲ့ နေနစ်မြုပ်မှု ၂၀၁၁ ခုနှစ်က ကြုံခဲ့ပါတယ်။ နဂိုကတည်းက ပင်လယ်ရေမျက်နှာပြင်အောက်မှာရှိနေတဲ့ ဘန်ကောက်၊ မဟာချိုင်၊ စမွတ်စာခွန်၊ မမွတ်ပရာကန်၊ပထုံဌာနီ အပါအ၀င် မြေနိမ့်ပိုင်းကမ်းရိုးတန်းပြည်နယ် ၁၀ ခုလောက် တစ်လခွဲလောက် ရေနစ်ခဲ့ပါတယ်။ အဲဒီအချိန် က စာရေးသူဟာ သတင်းဌာန၂ခုအတွက် ဗွီဒီယိုသတင်းထောက်အဖြစ်လုပ်နေချိန် လည်းဖြစ်ပါတယ်။ အလုပ် သမားအရေးလုပ်နေသူတစ်ဦးဖြစ်တာကြောင့် မဟာချိုင်အခြေစိုက် မြန်မာဘုန်းတော်ကြီးတစ်ပါးနဲ့ ကယ်ဆယ် ရေးစခန်းတစ်ခုကို တာဝန်ခံပြီး ရေဘေးသင့်မြန်မာအလုပ်သမားထောင်ပေါင်းများစွာကို ကူညီစောင့်ရှောက် ပေးခဲ့ပါတယ်။

           ရေဘေးသင့်တဲ့နေရာတွေကို ထိုင်းစစ်တပ်က ကားဘီးအမြင့်တွေနဲ့ အသွားအလာ အသယ်အပို့ကို လုပ်ပေးပါတယ်။ ပဲ့ထောင်လှေတွေနဲ့ အချိန်ပြည့်အခမဲ့သယ်ပို့လုပ်ပေးကြပါတယ်။ လှေထုတ်လုပ်တဲ့ စက်ရုံ တွေကလည်း လှေတွေကိုချက်ခြင်းထုတ်လုပ်ရောင်းချကြပါတယ်။ အိမ်တိုင်းလိုလိုမှာ လှေငယ်တွေရှိ ကြ ပါ တယ်။ အသက်ကယ်အင်းကျီတွေဝေပေးပါတယ်။ 

          အစားအစာနဲ့သောက်ရေတွေကို လိုလေသေးမရှိအောင် ဝေငှကြပါတယ်။ ကျမ္မာရေးစောင့်ရှောက် မှုတွေကို ရပ်ကွက်တိုင်းမှာ စခန်းဖွင့်လှစ်ကုသပေးပါတယ်။ နိုင်ငံတစ်ခုလုံးကို အရေးပေါ်ကြေညာထားခဲ့ ပါတယ်။ ရေဘေးကို ထိုင်းဘုရင် မိသားစုတွေကရော ၀န်ကြီးချုပ်တွေကပါ နေ့စဉ်နေ့တိုင်းလာရောက် ကူညီ လှူဒါန်းကြပါတယ်။ ရေဘေးဒုက္ခရောက်နေကြသူတွေ စီးပွားရေး မလုပ်နိုင်ကလွဲရင် စားရေးနေရေး ကျမ္မာ
ရေး အတွက်ဘာမှ ပူပင်စရာမလိုပါ။ အစိုရ၊ ပြည်သူနဲ့ နိုင်ငံတကာ ကလူတွေကြိုက်တာလာလှူကြ၊ ဘာမှ အနှောက်အယှက်မရှိကြဘူး။



