23 March 2017

“လိပ်ကျွန်းအမှုကိုအသွင်သစ်ဖြင့်ကိုင်တွယ်သင့်ကြောင်း MAT အဖွဲ့ပြောဆို”


                     
၂၀၁၇ ခု မတ်လ ၂၃
ရွှေလုပ်သား

         လိပ်ကျွန်းလူသတ်မှုကိစ္စကို နာမည်ခံရုံ သက်သက်မျိုးမဟုတ်ပဲ ပိုမိုအလေးနက်ထား ၍ လုပ်ကိုင်ဆောင် ရွက်သင့်ကြောင်း MAT အဖွဲ့ က အကြံပြုပြောဆိုလိုက်သည်။

 လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီအဖွဲ့ဝင် MAT အဖွဲ့ဥပဒေအကြံပေး မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်က “လိပ်ကျွန်းအယူခံနောက် ဆုံး အဆင့် (High Court) သို့တင်ဖို့အတွက် ကျနော် တို့ဘက်ကအဆင်သင့်မဖြစ်သေးတာကြောင့် ထိုင်းရှေ့နေများကောင်စီက ရက်တိုးတောင်းခံခဲ့လို့ ၂၃-၄-၂၀၁၇ ရက်နေ့အထိ ပထမအကြိမ် ရက် တိုးခွင့်ပြုမှုရရှိခဲ့ပါတယ်” ဟုပြောသည်။

           ထိုင်းနိုင်ငံအပိုင် တောင်တရုတ်ပင်လယ်ပြင်ထဲရှိ (လိပ်ကျွန်း (ခ) Koh Tao) မှာ၂၀၁၄ခု နှစ် စက်တင် ဘာလ ၁၅ ရက်နံနက်ပိုင်းက ဗြိတိန်နိုင်ငံသား အသက် ၂၃နှစ်အရွယ် Hannah Witheridge နဲ့ David William Miller နဲ့ အသက်၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား၂ဦး ဆိုးဆိုးဝါးဝါး သတ်ဖြတ်ခံခဲ့ရသည်။ ထိုဖြစ်စဉ်ကြောင့် အောက်တိုဘာလ ၃ရက်နေ့မှာ မြန်မာအလုပ်သမား ရခိုင်လူငယ် ၀င်းဇော်ထွန်းနဲ့ ဇော်လင်း တို့ကို လူသတ်တရားခံအဖြစ်စွတ်စွဲခဲ့သည်။

          ဤဖြစ်စဉ်ကို ထိုစဉ်အခါက သမ္မတကြီး ဦးသိန်းစိန် လက်ထက်၊ ဘန်ကောက်မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင် က အောက်တိုဘာလ ၃ ရက်နေ့မှာ (ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် FED အင်ဂျီအိုနှင့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ) နှင့် ဒုတိယစစ် သံမှူးအပါအ၀င် လိပ်ကျွန်း အထူးစုံစမ်းရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်း၍ကူညီဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ကော်မတီတို့ နှင့် ထိုင်းရှေ့နေများကောင်စီတို့ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော်လည်း သေဒဏ်ချမှတ်ခံခဲ့ရသည်။ အယူခံဝင်ခဲ့သော်လည်း အယူခံ ရှုံးနိမ့်ကြောင်း ၂၀၀၇ ခုနှစ် မတ်လ ၃ ရက်နေ့ က ထိုင်းမီဒီယာများတွင်ဖေါ်ပြမှ ထိုင်းရှေ့ နေများကောင်စီနှင့် အထူးစုံစမ်းရေးကော်မတီတိုသိရှိခွင့်ရရှိခဲ့ သည်။ သို့ ဖြစ်၍ MAT အဖွဲ့က ဥပဒေဘွဲ့လွန်ကိစ္စဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ဦးအောင်မျိုးသန့် ထံသို့ ချက်ခြင်း အကြောင်းကြားခဲ့သည်။

        မတ်လ ၁၅ ရက်နေ့ကအထူးစုံစမ်းရေးကော်မတီဝင်တစ်ဦးဖြစ်သူ MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က အထူးစုံစမ်းရေးကော်မတီ လက်တာဟက် စာရွက်တွင် နောက်ဆုံးရင်ဆိုင်ကြရမည့် လုပ် ငန်းစဉ်လိုအပ်ချက်များကိုရေးသား၍၊ ဘန်ကောက်မြန်မာသံရုံး၊ စစ်သံရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့စာရေး၍ ပေးပို့ခဲ့ပါသည်။ 

           လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီစုံစမ်းရေးတာဝန်ခံ ဦးကျော်သောင်း က “ကော်မတီမှာရော၊ အမှုသက်သေခံအပိုင်းမှာပါ ကျနော်တို့မှာအားနည်းချက်တွေရှိခဲ့ပါတယ်။ ဦးအောင်မျိုးသန့်နဲ့ ကျနော် နဲ့ အမှုတွဲ စာမျက်နှာ ၁၉၈ မျက်နှာထဲက အယူခံအကြောင်းပြချက် ၂၄ချက်ကို ထုတ်နုတ် ဘာသာပြန်ဆိုပေး ပို့ခဲ့တယ်။ ဒါ့အပြင် နောက်ထပ် အယူခံစာမျက်နှာ ၁၀၂ မျက်နှာထဲက၁၈ ချက်တို့ ထုတ်နုတ် ဘာသာပြန်ပြီး လည်း ပေးပို့ခဲ့ ပြီဖြစ်တယ်။ မနေ့က CI ကိစ္စနဲ့ထိုင်းကိုရောက်လာခဲ့ကြတဲ့ အလညကလူကြီးတွေနဲ့မြန်မာ သံအမတ်တို့ဝင်နဲ့ဇော် တို့ကို ထောင်ဝင်စာသွားတွေ့တယ်။ ရှေ့နေများကောင်စီသို့လည်းသွားခဲ့ကြတာ လူမှုကွန်ယက် သတင်းအရသိရတယ်။ ရှေ့နေချုပ်ရုံးကထိုင်းကိုမကြာခင်လာမယ်လို့ သိရတယ်။ NLD အစိုးရသစ် ဒီအမှုကိစ္စကို ဘယ်မူနဲ့ ဘယ်သူနဲ့ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ ပုံစံကို ကျနော်တို့မသိသေး ဘူး” ဟုပြောသည်။

         အစီအစဉ်တကျမဟုတ်ပဲ၊ စနစ်တကျမဟုတ်ပဲ၊ အလေးနက်မထားပဲ ယခုအမှုကို ကိုင်တွယ်ဖြေရှင်း ၍ ရရှိနိုင်မည်မဟုတ်ကြောင်း၊ ယခုနောက်ဆုံးအနေအထားသည် ပုံစံတစ်မျိုးဖြင့် ရင်ဆိုင်ကြရမည်ဖြစ် သဖြင့် နိုင်ငံတော်အပိုင်းအနေဖြင့် အထူးသတိပြုသင့်ကြောင်း MAT အဖွဲ့က အကြံပြုပြောဆိုသည်။

21 March 2017

“မြ၀တီလူကုန်တားအဖွဲ့နှင့်MAT အဖွဲ့တို့လူကုန်ကူးခံရသူ၅ဦးကို လက်မတင်လေးကယ်တင်နိုင်”




၂၀၁၇ ခု မတ်လ ၂၁ ရက်
မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)

         ထိုင်းနိုင်ငံသို့ တရားမ၀င်ပို့ဆောင်မည့် မြန်မာအလုပ်သမား ၅ဦးကို မြန်မာအစိုးရလူကုန်ကူးမှုတား ဆီးနှိမ် နင်းရေးတပ်ဖွဲ့နှင့် MAT အဖွဲ့တို့ အချိန်မီကယ်တင်နိုင်လိုက်ကြောင်းသိရှိရသည်။

         ထိုင်းနိုင်သို့ တရားအလုပ်သွားလုပ်ရမည်ဟု ပြောဆို၍ အလုပ်သမားတစ်ဦးစီထံမှ ကျပ်ငွေငါးသိန်းခွဲ စီယူ ၍ နိုင်ငံကူးလက်မှတ်လုပ်ပေးပြီး မြ၀တီမြို့သို့ပို့ဆောင်ခဲ့သည်။ အလုပ်သမားများမှာ ပတ်စပို့လည်း မကိုင် ဆောင်ရ၊ စာလည်းမချုပ်ရပဲ မြ၀တီမြို့ ဗန်ဒါပင် တည်းခိုခန်းအပေါ်ထပ်တွင် ပွဲစားကထားပစ်ခဲ့ သည်။
ကိုဇော်နိုင်ဦး က“ ကျနော်တို့ ရွာက မဌေးဝင်း က ကျပ်ငွေငါးသိန်းခွဲစီယူပြီး၊ကိုပွဲစား ကိုရဲဇော် က မတ်လ ၁၄ ရက်နေ့ကခေါ်လာပြီးဗန်ဒါပင်တည်းခိုခန်း အပေါ်ထပ်မှာထားခဲ့တယ်။ ဘန်ကောက်က စက်ချုပ်တဲ့ သူတစ်aယာက် အဖမ်းခံရလို့ ကျနော်တို့တည်းနေတဲ့တည်းခိုခန်းကိုရောက်လာတယ်။ ကျနော်တို့က အကျိုး အကြောင်း ကိုပြောပြတော့ သူက ဘန်ကောက်က MAT အဖွဲ့က ဆရာ ဦးကျော်သောင်း ဖုန်းနံ ပါတ်ကိုပေး တယ်။ ကျနော်တို့ကို မြ၀တီလူ ကုန်တားက ဆရာအောင်မြင့်ထွန်း နဲ့ဆက်ပေးတယ်။ မနေ့ ကကျနော်တို့ ရန်ကုန်ဆင်း လာ တယ်။ အခု ရန်ကုန်လူကုန် တားတပ်ဖွဲ့မှာ အမှု ဖွင့်နေတယ်။ ကူညီပေးကြတာကို အထူးကျေးဇူးတင်ပါတယ်” ဟုပြောသည်။

          တရားမ၀င် နယ်စပ်သို့ပို့ဆောင်ခံခဲ့ရသူများမှာ
(၁)ဇင်မင်းအေး၊ အသက် ၁၇နှစ်၊ ဦးသန်းထွန်း၊ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ၀က်ပုပ်အုပ်စု၊ ညောင်ပင်စုရွာ၊
(၂) ဇော်နိုင်ဦး၊အသက်၃၂၊အဖ ဦးထွန်းရွှေ၊ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ၀က်ပုပ်အုပ်စု၊ တည်ပင်စုရွာ၊
(၃) ဌေးအောင်ဇော်၊ အသက်၁၉နှစ်၊ အဖ။ ဦးစံဝ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ ၂၀၀၀ပြည့် ရပ်ကွက်၊
(၄) မောင်စန်း၊ အသက်၂၆နှစ်၊ ဦးစိန်လှ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ ၂၀၀၀ပြည့်ရပ်ကွက်၊
(၅) ထွန်းလင်း၊ အသက် ၃၈နှစ်၊ ဦးမောင်ရှင်၊ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ထူအုပ်စု၊ ကွမ်းခြံကုန်ရွာ။ တို့ဖြစ်ကြပါသည်။ 
 
         ဘန်ကောက်အခြေစိုက် MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ တိုင်းပြည်ဆင်းရဲတယ်။ ထုတ် ကုန်မထွက် နိုင်တဲ့တိုင်းပြည်ကတော့ လူထွက်မှာပဲ။ ပြည်ပကိုနေ့တိုင်းထွက်နေကြတဲ့လူတွေကို ဘယ်လို စနစ်တကျ စီစဉ်ပေးမလဲဆိုတာ အယင်အစိုးရအဆက်ဆက်ရော အခုအစိုးရပါ ထည့်သွင်းစဉ်းစားပုံမပေါ် ဘူး။

သူတို့က MOU နဲ့ပို့တယ်လို့ပြောမယ်။ အဲဒါက တရားဝင်လူကုန်ကူးတာပါ။ ကျနော်တို့တောက်လျှောက် အချက် အလက်နဲ့ပြောနေပါတယ်။ အခု ထိုင်းဘက်ကို လူကုန်ကူးခံရဖို့အဆင်သင့်ဖြစ်နေချိန်မှာ ကံကောင်း လို့ ကျနော် နဲ့အဆက်အသွယ်ရလိုက်လို့ သူတို့ကို လက်မတင်လေး ကယ်လိုက်နိုင်တာပါ” ဟုပြောသည်။


      ထိုင်းနိုင်ငံဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် လူကုန်ကူးမှု တိုက်ဖျက်ရေးကိုအဓိက လုပ်ကိုင်ဆောင်ရွက်သည့်အဖွဲ့ဖြစ်ပါသည်။ သို့ရာတွင် ယခုနှစ်တွင် ထိုင်းအထူးရဲ တပ်ဖွဲ့များက ဘာသာရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ်တစ်ခုပေါ်ပေါက်နေသဖြင့် လူကုန်ကူမှုနှိမ်နင်းရန်ကိစ္စ ရပ်များစွာတို့ကို ရပ်နားစောင့်ဆိုင်းနေရကြောင်း MAT အဖွဲ့ကပြောသည်။



    

19 March 2017

“ကျပ်သိန်းခုနစ်ရာနဲ့အာမခံထားတဲ့CIစခန်းများ"

        ၁၅.၃.၂၀၁၇ နေ့ထုတ် မြန်မာပို့စ် အပတ်စဉ်သတင်းဂျာနယ်ပါ ဆောင်းပါးကို ကူးယူတင်ပြတာပါ။
                       
         (နယ်ကျော်ခွင့်မရတဲ့) ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားတဲ့ ထိုင်းရောက် မြန်မာအလုပ်သမား ၇သိန်း ခန့်ကို Certificate of Identity-CI  အစိမ်းရောင်စာအုပ်တွေကို၂၀၁၇ ခု မတ်လ ၃ ရက်နေ့က စတင်ထုတ်ပေးခဲ့ ပြီဖြစ်တယ်။

  ဘန်ကောက် (စမူပရာကန်) စခန်းက CI စာအုပ်တစ်အုပ်ကို ၇ဘတ်၊ မယ်ဆိုင်စခန်း ၁၅ဘတ်၊ မဲဆောက် စခန်းက ၄ဘတ်၊ မဟာချိုင်စခန်း (၂) က ၄ဘတ်နဲ့ မဟာချိုင်စခန်း(၁) နဲ့ ရနောင်းစခန်းတို့က အခကြေးငွေမယူ ပဲ ၀န်ဆောင်မှုပေးမယ်ဆိုပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တင်ဒါရွေးချယ်စီစစ်ရေးကော်မတီမှာ အာမဘန္တေခံလို့ ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။

       CI စာအုပ်ဖိုးကုန်ကျငွေအပြင် စခန်းတွေငှါးရမ်းခကိုလည်း မြန်မာအစိုးရကပဲအကုန်ကျခံထားတာဖြစ်ပါ တယ်။ မြန်မာအစိုးရက စခန်း၆ခုဖွင့်လှစ်ဖို့ရွေးချယ်လိုက်တဲ့ ကုမ္ပဏီတွေကို စည်းကမ်းတွေဖေါက်ဖျက်ရင် ပြည် သူပိုင်အဖြစ်သိမ်းမည်ဆိုပြီး၊ စခန်းတစ်ခုအတွက် ဘတ်ငွေ၂ သန်း (ကျပ်ငွေ သိန်း၇၀၀) စီ အာမခံတင်ခိုင်းပြီးမှ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

                                          “မြန်မာအလုပ်သမားတွေရဲ့မျှော်လင့်ချက်”

        လွယ်ကူသက်သာမယ်။ ပွဲစားတွေနဲ့ လုပ်စရာမလိုဘူး။ Eleven (7/11) ဆိုင်မှာ ပန်းရောင်ဘတ်ကဒ်ကိုပြပြီး ဘတ်ငွေ ၃၁၀ သွင်းရမယ်။ အဲဒီငွေသွင်းဖြတ်ပိုင်းနဲ့ သတ်မှတ်ထားတဲ့ဇုန်မှာသွားထုတ်ရုံပဲ၊ နယ်ဖြတ်ကျော်ခွင့် ရမယ်။ မြန်မာပြည်ကို ကားနဲ့ပြန်ပြန် လေယာဉ်ပဲစီးစီး အဆင်ပြေတယ်ဆိုတာကြောင့် အလွန်ပဲမျှော်လင့်ခဲ့ကြပါ တယ်။

    CI စခန်းတွေ အဖွင့်နောက်ကျလို့ အလုပ်သမားတွေ ပန်းရောင်ဘတ်ကဒ်တွေသက်တမ်းကုန်လို့ပြန်ဆက်ခဲ့ ကြရတယ်။ အလုပ်သမားတွေ ဒုက္ခရောက်ကြတော့မှာမြင်လို့ ဖေဖေါ်ဝါရီလကုန်ပါတ်ကမြန်မာပို့စ်သတင်းဂျာ နယ်မှာဆောင်းပါးဖေါ်ပြခဲ့ပါသေးတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံက နာမည်ကြီးမြန်မာသတင်းဌာနအချို့ ကလည်း ထိုင်းနိုင်ငံကိုလာရောက်ခဲ့ပြီး သတင်းတွေရေးသားဖေါ်ပြခဲ့ကြတာကိုသတိပြုမိကြမှာပါ။

                                                         “ထိုင်းရဲတွေမုတ်ဆိပ်ပျားစွဲ”

      တကယ်စခန်းတွေဖွင့်လာတဲ့အခါ၊ CI စခန်းကိုလာကြတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းရဲတွေ၊ ကတွတ် ပေါက်က ငါးစောင့်ဖမ်းသလိုဖမ်းဆီးပြီး ဘတ်ငွေ ၅၀၀၀ စီးတောင်းတယ်။ ပိုက်ဆံမပေး ရင် ပြန်မလွှတ်ပါ။ ဘယ် လောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသလဲဆိုရင် ဗမာမြင်တာနဲ့ ဆိုင်ကယ်နဲ့လိုက်၊ ကားနဲ့လိုက်တာ၊ မြန်မာ အလုပ်သမားတွေခမျာ မျက်နှာငယ်ကလေးနဲ့ အဖမ်းခံ၊ ပါတာပေးရတော့တယ်။ မပေးနိုင်သူကို တရားရုံးသို့ပို့ပြီး ဒဏ်ငွေဆောင်ခိုင်းပြီး နယ်စပ်ကို ပြန်ပို့ပစ်ပါတယ်။

         ပန်းရောင်ဘတ်ကဒ်ကိုနယ်ဖြတ်ကျော်ခွင့်မပြုထားတာကြောင့် CI စဖွင့်ကတည်းက ထိုင်းရဲတွေဟာ၊ မြန်မာတွေနေတဲ့လမ်းထိပ်၊ ကားဂိတ်နဲ့ CI ထုတ်ပေးတဲ့စခန်းအ၀အထိ နေရာပေါင်းစုံမှာ စောင့်ဖမ်းစားနေပါ တယ်။ CI ထုတ်ဖို့လာတဲ့အလုပ်သမား အဖမ်းမခံရတဲ့နေ့ဆိုတာမရှိပါ။ မဟာချိုင်ရဲတွေအတွက်ကတော့ စပါး ပေါ် ချိန်ငွေပေါ်ချိန်ပါပဲ။

       ဒီဖမ်းဆီးမှုကို ဘန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိ သူတွေကိုတင်ပြတဲ့အခါ၊ နယ်ကျော်ခွင့်တွေ မလုပ်ရင်အဖမ်းခံရမယ်၊ သက်ဆိုင်ရာနယ်မြေ အလုပ်သမားရုံးမှာ နယ်ကျော်ခွင့်သွားလုပ်ရမယ်လို့ ပြန်လည်ပြောဆိုကြပါတယ်။ အလုပ်သမားတွေမှာကိုယ်ဖြစ်ကိုယ်ခံပေါ့။

                                                 “မုဆိုးရွှေအိုးရကိန်း”
        မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေက တစ်နှစ်စာနေထိုင်ခွင့်ဗီဇာခကို ထိုင်းအစိုးရက ဘတ် ငွေ ၅၀၀သာတရားဝင်သတ်မှတ်ထားပေမယ့်၊ တကယ့်လက်တွေမှာ ဘတ်ငွေ ၁၂၀၀ကနေ ၁၅၀၀အထိပေါက် ဈေးဖြစ်နေပါတယ်။ အလုပ်ရုံအတော်များများတို့မှာ CI ကိုအပြင်ကပွဲစားတွေနဲ့လုပ်ခွင့်မပြုပဲ စက်ရုံကမန်နေဂျာ တွေက ဘတ်ငွေ ၆၀၀၀ စီကောက်ခံထားတာတွေလည်းရှိပါတယ်။ ထိုင်းရောက်အလုပ်သမားတွေရဲ့ကံကြမ္မာ ဟာ ထိုင်းရဲနဲ့ထိုင်းလုပ်ငန်းရှင်လက်ခုပ်ထဲကရေပါ။

                                               “အရေခွံကိုဆုတ်အစီအမံများ”
         လက်ရှိ CI ထုတ်ပေးတဲ့စခန်းမှာ မြန်မာအစိုးရဘက်က၊ သတင်းတပ်ဖွဲ့ , လ၀က,အလည ၀န်ထမ်း ၆ ယောက်ပါတယ်။ မြန်မာဝန်ထမ်းတွေက စခန်းပိုင်ရှင်တွေကစီစဉ်စေလွှတ်ပေးတဲ့ အလုပ်သမားတွေကို အလှည့် ကျလုပ်ပေးဒါကြောင့် မဟာချိုင်နဲ့စမူပရကန်တို့မှာ လေးငါးရာစီပြီးစီးပေမယ့် အလုပ်သမားနည်းနဲတဲ့ ရနောင်း၊ မယ်ဆိုင်နဲ့ မဲဆောက်တို့မှာတော့ နေ့စဉ်တစ်ရာမပြည့်ဘူးလို့သိရပါတယ်။

      မြန်မာအစိုးရတောင်းဆိုရမှာက ၇၇ ပြည်နယ်ရှိတဲ့ ထိုင်းနိုင်ငံနေရာအနှံ့အပြားမှာ မြန်မာပေါင်း သန်းချီပြီးပျံ့ နှံ့ ရောက်ရှိနေကြတာဖြစ်ပါတယ်။ အခုအစီအစဉ်မှာ ဒီစခန်းတွေက ဗီဇာတွေကိုနေရာစုံအတွက်ထုပေးတာ မဟုတ်ပဲ မိမိနေရာမှာသာထုရမယ် ဆိုထားတာကြောင့် မြန်မာအလုပ်သမားတွေအတွက် ကြားထဲမှာ ပွဲစားရဲ့ အမြတ်ထုတ်မှုအပြင် ထိုင်းရဲနဲ့လ၀ကတွေရဲ့ဖမ်းဆီးခြင်းကိုခံကြရအုံးမှာဖြစ်ပါတယ်။ မညှာတမ်းထောက်ပြရရင် အလုပ်သမားဝန်ကြီးဌာနရော၊ လ၀ကရော၊ ပုလိပ်တွေပါ ဗမာအလုပ်သမားတွေအပေါ်က ရသလိုတောင်းစား ကြပေတော့လို့ အကွက်ဆင်ပေးထားတာဖြစ်ပါတယ်။  

        ကျေးကျွန်သဖွယ်အလုပ်လုပ်နေကြရတဲ့မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ ဆက်လက်အလုပ်လုပ် နေကြရအုံးမှာမို့ နေထိုင်ခွင့်အတွက် ထိုင်းမြန်မာပွဲစားတွေ တောင်းသမျှပေးနေရကြတာပါ။  ဖမ်းရင်ရွေး၊
  တောင်းသလောက်ပေး၊ ကျန်တာစား၊ ပိုတာကို မြန်မာပြည်ပို့၊ ကျွန်းခံရင်းသေချင်သေပေတော့ပဲ။

                                                 “ဥပုသ်စောင့်တဲ့ကျားများ”
         CI စာအုပ်ထုတ်ပေးတဲ့ဝန်ဆောင်မှုအတွက် နိုင်ငံတော်အစိုးရကထုတ်ပေးထားပြီးဖြစ်တာကြောင့် စခန်း တွေက ပိုက်ဆံမကောက်ရဘူး။ စည်းကမ်းပျက်ရင် ပြည်သူပိုင်အသိမ်းခံပါမယ်လို့ အာမခံကျပ်ငွေ သိန်း ၇၀၀ (သို့) ဘတ်၂သန်းစီ တင်ထားကြတဲ့ စခန်းပိုင်ရှင်တွေ သရဲမကြောက်၊ သစ္ဆေမကြောက် လက်ဝါးရိုက်ထားကြ တာတွေ၊ ဂွင်ဖန်ပြီး ဂုတ်သွေးစုတ်မတရားစီးပွားရှာနေတာဟာ နိုင်ငံတော်အစိုးရကို မထီမဲ့မြင်ပြုတာ၊ စော်ကား တာ၊ ပြောင်လိမ်ပြောင်စားတာဖြစ်ပါတယ်။

        အလကားလုပ်ပေးမယ်လို့ တင်ဒါအောင်ထားတဲ့ မဟာချိုင်စခန်း (၁) မှာ အတွင်း ကို ၀င်ခွင့်ရဖို့အတွက် စတဲ့နေ့မှာဘတ်ငွေ ၁၁၀၀ ပေးခဲ့ရတယ်၊ ဒုတိယနေ့မှာ ဘတ် ၆၀၀လျော့ယူပြီး ရင်ဘတ်မှာ ကြယ်ပွင့် ၂ ပွင့်ရေး ထားတဲ့ စက္ကူကပ်ပေးတယ်။ မဟာချိုင်စခန်း (၂) မှာတော့ တန်းစီခ ဘတ် ၅၀၀ ပေးရင် လည်ပင်းမှာ စီနီယာနံ ပါတ်နဲ့ ကြိုးကဒ်ချိပ်ပေးလိုက်တယ်။ (ခယူ) တန်းစီ သင်္ကေတတွေ တစ်နေ့တစ်မျိုးလုပ်နေကြတယ်။

                                                     
                                               “ပြည်သစ်တွေ့ပါရဲ့အသက်မလောက်”

        ထိုင်းအခေါ်(ခယူ) မြန်မာအခေါ်(စီနီယာ) ရဖို့အတွက် မဟာချိုင်စခန်းတွေမှာ အနည်းဆုံးပေါက်ဈေးက ၄၅၀ က နေ၊ ၆၀၀အထိဈေး ပေါက်နေပါတယ်။ ဒီဈေးက စခန်းပိုင်ရှင်တွေနဲ့ အတူတူအကျိုးတူ ဝေစားကြတာ ဖြစ်ပါတယ်။ စခန်းပိုင်ရှင်တွေက ရင်းနှီးသူတစ်ဦးကို နေ့စဉ်အလုပ်သမား ၅၀ဦးသွင်း၊ ၁၀၀ဦးသွင်းခွင့်ပေးထား တယ်။ အလုပ်သမားတစ်ဦးစီအတွက်ဘတ်ငွေ ၃၀၀ ပေးရပါတယ်။

       အဲဒီ (ခယူ) တန်းစီသွင်းခွင့်ရတဲ့သူတွေက အပြင်က အလုပ်သမားကောက်သွင်းမယ့်ပွဲစားကို နေ့စဉ်ပုံမှန် အလုပ်ဖြစ်ရေးအတွက် သူတို့သတ်မှတ်ထားတဲ့ ဘတ်ငွေ ၄၅၀ကနေ ၆၀၀/၈၀၀ အထိပေးရပါတယ်။ AAC အဖွဲ့ က နေ့တိုင်းပတ်မွှေနေတော့ ဆင်သေ ကောင်ကိုဆိပ်သားရေနဲ့ဖုံးဖို့ကြိုးစားနေကြတယ်။

          နောက်ပုံစံတစ်မျိုးက ဆဲဗင်းအလဲဗင်းမှာသွင်းပေးမယ်၊ စီနီယာယူပေးမယ်။ ဘတ် ၈၀၀ ပေး၊ အချို့က စီနီယာရော ဗီဇာပါထုပေးမယ်၊ ဘတ် ၁၈၀၀ ပေးရတယ်။ မြန်မာအလုပ်သမားတွေအပေါ်မှာ စခန်းပိုင်ရှင်တွေ၊ ထိုင်းနဲ့မြန်မာပွဲစားတွေနဲ့တာဝန်ရှိသူတွေ  မြိန်ရည်ယှက်ရည် စားတော်ခေါ်နေလိုက်ကြတာများ ပြည်ကားတစ် ပြည်တွေ့ရဲ့ အသက်မလောက်ဖြစ်နေတယ်။

                          “တကယ်အရေးယူကြမလား”
        CIစခန်းကိုတင်ဒါအောင်မြင်ထားသူတွေဟာ အခြားလူကိုအလွှဲအပြောင်း မလုပ်ရဘူးလို့ အမည်အပြောင်း အလဲမလုပ်ရလို့ တင်ဒါစာချုပ်စည်းကမ်းချက်မှာပါပေမယ့်၊ ကျပ်သိန်း ၇၀၀ လောက်ကို ဂရုမစိုက်တဲ့အဆင့်၊ ၀န်ကြီးကိုအိပ်ထဲထည့်နိုင်တဲ့သူတွေက ဘယ်လိုအပြောင်းအလဲတွေ အပေးအယူတွေလုပ်ထားကြတဲ့ လှည့် ကွက်ကို နေပြည်တော်အစိုးရ (သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီး) တို့သိသေးဟန်မတူပါ။

         ဒီအချက်အလက်တွေ အကြောင်းအရာတွေ အားလုံးတို့ဟာ AAC နဲ့ MAT အဖွဲ့တွေအပြင် ပါးနပ်လိမ္မာ တဲ့ အလုပ်သမားတွေရဲ့လက်ထဲမှာ သိမ်းဆည်းထားကြပြီးဖြစ်ပါတယ်။ ဒါကြောင့် CI စခန်းကို တင်ဒါရွေးချယ် ပြီး ဘတ်၂သန်းလောက်ကို ပိုက်ဆံလို့မမှတ်တဲ့လူတွေ၊ နိုင်ငံတော်အစိုးရကိုလှည့်ချင်သလို့လှည့်စားပြီး နင်းပြား အလုပ်သမားတွေအပေါ်က ဂုတ်သွေးစုတ်နေတာကို ဆက်ပြီးကြည့်နေမလားလို့မြန်မာအစိုးရကိုမေးနေကြပါပြီ။  
   
                                        “အကောင်အထည်ဖေါ်သင့်တဲ့အစီအစဉ်”
       မဟာချိုင်နယ်မြေဆိုတာမြန်မာအလုပ်သမားတွေလည်းအများဆုံး၊ ပုလိပ်တွေလည်းအဖမ်းစားဆုံး၊ ပွဲစား တွေလည်းအရိုက်စားဆုံးနယ်မြေ၊ စခန်းပိုင်ရှင်တွေကလည်းမြွေမကြောက်ကင်းမကြောက် ကောက်ချင်တိုင်း ကောက်။ ဒါတွေကို မြန်မာအစိုးအနေနဲ့ အဖြစ်မှန်ကိုစုံစမ်းဖေါ်ထုတ်ပြီးအမြန်ဆုံးအရေးယူသင့်ပါတယ်။

      အကောင်အထည်ဖေါ်သင့်တာကတော့ ထိုင်းအလည၊ လ၀က၊ ရဲတို့ကိုပိုက်ဆံပေးစရာလည်းမလို၊ (ခယူ) စီနီယာတွေအတွက်လည်းငွေပေးစရာမလို၊ ပွဲစားလည်းမလို အလုပ်သမားတွေ စရိက်လည်းအပိုမကုန်၊ အလုပ် လည်းမပျက်ပဲ လုပ်နိုင်တဲ့နည်းလမ်းတစ်ခုကတော့၊ လက်ရှိ မြန်မာပြည်မှာ မှုခင်းဗဟုသုတတွေလှည့်လည် ပြသ နေတဲ့ ရွေ့လျားရဲကားကြီးတွေနဲ့ အလုပ်သမားရှိတဲ့အလုပ်ရုံတွေရှိတဲ့နေရာတွေကို အိမ်တိုင်ရာရောက်လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးနဲ့ အသက်သာဆုံးဖြစ်မယ်လို့ အကြံပြုလိုပါတယ်။

                                                 
                                       “နက်ဖြန်သို့မဟုတ်ဘယ်သောအခါ”
      
    ၂၀၁၆ ခုနှစ်ဇွန်လ ၂၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမား အရေးဆောင်ရွက်သူတွေ ဘန်ကောက် မြန်မာသံရုံးထဲမှာ တွေ့ဆုံခွင့်ရခဲ့စဉ်က၊ ၂၀၁၂ နှစ်က၊ ထိုင်းအစိုးရဟာ လေးငါးသန်းသောမြန်မာအလုပ်သမားတွေဆီက အိမ်ပြန်ပို့စရိက်ဆိုပြီး ဘတ်ငွေ တစ်ထောင်စီ ကောက်ခံထားခဲ့တဲ့၊ ဘီလီယံပေါင်းများစွာသောအလုပ်သမားတွေရဲ့ ချွေးနှဲစာငွေတွေကိုပြန်တောင်းပြီး ထိုင်းရောက်အလုပ်သမားကာ ကွယ်စောင့်ရှောက်မှုတွေမှာသုံးပါ။ အခြားနေရာတွေမှာပါသုံးပါလို့ အကြံပြုတင်ပြခဲ့ပါတယ်။ ၉လ ကျော်သည့်တိုင်အောင် တစ်စုံတစ်ရာ အကောင်အထည် ဖေါ်ဆောင်တာမျိုးမတွေ့ရသေးလေတော့၊ အသက် ကြီးမြင့်နေတဲ့ အမေအိုကြီးကို စိတ်ဆင်းရဲအောင် ထပ်ခါတလဲလဲလုပ်နေသလိုများဖြစ်နေမလာလို့လည်း စဉ်း စားမိပါသေးတယ်။ ဒါပေမယ့် ထိုင်းရောက်အလုပ်သမားတွေရဲ့နေ့တိုင်းခံနေရတာတွေကို အမေစုအစိုးရ လက် ထက်မှာမှ မပြောင်းလဲနိုင်ခဲ့ရင် ဒီတစ်သက်ဒီကမ္ဘာမှာ ပြောင်းလဲစရာမရှိတော့တာမို့ အားနာနာနဲ့ ပြောလိုက်ရ တာမို့နားလည်ခွင့်လွှတ်စေချင်ပါတယ်။   ။  
     
                                                        မောင်မောင်မြတ်ညို