ရန်ကုန်၊ ဒီဇင်ဘာ ၇ The Voice Journal
မင်းကင်းမြို့နယ် သာစည်ကျေးရွာအနီးတွင် ဖမ်းမိသည့် လင်းယုန်မှာ မွန်ဂိုလီးယားနိုင်ငံက ပျံသန်းလာခြင်း ဖြစ်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
အမြင့်တစ်ပေခွဲ၊ တောင်ပံတစ်ဘက်လျှင် တစ်ပေခန့်ရှိပြီး ဝဲဘက်ခြေချင်းဝတ်တွင် ORNITH LAB/ INST-BIOL/ MONGOLIA စသည့် စာတမ်းများ အထက်အောက်ရေးသားထားပြီး ဘေးတွင် 272 ဂဏန်းပါရှိသည့် သတ္တုကို တပ်ဆင်ထားကြောင်း ယင်းဌာနမှ သိရသည်။
ယင်းအပြင် ၎င်း၏ခန္ဓာကိုယ်၌ ခရမ်းရောင်ဖဲကြိုးဖြင့် တုတ်နှောင်ထားပြီး နောက်ကျောတွင် အလျား သုံးလက်မ၊ အနံ တစ်လက်မခွဲအရွယ်ရှိ ဆိုလာပြားငယ်ပါ အဖြူရောင် အမျိုးအမည်မသိ ကိရိယာတစ်ခု တပ်ဆင်ထားကြောင်း ယင်းဌာနမှ သိရသည်။
အဆိုပါ ကိရိယာ၏ မျက်နှာပြင်၌ mwb 1605 ၊ နောက်ကျောတွင် WT 200/ Dimension 45x81822/ Weight approx-72/Case Matiril စသည့် စာတမ်းများ အထက်အောက်ပါရှိခဲ့ကြောင်း ယင်းဌာနက သတင်းထုတ်ပြန်သည်။
မွန်ဂိုလီးယားနိုင်ငံသည် တရုတ်၊ ရုရှားတို့ နှင့် နယ်နိမိတ်ထိစပ်နေသည့် အာရှနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် ၂၈၆၁ ကီလိုမီတာ (၁၇၇၇ ဒသမ ၇၄၃ မိုင်) ကွာဝေးသည်။
လင်းယုန်နှင့်ပတ်သက်၍ Wildlife Conservation Society(WCS) နေပြည်တော်ရုံးခွဲက National Landscape Coordinator ဖြစ်သူ ဒေါက်တာ နော်မေလေးသန့်ထံ မေးမြန်းအဖြေရှာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ORNITH LAB သည် ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ ဌာနခွဲအမည်ဖြစ်ပြီး INST-BIOL သည် ဇီဝဗေဒဆိုင်ရာ တက္ကသိုလ်ဖြစ်ကြောင်း၊
MONGOLIA (မွန်ဂိုလီးယား) ဟုလည်း ပါနေသဖြင့် ယင်းနိုင်ငံရှိ ဇီဝဗေဒတက္ကသိုလ်တစ်ခုမှ ငှက်ဖြစ်နိုင်သည်ဟု ဒေါက်တာ နော်မေလေးသန့်က ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဇီဝဗေဒတက္ကသိုလ်တစ်ခုမှ ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ တက္ကသိုလ်ကျောင်းသားများက လင်းယုန်ငှက်၏ ပျံသန်းနိုင်နှုန်းနှင့် ရောက်ရှိသည့်နေရာကို သိနိုင်ရန် သုတေသနပြုလုပ်သည့် သဘောဖြင့် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
လင်းယုန်ငှက်များသည် အေးသည့် ရာသီဥတုတွင် နေထိုင်ခြင်းမရှိဘဲ ပူနွေးသော ရာသီရှိသည့်ဒေသများသို့ ပြောင်းရွှေ့ နေထိုင်တတ်ရာ မွန်ဂိုလီးယားမှာ လက်ရှိတွင် ရာသီဥတု အလွန်အေးနေသဖြင့် ပူနွေးသော ဒေသဘက်သို့ ပျံသန်းလာရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိနားခိုခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ဆန်းဦးဆိုသူသည် သာစည်းနှင့် မင်းစုကျေးရွာကြားရှိ ၎င်း၏ ယာခင်းကောက်ရိုးပုံပေါ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က လာရောက်နားခိုသည့် ယင်းလင်းယုန်ကို လေးခွဖြင့် ပစ်ခတ်ရာ ဦးခေါင်းကို ထိမှန်ကာ အရှင်ဖမ်းမိခဲ့ပြီး မွေးမြူရန် အိမ်သို့ ယူလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းငှက်ကို မြို့နယ်မှာ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပြီး ယင်းလင်းယုန်ကို တာဝန်ရှိသူများထံ လွှဲပြောင်း ပေးခဲ့ပြီး ယင်းလင်းယုန်နှင့် ပတ်သက်၍ ဒေါက်တာ နော်မေလေးသန့်ထံ မေးမြန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓာတ်ပုံ - ပြည်ထဲရေး