                     “အားကျစရာကယ်ဆယ်ရေးအစီအမံတွေထိုင်းမှာအဆင်သင့်”
           ထိုင်းနိုင်ငံမှာ မီးလောင်မလား၊ ရေနစ်မလား၊ ဘေးအန္တရာယ်တစ်ခုခုကြောင့် အကျိုးစီးပွားနဲ့ အသက်ဆုံးရှုံးသွားမလား၊ လူ့အသက်ကလွဲရင် အခြားဆုံးရှုံးမှုတွေထက်သာလွန်တဲ့အထောက် အပံ့တွေ
ပြန်ရအောင် ပြည့်ပြည့်၀၀အကူညီပေးလိုက်ပါတယ်။ ထိုင်တနိုင်ငံလုံးဘယ်နေရာမှာ မဆို မီးလောင်လောင်၊ ကားတိုက်တိုက် အရေးပေါ်ကယ်ဆယ်ရေးကားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ၁၀မိနစ်လောက် အ တွင်းမှာ ရောက်ရှိလာ တတ်ကြပါတယ်။ ဒီကယ်ဆယ်ရေး လုပ်သားတွေကို ပြည့်စုံလုံလောက်တဲ့ အသုံး အဆောင်၊ ကား၊ ထောက်ကူ ပစ္စည်းတွေအပ်နှင်းထားပါတယ်။ အရေးပေါ်အသက်ကယ်နည်းတွေနဲ့ အရေးပေါ်ကူညီမှုသင်တန်းတွေကို စဉ်ဆက်မပြတ်သင်ထားကြပါတယ်။

            ဘေးဒုက္ခကြီးကြီးမားမားတစ်ခုဖြစ်ပြီဆိုတာနဲ့ ဘေးကင်းလုံခြုံတဲ့အခြားနေရာတွေမှာ မဏ္ဍပ်ထိုးပြီး ကယ်ဆယ်ရေးပစ္စည်းတွေ အလှူခံပါတယ်။ အဲဒီပစ္စည်းတွေကို အစိုးရယာဉ်တွေနဲ့ အစိုးရစရိတ်နဲ့ ဒုက္ခ သည် တွေရှိတဲ့နေရာတွေကို သွားရောက်လှူဒါန်းကြပါတယ်။ ဘေးဒုက္ခရောက်သူတွေကို မရောက်တဲ့ သူတွေ အား လုံးဝိုင်းကူကြရမယ်ဆိုတဲ့ အသိစိတ်နဲ့လုပ်ကိုင်ဆောင်ရွက်ကြတဲ့ အမူအကျင့်ပုံစံကိုထင်ထင် ရှား ရှားမြင်တွေ့ရပါတယ်။

           အစိုးရကယ်ဆယ်ရေးအဖွဲ့၊ အင်ဂျီအိုကယ်ဆယ်ရေးအဖွဲ့တွေအပြင် ရပ်ကွက်ကယ်ဆယ်ရေးအဖွဲ့ဆို ပြီးရှိတတ်ပါတယ်။ ဒီအဖွဲ့တွေဟာ အစိုးရရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးသတင်းအချက်အလက်တွေကိုလည်း အထောက်အကူပြုစေပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာလို ရပ်ကွက်လိုက်မီးလောင်ပြာကျသွားတာမျိုးမရှိ ပါဘူး။ အရေးပေါ်ကားတွေမှာလည်း ကျွမ်းကျင်တဲ့ကျမ္မာရေးလုပ်သားတွေ၂၄နာရီတာဝန် ထမ်းဆောင်နေ တာ အလွန်အားကျဖို့ကောင်းပါတယ်။ အရေးပေါ်ကားတွေကမီးထွန်းပြီး အဆက်မပြတ်ကားဟွန်းတီးလာလို့ ရှိရင် အခြားကားတွေဟာ လမ်းရှင်းပေးကြပါတယ်။ အရေးပေါ်ကားဟာ မီးပွိုင့်ကို ဖြတ်မောင်းခွင့်ရှိပါတယ်။


                              “အပျက်ကနေ အဖြစ်သို့၊ အဆိုးမှအကောင်းသို့”
         ထိုင်းနိုင်ငံဟာ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဆူနာမီတိုက်ခတ်ခံခဲ့ရပါတယ်။ အဲဒီအချိန်က ဆူနာမီကြိုတင်သတိပေးချက်တွေထိုင်းမှာမရှိသေးပါဘူး။ ပင်လယ်ရေအောက်လာ တဲ့ ဆူနာမီ မြေငလျှင် လှုပ်ခပ်မှုဟာရုတ်တရက်ကျရောက်လာတာမို့ ထိုင်းနိုင်ငံဟာ အလစ်အငိုက်မိသလိုဖြစ်သွားခဲ့ရတာကြောင့် လူ့အသက်တွေရော ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေပါများခဲ့ပါတယ်။

          သေသွားသူတွေအသက်ပြန်မရှင်တာကလွဲရင် နဂိုမူလလုပ်ကိုင်နေတဲ့ပုံစံအတိုင်းပြန်ဖြစ်အောင် ထိုင်းအစိုးရဟာ နိုင်ငံတကာအကူညီတွေနဲ့ အချိန်တိုတိုအတွင်းမှာ အမြန်ဆုံးတည်ဆောက်ပါတယ်။ ပျက်စီး သွားတဲ့ လမ်းတွေ၊ တံတားတွေ၊  အိမ်တွေအတွက် ဘိလပ်မြေကုမ္ပဏီ၊ သံချောင်း၊ အမိုးသွပ်နဲ့ အခြားသော ပစ္စည်းကိရိယာတွေဟူသမျှ ဆောက်လုပ်မယ့်နေရာအရောက် အခမဲ့ပေးပို့လှူဒါန်းကြပါတယ်။

        ဆူနာမီလှိုင်းလုံးတွေကြောင့် ကမ်းပေါ်ရောက်သွားတဲ့ လှေသင်္ဘောတွေကို ပြတိုက်လုပ်ပြီး လူအများ သတိရှိနေအောင်၊ လာရောက်လေ့လာနိုင်အောင်ထားရှိပါတယ်။ သေဆုံးသွားသူတွေကို ဂူဗိမ္ဗာန်တည်
ဆောက် ပေးပါတယ်။ မိသားစုရှာမရတဲ့အလောင်းတွေကို ၃နှစ်လောက်အထိ မပျက်မစီးအောင် အအေး ခန်းနဲ့စနစ်တကျ သိမ်းဆည်းပေးခဲ့ပါတယ်။ ပိုင်ရှင်လုံးဝရှာမရတဲ့အဆုံးမှ စုပေါင်းပြီးသဂြိုဟ်လိုက်ပါတယ်။   
    
        အဲဒီဆူနာမီဖြစ်ပြီးတဲ့နောက်ပိုင်းကစပြီး နောင်တချိန်မမျှော်လင့်ပဲ ဆူနာမီပေါ်ပေါက်လာလို့ရှိရင် လူတွေ အသက်ဘေးက လွတ်မြောက်အောင်ကယ်ဆယ်ရေးပစ္စည်းတွေ ပင်လယ်ကမ်းစပ်ဒေသအားလုံးမှာ လုံလုံ လောက်လောက်ထားပေးလိုက်ပါတယ်။ အရေးပေါ်နားခိုစရာတွေ လုံလုံလောက်လောက် တည်
ဆောက်ထား ထားပါတယ်။ ဆူနာမီ အရေးပေါ်အချက်ပေးကိရိယာတွေကိုထားရှိပြီး၂၄နာရီ စောင့်ကြည့် သတင်းထုတ်ပြန် မယ့် ၀န်ထမ်းတွေခန့်ထားလိုက်ပါတယ်။

