07 November 2017

ထွက်ပြေးသွားသည့် ဘင်္ဂါလီများကိုပြန်လက်ခံလျှင် နေရပ်စွန့်မည်ဟု မောင်တောမြို့နယ်တောင်ပိုင်းဒေသခံများ ကြေညာချက်ထုတ်


6 November 2017

   ဘင်္ဂလားဒေ့ရှ်ရောက်ဘင်္ဂါလီများကိုပြန်လက်ခံလျှင် နေရပ်စွန့်ခွာသွားတော့မည်ဟု မောင်တောမြို့နယ်တောင်ပိုင်းမှ ရခိုင်တိုင်းရင်းသားဒေသခံများက နိုဝင်ဘာ ၆ရက်နေ့ က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။
ဓာတ်ပုံ - မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာဒေသခံများ အစည်းအဝေးပြုလုပ်ခဲ့ကြစဉ်။

          နိုဝင်ဘာ ၅ ရက်နေ့က မောင်တောမြို့နယ်တောင်ပိုင်းရှိ သရေကုန်ဘောင် ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်သည့် ကျေးရွာပေါင်း ၂၈ ရွာ၏ အစည်းအဝေးမှ ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ရက်အကြာ နိုဝင်ဘာ ၆ ရက်နေ့တွင် ၎င်း ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

"ဘင်္ဂါတွေနဲ့တော့ ကျွန်တော်တို့ အတူယှဉ်တွဲနေလို့မရတော့ဘူး။ ကျွန်တော်တို့ တိုင်း ရင်းသားတွေကသူတို့အပေါ်မှာဒီလိုအကြမ်းဖက်မှုတွေမရှိဘူး။ သူတို့ကပဲ ကျွန်တော် တို့ကို အမြဲရန်စတယ်။ သတ်တယ်။ ဖြတ်တယ်။ အကြမ်းဖက်တယ်။ ဒါကြောင့် သူတို့ ပြန်ဝင်လာရင် ဒါတွေကို တိုင်းရင်းသားလူနည်းစုတွေ အပေါ်မှာ ဆက်လက်ကျူးလွန် မယ်။ ဒါတွေကို စိုးရိမ်တဲ့အတွက် အခုလို မျိုး နေရပ်စွန့်ခွာဖို့အထိ တောင်းဆိုရတာပါ" ဟု မောင်တောမြို့နယ်တောင်ပိုင်းရှိ (၃) မိုင်ကျေးရွာမှ ဦးဝင်းမောင်က ပြောသည်။

      နိုင်ငံတကာဖိအားကြောင့် အစိုးရက မဖြစ်မနေပြန်သွင်းလျှင် လုံခြုံပြီး ဘင်္ဂါလီ မရှိသော နေရာများဆီသို့ နေရပ်စွန့်ခွာနေထိုင်သွားကြမည်ဟုလည်း ဒေသခံများက ပြောသည်။

         အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားကြသည့် ဘင်္ဂါလီများကို ရခိုင်တိုင်းရင်းသားများနှင့်အတူ ပြန်လည်ထားမည်ဆိုပါက အကြမ်း ဖက်တိုက်ခိုက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားလာမည်ဟုလည်း ဒေသခံများကသုံးသပ်နေ ကြသည်။

"အဲဒီဘင်္ဂါလီတွေကို ပြန်သွင်းပြီး ဒီမှာထားမယ်ဆိုရင်ဒီထက်ဆိုးဝါးလာမယ်။ တကယ် လို့ အစိုးရက သူတို့တွေကို သွင်းမယ်ဆိုရင် ရခိုင်ပြည်ထဲကိုဘယ်လောက်သွင်းလဲ၊ ဗမာပြည်ထဲကိုလည်း အဲလောက်သွင်းပေးရမယ်။ နောက်ပြီး နိုင်ငံခြားမှာရှိတဲ့ ကျွန်တော်တို့ရခိုင်တွေကိုလည်း အဲလောက်အရေအတွက်နှုန်းနဲ့ အစိုးရကပြန်ခေါ်ပေး ရမယ်"ဟု မောင်တောမြို့နယ် တောင်ပိုင်းရှိ ပဲဒုံကျေးရွာမှ ဦးမောင်သိန်းဖြူက ပြော သည်။

          အကယ်၍ အဆိုပါဘင်္ဂါလီများအား မဖြစ်မနေပြန်လည်နေရာချထားရမည် ဆိုလျှင်လည်း မောင်တောမြို့နယ် နေရာအနှံ့တွင် ပြန်ကြဲချထားခြင်းမပြုဘဲ Camp အသွင်ဖြင့် လုံခြုံရေးတင်းတင်းကျပ်ကျပ်ဖြင့် စုစည်းထားရှိပေးရန်လည်း ကြေညာ ချက်ထဲတွင် ထည့်သွင်းတောင်းဆိုထားသည်။

ယင်းအပြင် ဒေသခံများကို အထောက်အကူမပြုသော UN/INGOs အဖွဲ့များကို မောင်တောမြို့နယ် အတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်း မပြုရန်စသည့်အချက် အပါအဝင် အချက် (၆)ချက်ကို ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့နယ်မြောက်ပိုင်းကျေးရွာများကလည်း ပြီးခဲ့သည့်လပိုင်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုပြီးဖြစ်သည်။

   မောင်တောမြို့ပေါ်ရပ်ကွက်များက ယခုကဲ့သို့ထုတ်ပြန်ရန် လိုသေးပြီး တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မြို့ပေါ်ရပ်ကွက်များက ယခုကဲ့သို့ထုတ်ပြန်ပြီးပါက မြို့ပေါ်အပါအဝင် မြို့နယ်တစ်ခုလုံးက ဒေသခံများ၏ လက်မှတ်များကိုကောက်ခံကာ နိုင်ငံတော်အတိုင် ပင်ခံရုံး၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်အဆင့်တာဝန် ရှိသူများထံ ပေးပို့ရန်စီစဉ်ထားကြောင်းလည်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara