၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီး ၌ ကျင်းပပြုလုပ်သည့် One Hero's Dream ပြိုင်ပွဲ တွင် အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် MMA မစ်ဒယ်ဝိတ်တန်း လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန် အနေဖြင့် စိန်ခေါ်သူ မွေ့ထိုင်း ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ (ဟောင်ကောင်) အား ပထမအချီ၌ပင် အလဲထိုးဖြင့် ထိုးသတ်အနိုင်ရရှိခဲ့သည်။
ထိုသို့စိန်ခေါ်သူမွေ့ထိုင်း ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံအား မြန်မာလူမျိုး ကချင် တိုင်းရင်းသားအနေဖြင့် မိမိထက်အင်အားကြီးမားသည့် ယှဉ်ပြိုင်ဘက်ကို သူမတူေ သာ ရဲစွမ်းသတ္တိဖြင့် လက်ဝှေ့နည်းပညာပြည့်ဝစွာ ယှဉ်ပြိုင်အနိုင်ယူ၍ နိုင်ငံ့ဂုဏ်ကို ထပ်မံ မြှင့်တင်နိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုစာလွှာအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မင်းသက်ဦး က သွားရောက်ပေးအပ်ချီးမြှင့်သည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ်၊ ဇွန် ၃၀ ရက်တွင်လည်း MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကို ရယူနိုင်ခဲ့ပြီး မြန်မာ့ဇာတိသွေး၊ ဇာတိမာန် ကို ပြသနိုင် ခဲ့သဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။