 ပင်လယ်အပန်းဖြေစခန်းတွေရှိတဲ့ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီအရေးပေါ်ကယ်ဆယ်နည်း ကာ ကွယ် နည်း စတဲ့သင်တန်းတွေကိုလည်း မကြာမကြာ သင်တန်းပေးနေဆဲဖြစ်ပါတယ်။ ခြုံပြောရလျှင် လာခဲ့စမ်းပါ ဘာဒုက္ခမျိုးငါတို့ကိုလာအံတုမလဲ။ ဆိုတဲ့ စိန်ခေါ်နေသလိုပါပဲ။ ဘာဖြစ်လို့ ဒီလိုပြောရသလဲ ဆိုရင် ထိုင်းနိုင်ငံ မှာ ကယ်ဆယ်ရေးနဲ့ သတင်းအချက် အလက်ဖလှယ်ရေးအင်အားစုတွေဟာ နေရာ တိုင်းနေရာ တိုင်းမှာ ဘာဖြစ် လာမလဲ၊ ဆိုတာကို အမြဲတမ်းစောင့်ကြည့်နေကြလို့ပါပဲ။ စီမံထားတာတွေ အလွန်အတုယူ ဖွယ်ဖြစ် ပါတယ်။

        မြန်မာနိုင်ငံမှာတော့၂၀၀၈ နာဂစ်မဖြစ်မီ  အမေရိကန်မိုးလေ၀ါသဌာနက ထုတ်ပြန်ကြေညာပေး ခဲ့ပေမယ့် မိုးလေ၀ါသနဲ့ဇလဗေဒဦးစီးဌာနကတိုင်းပြည်ကိုကြိုတင် သတင်းမပေးနိုင်ခဲ့ သလို နိုင်ငံတော် အစိုးရကလည်း  တိုင်းသူပြည်သားတွေ ဘေးလွတ်ကင်းအောင် တစ်စုံတစ်ရာကြိုတင်ပြင်ဆင်တာ မလုပ်ခဲ့ ပါ ဘူး။ ပိုဆိုးတာက လေဖိအားတွေလျှော့နည်းလာပါပြီး စိုးရိမ်စရာမရှိတော့ဘူးလို့တောင် သတင်းမှား ထုတ်ပြန် ခဲ့ ပါတယ်။ 

          မိုးဇလပညာရှင် ဒေါက်တာဦးထွန်းလွင် က ၂၀၁၅ ခု ဇူလိုင်လ ၁၆ ရက်နေ့လောက်ကတည်းက မိုးတွေအဆက် မပြတ်ရွာနေတယ်၊ မုန်းတိုင်းဖြစ်နိုင်တယ်။ အရေပေါ်အခြေအနေ ကြေညာသင့်ပြီလို့ ပြော ခဲ့ပေမယ့် ဦးသိန်းစိန် အစိုးရဟာ မကြေညာခဲ့သလို အရေးပေါ်အနီးကပ်အစီအမံတွေလည်း မလုပ်နိုင်ခဲ့ ကြပါဘူး။ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ကိုမန် လို့အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းက ဇူလိုင်လ၃၁ ရက်နေ့မှာ ၀င်ရောက်တိုက်ခတ်သွားခဲ့ပါတယ်။ သမ္မတဟာ မုန်တိုင်းဝင်ပြီး အဆိုးဆုံးအခြေအနေကိုရောက် ပြီး သြဂုတ်လ၁ရက်နေ့မှာမှ(ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း)တို့ကိုအရေးပေါ်နေ ရာတွေ အဖြစ်ကြေညာခဲ့ပါတယ်။ ခုလက်ရှိမှာ တိုင်းနဲ့ပြည်နယ် ၁၁ ခုရေနစ်နေတာ လူတွေသေနေတာ တစ်ပတ်လောက်ရှိနေပြီဖြစ်ပါတယ်။


