ရခိုင်ဂေဇက် ၊ ဒီဇင်ဘာ ၂၈
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ကျောက်ဖြူမြို့ နယ် ပါတီရုံးကို ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းအမှတ် (၃၈၇)တွင် ယနေ့ဒီဇင်ဘာလ ၂၈ရက်နေ့ နံနက် ၈နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်းရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးထံမှ သိရသည်။
“အခုရုံးဖွင့်ရတာဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တတိယအကြိမ်မှတ်ပုံတင်ပြီးတော့ ရခိုင်ပြည်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ၊ ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပါတီအနေနဲ့ ဘာလုပ်ပေးရမလဲ၊ ရှေ့ကိုဘယ်လိုမျိုးစီမံကိန်းတွေနဲ့ ရှေ့ဆက်ရမလဲဆိုတာကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပါတီဝင်တွေကလည်း အခါအားလျော်စွာကွင်းဆင်းဆောင်ရွက်နေပါတယ်။ တစ်ဆက်တည်းမှာပင် ပါတီရုံးတွေကို ဖွင့်လှစ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ”ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ရခိုင်ဂေဇက်သို့ ပြောသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ် ပါတီ ၏ ဗဟိုရုံးချုပ်ကို ကျောက်တော်မြို့၌ ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ တောင်ကုတ်မြို့နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်တို့တွင်ရုံးခွဲများကို အသီးသီးဖွင့်လှစ်ထားပြီးဖြစ်ကာလာမည့် ဇန်နဝါရီလပထမအပတ်တွင် ပေါက်တောမြို့နယ် ၌ ရုံးခွဲဖွင့်လှစ်သွားမည်ဖြစ်
ကြောင်းလည်း သိရသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ် ALD ပါတီကို ကြေညာချက် အမှတ် (၁၈/၂၀၁၇) အရ နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် (၁၀၃) ဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသီးသီး တည်ထောင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၇ဦး၊ ဗဟိုကော်မတီဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ပါတီ၏ ဥက္ကဋ္ဌမှာ ဦးကျော်မြင့် ဖြစ်ကြောင်းသိရသည်။