27 October 2015

“ပြည်ပရောက်အပယ်ခံများ”

     "၂၀၁၅ ခုအောက်တိုဘာ ၂၈ ရက်နေ့ထုတ် “တို့ခေတ်”အပတ်စဉ်သတင်းဂျာနယ်တွင်ဖေါ်
ပြထားသည့် ဆောင်းပါး အား အွန်လိုင်း မိတ်ဆွေများအတွက် ကူးယူဖေါ်ပြပါတယ်"                  
          
          မြန်မာနိုင်ငံကထွက်ခွာပြီး ပြည်ပ ၄၄နိုင်ငံခြားတိုင်းပြည်များမှ ထွက်ခွာအလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ ကျောင်းသားကျောင်းသူတွေ ငါးသန်းထက်မနည်းရှိပေမယ့် ရွေးကောက်ပွဲကော်မရှင်ကကြေညာတာက ပြည်ပနိုင်ငံတွေက မဲပေးခွင့်ရှိသူ သုံးသောင်းလေးထောင်ရှစ်ရာကျော်သာရှိကြောင်း ကြေညာပါတယ်။ ငွေကြေးတတ်နိုင်ပြီးပညာတတ်အသိုင်းအ၀ိုင်းအလုပ်သမားတွေဖြစ်ကြတဲ့ စင်္ကာပူရောက် မြန်မာအချို့သာနေရပ်ပြန်ပြီး မဲပေးကြမယ်လို့ကြားသိရပါတယ်။

         ထိုင်းကိုရောက်နေကြတဲ့ သုံးသန်းထက်မနည်းရှိနေတဲ့ တရားဝင်အလုပ်သမားတွေက ၅၆၁ ဦးသာ မဲပေးခွင့်ရရှိကြပါတယ်။  တရားဝင်မြန်မာအလုပ်သမား ၈သိန်းလောက်ရှိတဲ့ မလေးရှားနိုင်ငံမှာ ၄၄၃ ဦးသာ မဲပေးခွင့်ရရှိကြမှာဖြစ်တာကြောင့် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ ဒီဆုံးမှုကြီးကို သာမန်အလုပ်သမားတွေအနေနဲ့ အလေးနက်ထားရကောင်းမှန်းမသိကြပေမယ့် တိုင်းပြည်မွဲပြီးကိုယ်ချမ်းသာတဲ့အာဏာကို မဖြုတ်စတမ်းလိုချင်ကြတဲ့ အုပ်စုတွေအတွက်ကတော့ မုဆိုး ရွှေအိုးထမ်းပြီးနတ်သမီးနဲ့ညားရတဲ့ကိန်းဆိုတာ နိုင်ငံရေးကိုနားလည်သူတိုင်း သိရှိထားပြီးဖြစ်ပါတယ်။

          မဲပေးခွင့်ရှိသူတွေစါရင်းကို ပထမအကြိမ်ကြေညာတုန်းက ရန်ကုန် မန္တလေးမြို့ကြီးတွေက စါရင်း တွေမှားတယ်လို့ ၀ိုင်းပြောကြတာကြောင့် ဒုတိယတစ်ကြိမ် အက္ခရာစဉ်လိုက်ထုတ်တော့လည်း မှားပြန်တယ်။ အဲဒါကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ကွန်ပျူတာ ဆော့ဝဲတွေ ချို့ ယွင်းလို့ဆိုပြီး ပြောပြန်တော့ ငိုအားထက် ရည်အားသန်ကြရတယ်။ ကွန်ပျူတာဆိုတာ လူခိုင်းတာလုပ်ရတဲ့ သက်မဲ့ပစ္စည်းဆိုတာကို မေ့သွားပုံရတယ်။ တစ်ခါ ထပ်ပြီးမဲစာရင်းမှန်ကန်မှုတွေအတွက် ၃၀ ရာခိုင်နုန်းပဲတာဝန်ယူတယ်လို့ ပြောပြန်တော့ ကျနော်တို့တွေ ဘာကို ယုံလို့ယုံရမှန်းမသိတော့ပါဘူး။

              ၁၉၉၀ ၀န်ကျင်က နယ်လေယာဉ်ကွင်းတစ်ကွင်းမှာ Weather ၀ယ်သာ မကောင်းတာကြောင့် လေယာဉ်က မထွက်နိုင်ကြောင်း ကြေညာပါတယ်။ အဲဒီအချိန်မှာ လေယာဉ်စီးဖို့ စောင့်နေတဲ့ တပ်ရင်းမှူး ဒု.ဗိုလ်မှူးကြီး တစ်ယောက် ဝေသာတစ်ယောက်နေမကောင်းတာငါနဲ့မဆိုင်ဘူး။ ငါသွားမယ့်ခရီးကိုတော့ မဖျက်သိမ်းနိုင်ဘူး။ ခုချက်ခြင်းလေယာဉ်ထွက်ပေးပါလို့ပြောခဲ့ကိစ္စကို မြန်မာနိုင်ငံမှာအတော့်ကို ရည်စရာဖြစ်ခဲ့ကြရပါတယ်။ Weather ၀ယ်သာ ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ဒု.ဗိုလ်မှူးကြီးတစ်ယောက်သိမှာပါ။ ဒါပေမယ့် ဘာ့ကြောင့် လူအများရှေ့မှာ ဒီလိုပြောသလဲဆိုတာတော့ ခုထိစဉ်းစားလို့မရဘူး။

                              “အမေ့ခံတွေကို ကြည့်မယ့်သူမရှိသေးပါဘူး”

               ၂၀၁၂ နှစ်က  ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး  ဦးသိန်းစိန် တို့ သီးခြားစီ 
ထိုင်းနိုင်ငံကိုလာခဲ့ကြတယ်။ ခေါင်းဆောင်၂ယောက်လုံး တစ်ပုံစံတည်းပြောသွားကြတဲ့စကားတစ်ခွန်းက ထိုင်းကိုရောက်နေကြတဲ့ အလုပ်သမားတွေကို ပစ်မထားပါဘူး။ ကာကွယ်စောင့်ရှောက်ဖို့အတွက် တာဝန်ယူပါတယ်လို့ ပြောသွာခဲ့ကြတယ်။ သမ္မတ ဦးသိန်းစိန် က အလုပ်သမားသံအရာရှိတွေထားရှိပြီဖြစ်ကြောင်းပြောဆိုခဲ့တယ်။ ဒေါ်စုကများ ဆိုရင် ကိုယ့်တိုင်းပြည်မှာ ဒီလူတွေ အလုပ်လုပ်နိုင်ဖို့လိုတယ်လို့တောင်အလုပ်သမားတွေကို အားဖြည့်စကား ပြောဆိုသွားခဲ့တယ်။ ထိုင်းနိုင်ငံမှာ နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရတဲ့ အလုပ်သမားတွေ တဒင်္ဂ ၀မ်းမြောက်ခဲ့ရတယ်။ ဒါပေမယ့် ပါးစပ်ဖျားက ပြောသွားခဲ့ကြတဲ့ အားပေးစကားက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ယခုအချိန်အထိ တစ်စုံတစ်ခုမှ ထူးခြားမှုမရှိခဲ့ပါဘူး။ အလုပ်သမားတွေကို
လူကြီးတွေညာသွားတယ်လို့ ပြောနေကြတယ်။
                     “ထိုင်းရောက်အလုပ်သမားတွေကြုံနေရတဲ့သောကဝေဒနာများ”    
           မြန်မာအစိုးရက ထုတ်ပေးတဲ့ပတ်စပို့နဲ့ထိုင်းက နေထိုင်ခွင့်ဗီဇာနဲ့ အလုပ်လုပ်ခွင့်ပါမစ်တို့ကို မြန်မာအလုပ်သမားတွေ ကျပ်ငွေ ၅သိန်းကျော်ထက်မနည်း အကုန်အကျခံပြီးလုပ်ထားကြရပါတယ်။ ထိုင်းမှာ အလုပ်လုပ်နေကြတဲ့အလုပ်သမားတွေဟာ ရှုပ်ထွေးတဲ့ပတ်စပို့လုပ်ငန်းစဉ်တွေကို နားမလည်ကြာတကတစ်မျိုး၊ ပတ်စပို့၊ နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် ရုံးလုပ်ငန်းတွေ အကုန်လုံးကို ထိုင်းနဲ့မြန်မာ ပွဲစားကုမ္ပဏီတွေကပဲ ကြားခံလုပ်ပေးကြတာမို့ မြန်မာအလုပ်သမားတွေရဲ့လုံခြုံရေးကံကြမ္မာအားလုံးကို ပွဲစားတွေဆီမှာ“၀”ကွက် အပ်ထားကြရပါတယ်။

