11 December 2017

လက်ရှိအစိုးရ၏ ကျန်ရှိသက်တမ်းအတွင်း လာအိုနိုင်ငံကို အမီလိုက်ရန်ပင် အလားအလာနည်းနေပြီး နာမကျန်းဖြစ်နေသည့် မြန်မာ့စီးပွားရေး ကုစားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လုပ်ဆောင်ပေးဖို့ စဉ်းစားရန် အချက်လေးချက် ဒေါက်တာဦးမြင့် အကြံပြုတင်ပြ


ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော UMFCCI CONVENTION 2017 တွင် ကုန်သည်စက်မှုအသင်းချုပ် အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့် အဖွင့်အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-နီလာ)
လက်ရှိအစိုးရ၏ ကျန်ရှိနေသည့် သက်တမ်းအတွင်း လာအိုနိုင်ငံကို အမီလိုက်ရန်ပင် အလားအလာနည်းနေပြီး နာမကျန်းဖြစ်နေသည့် မြန်မာ့စီးပွားရေး ကုစားပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုပ်ဆောင်ပေးဖို့ စဉ်းစားရန် အချက်လေးချက်ကို ယခင် အစိုးရလက်ထက် စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် လက်ရှိကုန်သည်စက်မှု အသင်းချုပ်၏ အကြံပေးစီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပသည့် ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ အဖွင့်အမှာစကားတွင် အကြံပြုပြောကြားသည်။


မြန်မာနိုင်ငံအနေဖြင့် လာအိုနိုင်ငံကို အမီလိုက်ရန် အလားအလာ နည်းနေကြောင်း ဒေါက်တာဦးမြင့်က သုံးသပ်ရာတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အာဆီယံနိုင်ငံများ၏ လူတစ်ဦးချင်း အသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး (PER Capita GDP) ဖြင့် နှိုင်းယှဉ်တွက်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအစိုးရသက်တမ်း ငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ကာလအတွင်း ဖြစ်နိုင်မည့် အလားအလာမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့က ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဂျီဒီပီအပေါ် ၁၈၂၃ ဒေါ်လာ ရရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုပမာဏမှာ လာအိုနိုင်ငံ၏ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် တစ်ဦးချင်း ဂျီဒီပီပင်လျှင် ၂၁၄၉ ဒေါ်လာ ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ခန့်မှန်း ချက်ဖြစ်သည့် လူတစ်ဦးချင်း ဂျီဒီပီ ၁၈၂၃ ဒေါ်လာဖြစ်လာလျှင်ပင် လာအိုနိုင်ငံ၏ ၂၀၁၅ ခုနှစ် ဂျီဒီပီထက် နည်းနေသဖြင့် လာအိုနိုင်ငံကို အမီလိုက်ရန်ပင် ခဲယဉ်းသည့် အနေအထား ဖြစ်နေသည့်အပြင် လာအိုနိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီမှာလည်း ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ကာလအတွင်း ထပ်မံ မြင့်တက်နေဦးမည်ဖြစ်သဖြင့် လာအိုနိုင်ငံကို အမီလိုက်ရန်ပင် အလားအလာ နည်းပါးနေရကြောင်း ဒေါက်တာဦးမြင့်က သုံးသပ်ပြောကြားသည်။

“လက်ရှိအစိုးရရဲ့ ကျန်နေတဲ့ ငါးနှစ် သက်တမ်း ကာလအတွင်းမှာ လာအိုနိုင်ငံကို အမီလိုက်နိုင်ဖို့တောင် အလားအလာ နည်းနေပါတယ်။ ဒါက ကျွန်တော်တို့ ကိန်းဂဏန်း စီးပွားရေး ကမ္ဘာထဲမှာ လက်ရှိ ဘယ်အနေအထား ရောက်နေတယ်ဆိုတာကို စဉ်းစားဖို့ ဖြစ်ပါတယ်။ ပိုအရေးကြီးတာက လက်တွေ့ကမ္ဘာထဲက လူထုရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိနေလဲ ဆန်းစစ်ဖို့ လိုပါတယ်။ ဒါ သိပ်မခက်ပါဘူး။ ကျွန်တော်တို့အခု ဈေးထဲသွားပြီး နေ့စဉ်ဈေးဝယ်သူတွေ ဈေးရောင်းသူတွေ မိသားစု ရပ်တည်ရေးအတွက် ကြီး မားစွာ ရုန်းကန်နေရတာကို ကြည်ရုံနဲ့ သိနိုင်ပါတယ်။ အတိုချုံးပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ နာမကျန်းဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ဒေါက်တာဦးမြင့်က ဆိုသည်။

လက်ရှိ စီးပွားရေးနာမကျန်းမှုကို ကုစားရန်နှင့်  ရပ်တန့်နေသည့် စီးပွားရေး ပြန်လည်လည်ပတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးရမည်ဖြစ်ပြီး စီးပွားရေး တိုးတက် အားကောင်းမှု ပြန်လည် တည်ဆောက်ပေးနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် အနေဖြင့် အချက်လေးချက်ကို လုပ်ဆောင်ပေးဖို့ စဉ်းစားရန် တင်ပြကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။