                   “မဖြစ်မနေလုပ်ဆောင်ကြရမယ့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ”
            ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ရက်အတန်ကြာလာတဲ့အခါ ရေတွေလျှော့ကျသွားပါမယ်။ မုန်းတိုင်းလျှော့ နည်း သွားပါမယ်။ ဘေးဒုက္ခတို့လုပ်ငန်းစဉ်အတိုင်း၊ ပထမ အရေးပေါ်အစားအသောက် အ၀တ်အထည် ကျမ္မာရေး စတာတွေကိုလုပ်ကိုင်ကြရပါတယ်။ ခြေခင်းလက်ခင်းသာလာတဲ့အခါ လူတွေအသုံးပြုနေကြ တဲ့ သောက်သုံး ရေတွင်းရေကန်တွေ အားလုံးတို့ကို ပြန်လည်စုတ်ထုတ်ပြီး သန့်ရှင်းပစ်ဖို့လိုအပ်ပါ မယ်။
 သောက်သုံးရေနဲ့ အစားအစာဆေးဝါးတွေလိုအပ်ပါမယ်။ ပျက်စီးသွားတဲ့လူနေအိမ်တွေကို အမြန်ဆုံးပြန် လည်တည်ဆောက် ပေးဖို့လိုပါမယ်။ ယာယီအိမ်သာတွေ ဆောက်လုပ်ဖို့လိုအပ်ပါမယ်။

     သယ်ယူပို့ဆောင် ရေးယာဉ်တွေလိုအပ်ပါမယ်။ ဖယောင်းတိုင်၊ လျှပ်စစ်မီးအိမ်၊ စောင်၊ ခြင်းထောင်နဲ့ အ၀တ်အထည်တွေလိုအပ်ပါ တယ်။ အဲဒီနောက်မှာမှ ဒီဘေးဒုက္ခသည်တွေရဲ့ ဘ၀ရပ်တည်ရေးအတွက် လုပ်ကိုင်စားသောက်မှုတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေ၊ ဆားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတွေအပြင် လယ် လုပ်ငန်းတွေကို ပြန်လည်ထူထောင်ဖို့ အတွက် အလွန်အရေးကြီးပါတယ်။

         ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလုပ်ကြတဲ့အခါ နိုင်ငံတကာအကူညီတွေ မဖြစ်မနေလိုအပ် ပါတယ်။ နိုင်ငံတကာအကူညီတွေကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရပါမယ်။ သေသေချာချာ စီမံခန့်ခွဲနိုင်ဖို့အထူးလိုပါတယ်။ နာဂစ်တိုက်ခတ်ပြီးနောက်ပိုင်း အဲဒီဒေသမှာလူတွေနေလို့မရပဲ ပျောက်ကွယ် သွားခဲ့ကြရတာကို နမူနာယူသင့်ပါတယ်။

        ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း ကာလတုန်းက မြန်မာလူထုတွေဟာ အကြောက်တရားတွေနဲ့ဖြတ် သန်းခဲ့ကြရပါတယ်။ သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေ အတိုင်းအတာတစ်ခု အထိလွတ်လပ်ခဲ့ပြီဖြစ်တယ်။ အခုခေတ်မီ နည်းပညာတွေဖြစ်ကြတဲ့ ဖုန်းကယ်မရာနဲ့ အင်တာနက်တွေကို လူတိုင်းနည်းပါး အသုံးပြုတတ်ကြပြီ။ မကြောက်တရားတွေနဲ့ အမှားအမှန်တွေကိုလည်း ခွဲခြားသိမြင်နေကြ ပြီဖြစ်ပါတယ်။ တိုင်ပြည်ကို ဘယ်စနစ်နဲ့ ဘယ်သူတွေအုပ်ချုပ်မှဖြစ်တော့မယ်ဆိုတာကိုလည်း လူထုတွေ နားလည်ခဲ့ကြပါပြီ။ 

  မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်၂ခုဖြစ်တဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ပါ ယခုထပ်မံ ဘေးဒုက္ခကြုံ ကြရတာ အလွန်စိုးရိမ်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် ဘာမှအဆင်သင့်မလုပ် ပေးနိုင် သူတွေလက်ထက်မှာ ဘေးဒုက္ခဆိုးကြီးတွေ ထပ်မံမကျရောက်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

                                        ကျော်သောင်း