ရခိုင်ဂေဇက်၊ ဒီဇင်ဘာ၁၁
မောင်တောမြို့နယ်၊ ငခူရကျေးရွာတွင် ဒီဇင်ဘာလ ၁၀ရက်နေ့၊နေ့လည် ၁၂း၃၀ အချိန်တွင် ဆွေယော့ဟူဆိန်းနေအိမ်တွင်းမှ ကာလတန်ဖိုးသိန်းပေါင်း ၁၉၀၀ရှိ WYဆေးပြားများ ဖမ်းဆီးရမိကြောင်းသိရသည်။
ဖြစ်စဉ်မှာသြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက်ဖြစ်စဉ်များနောက်ပိုင်း ငခူရကျေးရွာအုပ်စု၊ ငခူရ (ဘင်္ဂါလီ)ရွာသို့ တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူ မသင်္ကကာသူတစ်ချို့ ကျေးရွာတွင်းသို့ ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေမှူး၊ လဝကဦးစီးမှူး၊ ငခူရကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းလျှက် နေအိမ်များအားစစ်ဆေးရာမှ ငခူရ (ဘင်္ဂါလီ)အလယ်ရွာရှိဆွေယော့ဟူဆိန်း(ဘ)အဒူဂေါ်နီ(လူနေထိုင်ခြင်းမရှိ) ၏ နေအိမ် ဆန်တောင်းထဲတွင်မြှုပ်ထားသောWyဆေး
ပြားများတွေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများအားဆန်တောင်းထဲတွင် ပလတ်စတစ်အိတ်ဖြင့်ထုတ်ထားသော အထုတ်တစ်ထုတ်အား တွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးရာ ကတ္ထူစက္ကူကိုတိပ်အကြည်ဖြင့် ကပ်ထားသော အထုပ် ကြီး ၁၀ထုတ် အတွင်းမှ အပြာရောင် ကပ်ခွာအိတ်တစ်အိတ်လျှင် Wy/Rရောရာဆေးပြား ၁၉၀ဖြင့် စုစုပေါင်းဆေးပြား ၉၅၀၀၀ ပြား၊ ကာလတန်ဖိုး သိန်းပေါင်း ၁၉၀၀ ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား သိမ်းဆည်းထားပြီး တရားခံအား အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
Rakhine Gazette