25 November 2014

မြန်မာနှစ်ဦးအမှုအတွက် မြန်မာသံရုံး အာမခံကြေး တင်မည်



ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာအလုပ်သမား ၂ ဦး အတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ်သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။

မြန်မာနှစ်ဦးကို စွဲဆိုထားတဲ့အမှုတွေ များတာကြောင့် ခရိုင်တရားရုံးမှာ အာမခံငွေကြေး ပိုသွင်းပြီး အာမခံ ရရှိအောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း မြန် မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြော ပါတယ်။


လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်ကို RFA အင်တာဗျူ

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ဦးကို ကူညီပေးဖို့ အစိုးရက အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အဖွဲ့က ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

 အဲဒီအဖွဲ့က ထိုင်းအစိုးရလူ့အခွင့်အရေးကော်မရှင်ကတာဝန်ရှိသူတွေနဲ့ အမှုအခြေအနေတွေကို ဆွေးနွေး ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့လူငယ်နှစ်ဦးကိုလည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖွဲ့နဲ့ အတူ လိုက်ပါကူညီနေတဲ့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ထိုင်းဝန်ကြီးချုပ် ကော့တောင်အမှု ဆွေးနွေး


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းလွှတ်တော် ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူတွေနဲ့ ဒီကနေ့တွေ့ဆုံပါတယ်။ ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုစွပ်စွဲချက်နဲ့ အထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအရေး ဆွေးနွေးဖို့နဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ မူခင်းကျွမ်းကျင်သူတွေ ပါ ရောက်ရှိလာကြတာပါ။ အသေးစိတ် မဆုမွန် စုံစမ်းတင်ပြထားပါတယ်။

24 November 2014

လိပ်ကျွန်းလူသတ်သံသယ လူငယ် ၂ ဦး သန်ဘက်ခါ အာမခံလျောက်မည်


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု သံသယနဲ့ ဖမ်းဆီးချုပ်နှောင်ခံနေရသူ မြန်မာနိုင်ငံသား လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့မှာ အာမခံလျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့  ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ အတွက် မြန်မာသံရုံးအထူးအဖွဲ့က ဦးဆောင်ပြီး ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေတရားရုံးမှာ အာမခံလျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

“(အာမခံ) ရနိုင်တဲ့ အလားအလာတော့ရှိတယ်။ ဒါပေမယ့် သူတို့ဖက်က ဘယ်လောက်အချိန်ဆွဲ မလဲ။ ကျနော်တို့က သူတို့ တရားရုံးမှာ၂၀ ရက်နေ့က ပြောလိုက်တဲ့အတိုင်း အာမခံချက်လျောက်ထား မယ်ဆိုရမယ်။ ပိုက်ဆံ သို့မဟုတ်  (တဦးလျင် အနည်းဆုံးဘတ် ၅ သိန်း၊ ၂ ဦးအတွက် အနည်းဆုံး ဘတ်ငွေ ၁ သန်း) နဲ့ ညီမျှတဲ့ ပိုင်ဆိုင်မှုတခုကို ပေးဆိုတော့ ငွေရေးကြေးရေးကို သံအမတ်ကြီးက သူစီစဉ်ထားပေး မယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်တို့ သန်ဘက်ခါ သွားတဲ့အခါမှာ ငွေရော၊ ရှေ့နေများကောင်စီရော၊ လူ့အခွင့်ရေးကော်မရှင်က အကြံပေး ခရိုင်ဆတ်ကြီးရော၊ လွှတ်တော်က အကြံပေး ၂ ယောက်ရော၊ ကျနော်တို့ အထူးကိုယ်စားလှယ်ရော အားလုံး သွားပြီးတော့မှ ကလေးတွေနဲ့ လက်မှတ်ထိုးမယ်။ သူတို့ဆီက တာဝန်ရှိသူတွေ လက်မှတ်ထိုးပြီးတော့မှ ကျနော်တို့က စာရွက်စာတမ်း ငွေကြေးတွေနဲ့ ကော့စမွေတရား ရုံးကနေ ကလေးတွေအတွက် အာမခံ လျောက်မယ်” လို့ ပြောပါတယ်။ နိုင်ငံခြားသားဖြစ်ခြင်းနဲ့ အမှုအရေအတွက်များတာကြောင့် အာမခံကြေးများရင် များသလို အာမခံ ရရှိရေး အခွင့်အလမ်းပိုများ တယ်လို့ သူက ရှင်းပြပါတယ်။


23 November 2014

အစွပ်စွဲခံအလုပ်သမားနှစ်ယောက်အတွက် အားတက်စရာ သတင်းကောင်း


အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ခေါင်းဆောင်သော ဥပဒေပညာ ရှင်များ အမျိုးသားလွှတ်တော် ကိုယ်စာလှယ် ဦးခင်ရွှေ(ဇေကမ္ဘာ)တို့နှင့် ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)တို့သည် ယနေ့ညနေပိုင်း၌ ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ပါသည်။


ထိုင်းပြည်သူ့လွှတ်တော်ဥက္ကဌ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခဲ့သော အမျိုးသားလွှတ်တော်ဥက္ကဌ ဦခင်အောင်မြင့်သည် မြန်မာသံရုံးမှ ဖွဲ့စည်း ထားသော အထူးစုံစမ်းရေးကော်မတီနှင့် သီးသန့်တွေ့ ဆုံခဲ့သည်။

ထို့သို့ဆွေးနွေးကြရာတွင်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင် ၊ မြန်မာရှေ့နေ ဦးအောင်မျိုးသန့်၊MATဒါရိုက်တာ ဦးကျော်သောင် ၊ FED ဒါရိုက်တာ ဦးထူးချစ်တို့က အမှုနှင့်ပက်သက်၍ တွေ့ရှိချက်များ လိုအပ်ချက်များ လုပ်ငန်းအစီစဉ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် တင်ပြဆွေးနေွးကြသည်။


22 November 2014

ထိုင်းပုလိပ်မှ မတရားဖမ်းစီးခံရသော မြန်မာအလုပ်သမားတစ်ဦးအား MATအဖွဲ့မှ ကယ်တင်


သတင်း= သားကြီး

ယနေ့ နေ့လည်ပိုင်းက စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ၊ ထိုင်းယူနစ်အလုပ်ရုံတွင် ညဂိုဏ်းအလု ပ် လုပ်နေသော မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရွှေချောင်ကျေးရွာနေ မောင်အောင်သူဖြိုး အား မဟာချိုင်မြို့ရှိ ပုလိပ်များမှ မြင်းဆေး(ရာဘ) သုံးစွဲသည်ဟု အကြောင်းပြချက်ဖြင့် မတရားဖမ်းစီးမှုဖြစ်ပွား ခဲ့ပါသည်။

အဖမ်းစီးခံရသူ မောင်အောင်သူဖြိုး၏ အစ်မဖြစ်သူမှ MATအဖွဲ့သို့ ဆက်သွယ် အကူ ညီတောင်းခံလာ သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT မဟာချိုင်ရုံး)မှ သတင်းလက်ခံရတာနဲ့ အချိန် မဆိုင်းပဲလိုက်လံကူညီ ဆောင်းရွက်ပေးခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

ဆိုင်ကယ်လမ်းကွေ့သူ မြန်မာအလုပ်သမားနှစ်ဦး ယာဉ်တိုက်ခံရသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ


သတင်း-စောမောင်

၁၄.၁၁.၂၀၁၄ရက်နေ့ ညနေ၅နာရီအချိန် စမွတ်စာခွန်ခရိုင်၊ စမွတ်ဆုံခါ (မယ်ခေါင်)မြို့ နေမညိုနှင့် မလဲ့လဲ့ဝင်းတို့မှ အလုပ်မှပြန် နေအိမ်သို့ပြန်လာစဉ် ဘန်ကောက်-မယ်ကောင် လမ်းမကြီး၌ ထိုင်းအမျိုးသမီးတစ်ဦးမောင်းလားသော ကားမှ အဆိုပါ မြန်မာအလုပ်သမား၂ဦးအား ၀င်ရောက်တိုက် မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်းသူ မညိုမှာ အခင်ဖြစ်ပွာရာနေရာ၌ သေဆုံးခဲ့ပြီး အတူပါ သူမလဲ့လဲ့ဝင်းမှာ ညာခြေထက်ပိုင်းကျိုး၊ ညာဘက်ကျိုး၊ ခါးကျိုး၊ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဇတ်တို့ တွင်ပြင်းထန်းစွာ ဒဏ်ရာရှိရခဲ့ရာ မယ်ကောင်ဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ)များ အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

21 November 2014

“မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကူညီမှု နစ်နာကြေး ဘတ်သုံးသိန်းခွဲရမည်”




၂၀၁၄ နိုဝင်ဘာလ ၂၁
ဆန်းဦး
            မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော် မတီနှင့် ပူးပေါင်းဆောင်ရွက်သူမျာ ကူညီမှုကြောင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရခိုင်အလုပ်သမားတစ်ဦး ဘတ်ငွေသုံး သိန်းခွဲနီးပါးရရှိမည်ဖြစ်ကြောင်း ကူညီသူများပြောပြချက်အရသိ ရှိရသည်။
            ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မဲဆိပ်ပြင်ကျေးရွာမှ အသက်၃၈နှစ်အရွယ် ကိုသန်းနိုင် သည် မဟာချိုင် ခုံခွမ်းလွမ်ရပ် ကွက် ခေါင်စီဝါမ်လမ်ရှိ စတန့်တက်ရော်ဘာကုမ္ပဏီတွင် အမှုန့်ကြိတ် လုပ်ငန်းလုပ်နေစဉ် ဧပြီလ ၃ ရက်နေ့နံနက် ၁၀နာရီ ခန့်က ကြိတ်စက်ထဲသို့ ယာဘက်လက် ၀င်သွားရာ လက်ချောင်း ငယ်များအားလုံးဆုံးရှုံးခဲ့ရသည်။
           ကိုသန်းနိုင် ဆေးရုံက ဆင်းလာပြီး ၇လကျော်ကြာသည့် တိုင်အောင် မည်သည့် ခံစားခွင့်မှမရရှိပဲ အခက်အခဲကြုံနေခဲ့ရသည်။ မြ၀တီမှ အသိ မိတ်ဆွေတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ နိုဝင်ဘာလ ၁၀ ရက်နေ့က အကူညီတောင်းခံခဲ့သည်။
            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း  က မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး
ကော်မတီအထွေထွေအတွင်းရေးမှူး ဦးနိုင်ထွန်း အားတင်ပြခဲ့သည်။ ထို့နောက် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED မှ ရှေ့နေဖြင့် အားချင်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးခွင့်နားခ တစ်လစာ ဘတ် ငွေ ၉,၀၀၀ ရရှိခဲ့သည်။
           လာမည့်ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် လက်ချောင်းဆုံး ရှုံးမှု အတွက် ပကာစာခွန်းမှနစ်နာ ကြေး ဘတ်ငွေ ၃၄၀,၅၄၀ ထပ်မံရရှိမည်ဖြစ်ကြောင်းကူညီသူများကပြောသည်။ နောက် ထပ် နစ်နာဆုံးရှုံးမှုများအတွက်ဆက်လက်ဖြေရှင်းရဦးမည်ဖြစ်   ကြောင်း MAT အဖွဲ့ကပြောသည်။
        MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်တို့ တစ်ဖွဲ့လုံးအလုပ်များနေကြတယ်။နစ်နာမှုရရှိတာနည်းပါးနေသေး တယ်။ လာမယ့်အပတ်မှာ ရှေ့နေနဲ့ ကျနော်တို့ ထပ်မံညှိနှိုင်းကြ  
ရပါအုံးမယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရတာဖြစ်ဖြစ်၊ သေဆုံးတာဖြစ်ဖြစ် နီးစပ်ရာ အလုပ်သမားကူညီရေးဆောင်ရွက်သူတွေကို အလျှင် အမြန်စုံစမ်းကြ ဖို့လိုပါတယ်။ အချိန်မီလုပ်ဆောင်နိုင်မှ တန်ရာ တန်ဖိုးရရှိနိုင်ပါမယ်။ အလုပ်သမားအတွက်လည်း သင့်တော်တဲ့ အကူညီတွေရရှိနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ ကူညီလို့ရတဲ့ကိစ္စတွေအတွက် ကူညီပေးဖို့ အဆင် သင့်ဖြစ် ပါတယ်” ဟုပြောသည်။
           ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည်ဖြစ်စေ၊ MOU ပွဲစားများလိမ်လည်ခံရ၍ဖြစ်စေ၊  လုပ်ငန်းခွင် အတွင်း ထိခိုက်ဒဏ်ရာရရှိ သေဆုံးသည်ဖြစ်စေ၊ လမ်းသွားရင် ယာဉ်မတော်တဆဖြစ်၍ ဖြစ်စေ၊ လုပ်အား  ခတာင်းမရခြင်း၊ ပတ်စပို့များသိမ်းဆည်းခံရခြင်းများဖြစ်စေ၊ အနိုင်ကျင့် အဓမ္မပြုကျင့်ခံရသည် များဖြစ်စေ   မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ဖုန်းများနှင့် MAT အဖွဲ့ ဖုန်းများဖြစ်သော ၀၈၄ ၆၇၀ ၅၇၂၇,၀၈၅ ၃၄၁ ၅၆၁၁,၀၈၀ ၅၈၈ ၅၅၄၈, ၀၈၇ ၃၁၂ ၁၁၇၉,၀၉၀ ၆၆၇၇ ၉၁၃,၀၈၉ ၆၅၂ ၅၆၉၆ တို့သို့ ဆက်သွယ်အကြံဥာဏ်တောင်းခံနိုင်ပါသည်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် အတတ်နို င် ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


20 November 2014

“ရေလုပ်ငန်းဏ္ဍကုန်ကူးမှုလျှော့နည်းရေးအလုပ်ရုံဆွေးနွေးပွဲထိုင်းမှာကျင်းပ”


ခရမ်းသားလေး ၂၀၁၄ ခု နိုဝင်ဘာလ ၂၀

   "ထိုင်းနိုင်ငံရေလုပ်ငန်းဏ္ဍရှိကုန်ကူးမှု အားပုံဖေါ် 
ခြင်းနှင့် ဆန်းသစ်ပြောင်းလဲခြင်း" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ထိုင်းနိုင်ငံတောင် ပိုင်း ဆုံခလာမြို့တွင် နိုင်ငံတကာလူကုန် ကူးမှုတိုက် ဖျက်ရေးအဖွဲ့အချို့နှင့် ထိုင်းနိုင်ငံအတွင်းမှလူကုန်ကူး မှုနှင့် အလုပ်သမားအရေးဆောင်ရွက်သည့်အဖွဲ့ အစည်းတချို့တို့ တစ်ရက်ကြာကျင်းပခဲ့ကြသည်။
                  

          ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များလာရောက်ဆွေးနွေးခြင်းမရှိသော်လည်းထိုင်းတောင် ပိုင်းမှ ရေပုလိပ်တပ်ဖွဲ့များ၊ လူကုန်ကူးခံရသူများအား စောင့်ရှောက်ပေးသည့် ဂေဟာအချို့မှ တာဝန်ရှိသူများ   နှင့် ဒေသခံအာဏာပိုင်များတက်ရောက်ဆွေးနွေးခဲ့ကြသည်။
         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က ကျနော်တို့ အဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို တင်ပြခွင့်ရတယ်။  ထိုင်းနိုင်ငံအတွင်း လူကုန် ကူးမှု တိုက်ဖျက်ရေးဥပဒေရဲ့ အားနည်းချက်တွေနဲ့ ကယ်ဆယ်ရေးစခန်းထဲက အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့် မှုတွေကို ကျနော် အချက်အလက် အထောက်အထားတွေနဲ့ တင်ပြနိုင်ခဲ့တယ်။ ဖိတ်ကြားထား တဲ့လူကများများ တစ်ရက်တည်းလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြည့်စုံမှုတော့မရှိဘူး။ နိုင်ငံခြားအဖွဲ့နှစ်ခုက ကျနော့် ကို သီးသန့်လည်း တွေ့ဆုံ မေးမြန်းပါတယ်။ လေးနှစ်လောက်ရှိပြီ၊ ကျနော့်ဆီကို နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေ၊ နိုင်ငံခြားသတင်းမီဒီယာတွေလာရောက်တွေ့ဆုံတာ ဘာမှ မထူးခြား လာပါဘူး” ဟုပြောသည်။
             ထိုင်းနိုင်ငံ၏ ပင်လယ်အစားအစာထုတ်လုပ်သည့် လုပ်ငန်းသည် ထိုင်းနိုင်ငံ၏ တတိယအများ ဆုံး နိုင်ငံခြားငွေ ရရှိသည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ ထိုင်းငါးဖမ်းလှေများတွင်ရှိသော ရေလုပ်သား ၉၅ ရာခိုင်နုန်းမှာ မိမိသဘောနှင့် အလုပ်လုပ်ကိုင်နေကြသူများမဟုတ်ပဲလူကျွန်ပြုခံနေရသူများသာ ဖြစ်ကြောင်း ဦးကျော်သောင်း က ဆိုသည်။ MAT အဖွဲ့က ထိုင်းနှင့်မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တာဝန် ရှိ သူများနှင့် လူချင်း ဆုံတွေ့ခွင့်ရသည့် စည်းဝေးများတွင် သော်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း ထိုင်းငါး ဖမ်းလှေများတွင် အမြဲလိုအပ်လျှက်ရှသော အလုပ်သမားများကိစ္စနှင့် လူကုန်ကူးမှုလျှော့နည်းပ    ပျောက်ရေး နည်းလမ်းအချို့တို့အား အကြံပြုဆွေးနွေးလေ့ရှိပါသည်။
         
             ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး UNIAP  ထိုင်းနဲ့ မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့များ လူကုန်ကူးမှုတိုက်ဖျက်ရေးအား လုပ်ဆောင်နေကြသည်ဆိုသော်လည်း လူကုန်ကူးမှုများမှာလျှော့ နည်းသွားခြင်းမရှိပဲ အမည်ပျက်အဆင့် ၃မှ နေ ၂သို့ ထိုးဆင်းသွားခဲ့သည်။ သို့ဖြစ်၍ နိုင်ငံတကာလူကုန်ကူး မှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ထိုင်းနှင့်မြန်မာအစိုးရတို့အနေဖြင့် နည်လမ်းအသစ်များရှာကြံလုပ်ဆောင်သင့်   ကြောင်း MAT ဒါရိုက်တာ ဦးကျော်သောင်း ကတိုက်တွန်းသည်။
      ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT သည် ၂၀၁၂ ခုနှစ် တွင် လူကုန်ကူးမှုတိုက်ဖျက်ခြင်း ၁၉ကြိမ်အတွင်း လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊၂၀၁၃ ခုနှစ်တွင် လူကုန် ကူးမှုတိုက်ဖျက်ခြင်း ၄၂ကြိမ်အတွင်း ၂၆၄ဦးနှင့် ယခု၂၀၁၄ ခုနှစ်တွင်၂၈ကြိမ်အတွင်း မြန်မာအလုပ်သမား   ပေါင်း၁၂၀ ဦးတို့အား ကူညီကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်သည်။
          ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဘန်ကောက်မြို့မြောက်ဘက်ကီလိုမီတာ၈၀ ကျော်အကွာ တွင်ရှိသော လလွန်ကယောက် အရပ်၊ လယ်တောစပ်တွင်ရှိသော ပလပ်စတစ် ပြန်လည် သန့်စင်ရုံတွင် လူကုန်ကူးခံနေရသော လာအိုနိုင်ငံသား၂၆ဦးနှင့် မြန်မာနိုင်ငံသား၂၆ ဦးတို့အား မြန်မာသံရုံး၊ MAT,FEDနှင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD ပူးပေါင်း ကယ်တင်ခဲ့ကြသည်။
         ထိုအလုပ်ရုံတွင် အလုပ်သမားများထွက်ပြေးပါက သေဆုံးစေရန်  ခြံစည်းရိုးတွင် လျှပ်စစ်ဓါတ်လွှတ် ထားသည်။  လူကုန်ကူးခံရသူများအား ခိုင်းစေသည့် လုပ်ငန်းရှင် မည်သည့် ပြစ်ဒဏ် ချမှတ်ခံရသည်ကိုမူ ပူးပေါင်း ကယ်တင်ကြသည့် အဖွဲ့အစည်းများ မသိရှိခဲ့ရပေ။

