Posted on
အဆိုပါ လူကုန်ကူးမှု ကျုးလွန်သူ တရားခံကျော်နိုင်နှင့် တရားခံနူးနူးကို လူကုန်ကူးသည့်အမှု ၆မှုဖြင့် တစ်မှုလျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁၀နှစ်စီ ချမှတ် ခဲ့ပြီး တစ်ဦးလျှင် ထောင်ဒဏ် စုစုပေါင်းအနှစ်၆၀စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလူ ကုန်ကူးမှုတွင်ပါဝင်သူ တရားခံ၂ဦးမှာ ထွက်ပြေးလွှတ်မြှောက်နေဆဲဖြစ်ကြောင်း သိရသည်။“တရားခံ ကျော်နိုင်က မိန်းကလေးတွေကို သမီးရည်းစားဟန်ဆောင်ပြီး သူ့ကိုယုံလောက်ပြီဆိုမှအကြောင်းအမျိုးမျိုးပြပြီးခေါ်သွားပြီး တရုတ်ပြည်နယ်စပ် ရင်ကျန်းမြို့မှာရှိတဲ့ တရားခံမနူးနူး ဆီမှာထားခဲ့ပြီး တရုတ်အမျိုးသားထံရောင်းစား တာပေါ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ်၆၀ သီးခြားစီ ကျခံရတာပါ။ တရားခံနှစ်ဦး ကတော့ရှာဖွေနေဆဲပါပဲ။´´ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲမှုးအောင်မင်းကြည်ကပြောသည်။
အဆိုပါ တရားခံကျော်နိုင်သည်ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက မြစ်ကြီးနား မန္တလေး- မူဆယ်- ရွှေလီ- ရင်ကျန်း လမ်းကြောင်းဖြင့် အမျိုးသမီး ၁၄ဦးကို ၈ခေါက် ပို့ဆောင်ခဲ့မှုကြောင့် မြစ်ကြီးနား မြို့မရဲစခန်း၌ လူကုန်ကူးပုဒ်မများနှင့် အမှု ၈မှုရေး ဖွင့်ခဲ့ရာ ယခု အောက်တိုဘာ ၁၁ရက်တွင် အမှု ၆မှုကို မြစ်ကြီးနား ခရိုင် တရားရုံးတွင် အမိန့်ချမှတ်ပြီး ကျန်ရှိနေသည့် ၂မှုကိုဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့နောက် ယင်းကျူးလွန်သူကို ယခုနှစ် ၂၀၁၇ ဇန်န၀ါရီလ ၂၈ရက်နေ့တွင် မြစ်ကြီး နားမြို့ မြို့သစ်ရပ်ကွက်ရှိ (3-Star Hotel )တွင် ဆွဲကြိုးလက်စွပ် အတုများ၊မြန်မာငွေ ၁၅သိန်းခန့်၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ လူကုန်ကူးခံရသူ အမျိုးသမီးများ၏ မှတ်ပုံတင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ရက်အနည်းငယ်အကြာတွင် ၎င်းနှင့် ဆက်စပ်တရားခံ မနူးနူးကို လွယ်ဂျယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ လွယ်ဂျယ်မြို့တွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းလူကုန်ကူးမှု၌ ပါဝင်သူ မအဘောက် အသက်၅၅နှစ်ခန့်နှင့် မနူးနူး အသက်၄၅နှစ်ခန့်ကို ဖမ်းဆီးရမိရေးအတွက် ရဲမှုးအောင်မင်းကြည်မှ တာဝန်ရှိ သူများနှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မီးမီး / EPN