         ရွှေ့ပြောင်းအလုပ်သမားတွေရဲ့စာအုပ်မှာ တစ်နှစ်တန်သည် ၂နှစ်တန်သည် နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံး ထုပြီးရုံနဲ့ မလုံလောက်ပဲ ရက်ပေါင်း ၉၀ ပြည့်တိုင်း အဲဒီပတ်စပို့စာအုပ်တွေကို နယ်မြေ လ၀ကရုံးတွေမှာ ဧည့်စါရင်းသွားတိုင်ရပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် မြန်မာအလုပ်သမားတိုင်းဟာ ပွဲစားနဲ့လုပ်ကြရပါတယ်။ တချို့အလုပ်ရုံမှာဆိုရင် ပတ်စပို့ကို အမြဲတမ်းကိုသိမ်းထားပြီးလုပ်ပေးပါတယ်။ ပတ်စပို့ကိုသိမ်းထားပြီး ရက်ပေါင်း ၉၀ တံဆိပ်တုံးထုပေးရင်တော့ ကောင်းပါရဲ့ လုပ်ငန်းရှင်တွေက ညစ်ပတ်ပြီး တံဆိပ်တုံးထုမပေးပဲထားလို့ နေထိုင် ခွင့်လွန်သွားပြီး ဒုက္ခရောက်ကြရတဲ့ မြန်မာတွေ ဒုနဲ့ဒေးဖြစ်ပါတယ်။

         ပတ်စပို့ကို ရက်၉၀ တံဆိပ်တုံးထုမလို့ ပွဲစားနဲ့ထည့်လိုက်တုန်း လမ်းသွား၊ ဈေးဝယ်၊ အလုပ်သွားရင်း ပုလိပ်ဖမ်းရင် ငွေပေးမှလွတ်မြောက်ပါတယ်။ အချို့အပြင်မှာ မိသားစုပါမသွားကြတဲ့သူတွေဆိုရင် ထောင်ချခံရပြီး နယ်စပ်ကို ပြန်ပို့ခံရတတ်ပါတယ်။ ထိုင်းရဲနဲ့ ထိုင်းလမ်းသရဲတွေဟာ မြန်မာအလုပ်သမားတွေအတွက် ပတ်စပို့ဟာ မရှိမဖြစ်လိုအပ်တာကို သိရှိကြတာကြောင့် ပတ်စပို့ကိုသိမ်းဆည်းတာ၊ ခိုးယူတာ၊ လုယူတာတွေ လုပ်တတ်ကြပါတယ်။ နိုင်ငံကူးလက်မှတ်လို့ ခေါ်တဲ့ ပတ်စပို့ဆိုတာ နိုင်ငံခြားတိုင်းပြည်မှာ အလွန်အရေးကြီးပြီး လူရာဝင်တဲ့နိုင်ငံသားအမှတ်အသားတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေအတွက်ကတော ပတ်စပို့ဟာ လုံခြုံမှုလွတ်လပ်မှုပေးစွမ်းရမယ့်အစား အနိုင်ကျင့်လို့ရတဲ့ပစ္စည်းတစ်ခု၊ နိုင်ကွက်အညှာတစ်ခုသာ ဖြစ်နေပါတယ်။

