14 December 2017

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ၁၅ သန်းကျော်ရှိကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်


Byထွန်းထွန်းမင်း၊ ရဲနိုင်On Thu, 2017-12-14

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ၁၅ သန်းကျော်ရှိကြောင်း ဒီဇင်ဘာ ၁၂ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် အစီရင်ခံစာ ဒုတိယတွဲ၌ ဖော်ပြထားသည်။


အဆိုပါအစီရင်ခံစာကို စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့က ပူးတွဲပြုစု ထားပြီး ဆင်းရဲနွမ်းပါးမှု တိုင်းတာသည့် နည်းလမ်းကို ပြန်လည်စိစစ်သုံးသပ်ရန် အကြံပြုဖော်ပြချက်အစီရင်ခံစာလည်း ဖြစ်သည်။


အဆိုပါ အစီရင်ခံစာအရ ဆင်းရဲနွမ်းပါးသူ ဦးရေ ၁၅ ဒသမ ၈ သန်းအနက် ၁၃ ဒသမ ၈ သန်းသည် ကျေးလက်တွင်နေထိုင်ပြီး နှစ်သန်းသည် မြို့ပြတွင်နေထိုင်သူများဖြစ်သည်ဟု ဖော်ပြသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၃ သန်းရှိသည်။

အဆိုပါအစီရင်ခံစာ၌ ဆင်း ရဲနွမ်းပါးသည့် အိမ်ထောင်စုများ တွင် အလုပ်လုပ်နိုင်သည့် အ သက်အရွယ်နည်းပါးပြီး မှီခိုသူဦး ရေ များပြားလေ့ရှိကာ မြေယာ၊ လယ်ယာသုံးပစ္စည်းများစသည့် အရင်းအမြစ်များလည်း အနည်း ငယ်သာရှိကြောင်း အစီရင်ခံစာ ၌ ပါရှိသည်။

အလွန်အမင်း ဆင်းရဲနွမ်းပါးသူများသည် လယ်ယာလုပ်ငန်းတွင် ကျပန်းအလုပ်သမားများနှင့် မြေယာအနည်းငယ်ပိုင်ဆိုင်သူများဖြစ်ပြီး ၀င်ငွေရသည့် နည်းလမ်းလည်း အ နည်းငယ်သာရှိကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးနှင့် ရာသီဥတု ဖောက်ပြန်ခြင်းက စီးပွားရေးအ ပေါ်သက်ရောက်မှုဖြစ်စေသည်။ ကျန်းမာရေး မကောင်းမှုကြောင့် တစ်နှစ်အတွင်း အလုပ်လုပ်နိုင် သော အလားအလာ ၄ ရာခိုင်နှုန်း ဆုံးရှုံးနေပြီး နိုင်ငံ၏ ထက်ဝက် ခန့်တွင် ထိုပြဿနာနှင့် ရင်ဆိုင် နေရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုပြဿနာကို အစားအသောက် လျှော့ချခြင်းနှင့် အကြွေးများထပ်ယူခြင်းဖြင့် ဖြေရှင်းနေခြင်းက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်နာလန်ထူနိုင်မှုအပေါ် ဆိုးကျိုးဖြစ်စေသည်ဟု ဆိုထားသည်။

‘‘ကျေးလက်နဲ့ မြို့ပြနှိုင်းယှဉ် ရင် မြို့ပြမှာ ဆင်းရဲနွမ်းပါးမှုကပို ပြီးတော့ ကျတယ်။ ကျေးလက်က တော့ ကျန်ခဲ့တယ်။ ကျေးလက်ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာ ကဏ္ဍဖွံ့ဖြိုးမှုက မြို့ပြမှာရှိတဲ့ စက်မှုတို့၊ ၀န်ဆောင်မှုတို့ထက်စာရင် သူကနောက်ကျကျန်ခဲ့တယ်’’ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန စီမံကိန်းရေးဆွဲရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင်က ပြောသည်။

၂၀၁၅ က မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ၁၆ သန်းကျော်ရှိခဲ့သည်။