မဇ္ဈိမ 2017 ဒီဇင်ဘာ ၁၄
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပေးအပ်ထားခဲ့တဲ့ ဒပ်ဘလင်မြို့ လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆုကို ပြန်လည် ရုပ်သိမ်းဖယ်ရှားဖို့ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ ကောင်စီလူကြီးတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံမှာ ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်ဆလင်တွေ ကြုံတွေ့ခံစားနေရတဲ့ အခြေအနေအပေါ် သူမရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ယခုလို ချီးမြှင့်ပေးထားပြီးသား ဂုဏ်ထူးဆောင်ဆုကို ပြန်သိမ်းဖို့ မြို့ကောင်စီ လူကြီးတွေက ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ အိုင်ယာလန် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီက ဆုပြန်လည်ရုပ်သိမ်းဖို့ မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၅၉ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၁ မဲနဲ့ အတည်ပြု ဆုံးဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆုစာရင်းမှာ ထည့်သွင်းထားတာကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ လတုန်းကလည်း ပေါ့ ဂီတအဆိုတော်တစ်ဦးဖြစ်တဲ့ Bob Geldof က သူ့ရထားခဲ့တဲ့ ဒပ်ဘလင်မြို့ လွတ်မြောက်ရေး ဆုကို ပြန်အပ်ထားခဲ့တယ်လို့လည်း သိရပါတယ်။