                             “ပေါ့စေချင်လို့ကြောင်ရုပ်ထိုးတာဆေးကြောင့်ပိုလေး”
            ရက်၉၀ တံဆိပ်တုံးအတု၊ ဗီဇာအတု၊ မြန်မာမှတ်ပုံတင်အတု၊ အလုပ်သွင်းပေးမယ်ဆိုပြီး အနိုင်ကျင့် ပြီး မြန်မာအချင်းချင်း ပတ်စပို့သိမ်းထားကြတာရှိပါတယ်။ ထိုင်းအစိုးရကလည်း မြန်မာအလုပ်သမားတွေ အတွက် ဥပဒေအတိုင်း တိတိကျကျ အကာအကွယ်မပေးသလို မြန်မာအစိုးရနဲ့ မြန်မာသံရုံးတို့ရဲ့ထိထိ ရောက်ရောက် လုပ်မပေးတာတွေကို သိရှိထားကြတဲ့ ထိုင်းအလုပ်ရုံအချို့ဟာ ပတ်စပို့ကိုသိမ်းထားလို့ ရက်ကျော် ပတ်စပို့တွေဖြစ်သွားပြီး နေထိုင်ခွင့်သက်တမ်းတွေ သေဆုံးသွားခဲ့ကြရပါတယ်။ အလုပ်သွင်းပေးခ တနင့်တပိုးယူတာ။ ထိုင်းလုပ်ငန်းရှင်ကရိုက်နှက်လို့ သေဆုံးသွားရသူ၊ ခြေလက်အင်္ဂါပျက်စီးသွားရသူ၊ လုပ်ငန်းရှင်၊ အိမ်ရှင်က အဓမ္မပြုတာခံရသူ၊ ထိုင်းပုလိပ်တွေ အနိုင်ကျင့်ဖမ်းဆီးငွေတောင်းခံရသူ၊ ထိုင်းနိုင်ငံနေရာအနှံ့အပြား မှာရှိပါ တယ်။

                                             “မလုံခြုံတဲ့ဘ၀ပေး”
           ထိုင်းနိုင်ငံမှာကျင့်သုံးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာနည်းဥပဒေတွေကို မြန်မာအလုပ်သမား ၀န်ကြီးဌာနနဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေဟာ  အနုစိတ်လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်။ ဒီစကားကိုကြားရရင် သက်ဆိုင်သူတွေဒေါသထွက်ကြမှာကိန်းသေပါပဲ။ မတတ်နိုင်းဘူး။ ကိုယ်ဝမ်းနာ ကိုယ်သာသိဆိုသလို ထိုင်းကိုရောက်နေတဲ့ အလုပ်သမားတွေရဲ့ နေ့တဓူဝ ခံရနေရမှုတွေက ထင်မှတ်ထားတာတွေထက် ပိုဆိုးနေလို့ပြောရခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို  ရွှေ့ပြောင်းအလုပ်သမားအဖြစ် သန်းချီရောက်နေတဲ့တာကို မြန်မာအစိုးရ အဆက်အဆက်ဟာ တရားဝင်မြန်မာအလုပ်သမားပြည်ပမှာမရှိဘူးဆိုပြီး အမြဲ ဘူးကွယ်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုး ရ တက်လာပြီး ၂၀၁၁ မှာမှ ပြည်ပရောက် မြန်မာအလုပ်သမားဆိုတာ ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ အမှန် က ၂၀၀၉ ကတည်းက ထိုင်းနဲ့မြန်မာအစိုးရဟာMOUအလုပ်သမားတင်သွင်းခြင်းလုပ်ငန်းကို စတင်ခဲ့ကြတာပါ။

         ထိုင်းနိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေကို လွတ်လပ်စွာ အလုပ်ပြောင်းရွှေ့ခွင့်မရရှိကြသလို လွတ်လပ် စွာသွားလာခွင့်လည်းမရှိကြပါဘူး။ မြန်မာအလုပ်သမားတစ်ယောက်ကို ထိုင်းအာဏာပိုင်တွေဟာ အချိန်မရွေးဖမ်းဆီးချုပ်နှောင်ပါတယ်။ ငွေကြေးတောင်းခံပါတယ်။ လူသတ် မှု၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှုနဲ့ ရာဇ၀တ်မှုအမျိုးမျိုးတွေမှာ မြန်မာနိုင်ငံသားတွေ ဘုမသိဘမသိ ထောင်ကျနေတာတွေအများကြီးရှိပါတယ်။ သုတေသနစာတမ်း တစ်စောင်အရဆိုရင် ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲကအကျဉ်းသား၃၀ရာခိုင်နုန်းကျော်ဟာ မြန်မာတွေဖြစ်တယ်လို့သိရပါတယ်။
အလုပ်ခိုင်းစေပြီးလုပ်အားခမပေး၊ အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံး၊ ငါးဖမ်းလှေဆိပ်တွေမှာ အကြောင်းမဲ့သတ်ဖြတ်ခံရ၊ ရာဘာခြံတွေမှာ အဓမ္မပြုကျင့်ပြီး လုယက်သတ်ဖြတ်ခံရ၊ မြန်မာနိုငံသားတွေရဲ့အရိုးတွေ ထိုင်းနိုင်ငံမှာတောင်လိုပုံခဲ့ပါပြီ။

       ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့အမျိုးသမီးတစ်ယောက်က ပြောပြဖူးတယ်။ “ထိုင်းတွေဟာ လူကုန်ကူးခံထားရတဲ့ မြန်မာအလုပ်သမားတွေနဲ့ မြန်မာရေပိုင်နက်ထဲမှာ ငါးတွေကိုသွား ဖမ်းကြတယ်။ လူကုန်ကူးခံထားရတဲ့အလုပ်သမားတွေနဲ့ Sea food လို့ခေါ်တဲ့ပင်လယ်အစားအစာတွေထုတ်လုပ်ပြီး တကမ္ဘာလုံးကိုဖြန့် ချိကြတယ်။ သမီးတို့ပြည့်တန်ဆာအဖြစ်ရောင်းစားခံထားရသူတွေကို ထိုင်းလူမိုက်တွေပန်းဦးချွေပြီး၊ သူတို့မလိုချင်တော့တဲ့အခါ ငါးဖမ်းရာက ပြန်လာတဲ့ မထူးဇါတ်ခင်းထားတဲ့မြန်မာငါးဖမ်းသမားတွေက ပျော်ပါးကြတယ်။ ရတဲ့ပိုက်ဆံကို ပြည့်တန်ဆာရုံပိုင်ရှင် ထိုင်းကယူတယ်။ စဉ်းစားသာကြည့်တော့ဆရာ။ ထိုင်းလူမျိုးတွေဟာသမီး တို့ ပိုင်တဲ့သဘာဝသယံဇာတတွေနဲ့ သမီးတို့လိုလူငယ်တွေကို ကျွန်ပြုရင်းချမ်းသာနေတာကိုရင်နာလို့မဆုံးဘူး။ ကျမတို့ဆီက ထိုင်းတွေအလကားယူနေကြတာကို ကျမတို့လူကြီးတွေသိဖို့ကောင်းတယ်” လို့ပြောခဲပါတယ်။

         ဒီမိန်းကလေးဟာ မြန်မာနိုင်ငံက ဂက်စ်နဲ့  ထိုင်းတစ်နိုင်ငံလုံးမီးလင်းနေတာ၊ စက်ရုံအလုပ်ရုံတွေလည် ပတ်နေတာ၊ မြန်မာ့ကျွန်းသစ်နဲ့ အခြားသောသယံဇာတတွေက အကျိုးအမြတ်တွေရနေတာတွေ၊ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ပစ္စည်းတွေကို ထိုင်းမှာလာဝယ်ရ၊ ဆေးလာကုရ၊ ကျောင်းလာတက်နေရတာတွေကို ဒီမိန်းကလေး သိရင် ဘယ်လောက်အထိ ရင်ကွဲပက်လက်ပြောမလဲ မဆိုနိုင်။    ။
                                                   ကျော်သောင်း