ကုန်သည်စက်မှုအသင်းချုပ် အကြံပေး ဒေါက်တာအောင်ထွန်းသက်မှ ကုန်သည်စက်မှုအသင်းချုပ် ညီလာခံအဖွဲ့လိုက်ဆွေးနွေးမှုများအတွက် နိဒါန်းစကားပြောကြားခြင်း (ဓာတ်ပုံ-ဖြိုးဝေ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုပ်ဆောင်ပေးရန် ဒေါက်တာဦးမြင့်က တင်ပြခဲ့သည့် အချက်များမှာ ပထမ အချက်အဖြစ် စီးပွားရေးကဏ္ဍကို ငြိမ်းချမ်းရေး တည်ဆောက်မှု နှင့် အတူ ထိပ်ဆုံးဦးစားပေးအဖြစ် သတ် မှတ်ထားကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကြေညာပေးရန်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရေး၊ ပြည်ပ ထွက်သွားသူများ ၎င်းတို့၏ ဆန္ဒအတိုင်း ပြန်လာရေး၊ ပြန်လည်အခြေချနေထိုင်ရေးနှင့် ပြုစုပျိုးထောင်ရေးတို့အတွက် စီးပွားရေးရှင် သန်တိုးတက်နေမှုမှာ မရှိမဖြစ်လိုအပ်သည်ဟု ဒေါက်တာဦးမြင့်က အကြံပြုပြောကြားသည်။

ဒုတိယ အချက်အနေဖြင့် အဓိကအရေးပါသည့် သက်ဆိုင်သူအားလုံးက ထောက်ခံနိုင်သည့် စီးပွားရေး မဟာဗျုဟာတစ်ခု ရေးဆွဲပေးရန်ဖြစ်ပြီး မဟာဗျုဟာအကြမ်းကို ရေးဆွဲပြုစုကာ လွှတ်တော်ထံသို့ တရားဝင် အထောက်အထားအဖြစ် အတည်ပြုပေးနိုင်ရန် ဒေါက်တာဦးမြင့်က အကြံပြုပြောကြားသည်။

တတိယ အချက်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် စီးပွားရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်နှင့် တိုင်း/ပြည်နယ်အဆင့်များရှိ စီမံကိန်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးကိစ္စများနှင့် ဗဟိုဘဏ်အဆင့် ငွေရေးကြေးရေးကိစ္စများ အဓိကလုပ်ဆောင်နေသူများနှင့် မကြာခဏ အနှစ်သာရရှိရှိ အမြင်ဖလှယ်မှုပြုလုပ်ပေးသင့်ကြောင်းနှင့် အဆိုပါ ပုဂ္ဂိုလ်များကို လွတ်လွတ်လပ်လပ်နှင့် ပွင့်ပွင့်လင်းလင်း ပြောနိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် အားပေးရန်အပြင် အဆိုပါပုဂ္ဂိုလ်များ၏ အကြံကိုလည်း ဆုံးဖြတ်ချက်ချရာတွင် ထည့်သွင်း စဉ်းစားစေလိုကြောင်း ဒေါက်တာဦးမြင့်က အကြံပြုသည်။ ထို့ပြင်အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အမှီအခိုကင်းကင်းဖြင့် လွတ်လွတ်လပ်လပ် လုပ်နိုင်ရန်အပြင် ၎င်းတို့ ကျွမ်းကျင်သည့် ကဏ္ဍများတွင် ကိုယ်တိုင်ဆုံးဖြတ်ချက်များ ချနိုင်သည့် လုပ်ပိုင်ခွင့်များ ပေးအပ်သင့်ပါကြောင်း အကြံပြုချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စတုတ္ထအချက်အနေဖြင့် လက်ရှိရရှိထားသည့် ရွေးကောက်ခံအစိုးရမှာ လက်ရှိအခြေအနေမှ ရှေ့ဆက်လှမ်းတက်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်နေပြီး အဆိုပါအခွင့်အလမ်းကောင်းကို အသုံးချနိုင်ရန် စီးပွားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး နှင့် အခြားအရေးပါသည့် ကဏ္ဍများတွင် ကျွမ်းကျင်ပိုင်နိုင်ကြောင်း သက်သေထူပြီးသူ အများအပြားရှိနေကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အဆိုပါ ပုဂ္ဂိုလ်များဖြင့်တွေ့ဆုံကာ ၎င်းတို့တင်ပြသည်များကို နားထောင်ခြင်း၊ ၎င်းတို့၏ အခက်အခဲများကို မှတ်သားခြင်းနှင့် ၎င်းတို့၏ အကြံပြုချက်များကို စဉ်းစားရာတွင် ဆန္ဒမစောစေအောင် ထိန်းပေးရန်နှင့် ၎င်းတို့၏ အကြံများ ရယူပြီး အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုအောက်တွင် စီးပွားရေးပြန်လည်တိုးတက် ရှင်သန် အားကောင်းလာရေးအတွက် လက် တွေ့အစီအစဉ်များကို စနစ်တကျ အချိန်ယူ လုပ်ဆောင်သင့်ကြောင်း ဒေါက်တာဦးမြင့်က အကြံပြုပြောကြားသည်။