              ထိုလူကုန်ကူးခံရသူများအနက် ဘုရားသုံးသူမှ ၃ဦးမှာ ထိုင်းနိုင်ငံအတွင်းကျင့်သုံးလျှက်ရှိသော လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေအရ ကယ်ဆယ်ရေးစခန်းထဲတွင် မလိုလားအပ်ပဲ နှစ်ချီ၍ ကြာမြင့်ခဲ့ရ သည်။ ၎င်းတို့၏ လင်ဖြစ်သူတစ်ဦးနှင့် အစ်ကိုဖြစ်သူတစ်ဦးတို့သည် ထိုင်း လူကုန်ကူးမှုဥပဒေ၏ အားနည်း ချက်ကြောင့် ကြန့်ကြာ ခဲ့သည်ကို မသိကျိုးကျွန်ပြုလျှက် လူပွဲစားများ စုပေါင်းဖွဲ့စည်းထားသည့် MOEAF ၏ သတင်းစာရှင်းလင်းပွဲသို့လာရောက်၍ MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကြောင့် ဖမ်းဆီးချုပ်နှောင်ခံနေ ရ ကြောင်းမြန်မာမီဒီယာ အချို့ သို့ပြောဆိုခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ 
ထို့အပြင် ဘုရားသုံးဆူမှ ရဲဝန်ထမ်းဟောင်း သန်းထွန်း ဆိုသူက ဦးကျော်သောင်း  ရန်ကုန်မြို့သို့ရောက်ရှိ လာသည့်အခါ လူကုန်ကူးသူအဖြစ် အမှုဖွင့်တိုင်ကြားရန်နှင့် လုပ်ကြံ မည်ဖြစ်ကြောင်းတို့ကိုပါ အင်တာနက် တွင်ခြိမ်းခြောက်စာတစ်စောင်တင်ခဲ့ကြောင်း MAT အဖွဲ့ ရုံးတာဝန်ခံ ဦးစိုင်းအေး ကပြောသည်။
        

“ဘတ်ငွေဆယ်သိန်းဖြင့်အာမ,ခံရမည်”



                                       “ဘတ်ငွေဆယ်သိန်းဖြင့်အာမ,ခံရမည်”
၂၀၁၃ ခု နိုဝင်ဘာ ၂၀
မြတ်ညို အလွတ်သတင်းထောက်)
          ကော့တောင်(လိပ်ကျွန်း) လူသတ်မှုဖြင့် စွတ်စွဲဖမ်းဆီးခံထားရသောကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့၂ဦးအတွက်ဘတ်ငွေဆယ်သိန်းဖြင့်  အာမခံမည်ဆိုပါကရရှိနိုင်ကြောင့် ကော့စမီတရားရုံး တရားသူကြီး ကပြောဆိုကြောင်း မြန်မာသံရုံးအထူး အဖွဲ့ ကပြောသည်။
“ အစိုးရရှေ့နေက နောက်ထပ်ပဉ္စမ ရီမန်တစ်ပတ်ယူတယ်။ အစိုးရရှေ့နေရုံးက မှန်ကန်တဲ့အချက်အလက်   တွေရရှိအောင် ထပ်မံ စစ်ဆေးပါဆိုလို့ ထပ်ပေးတာလို့သိရပါတယ်။ ကလေး၂ယောက်ကိုထပ်မံစစ်ဆေးဖို့ လိုသလားလို့ ကျနော်တို့မေးတဲ့အခါ မလိုတော့ဘူးသိတာကြောင့် ကျနော်တို့က အာမခံလျှောက်ပါတယ်။ တစ်ယောက်ကို ဘတ် ငါးသိန်းစီနဲ့ ဘတ်ဆယ်သိန်း တင်ရမယ်။ ဒါမှမဟုတ် ဘတ်ဆယ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်း တစ်ခုခု အာမ ခံရမယ်လို့ပြော ပါတယ်။ ကလေးတွေရဲ့ ကျမ္မာရေးအခြေအနေတွေ လည်း ကောင်း မွန်ပါတယ်”  ဟု အထူးစုံစမ်းရေးကော် မတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မြန်မာရှေ့ နေဦးအောင်မျိုးသန့် က ပြောသည်။
        ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရသူများအား ၁၂ ရက် ၁ကြိမ် ရမန်ယူကာ စုစုပေါင်း ရီမန် ၇ ကြိမ်ရယူ   နိုင်မည် ဖြစ်သည်။ သံသယရှိသူများအား စုစုပေါင်း၈၄ရက်ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်။ မြန်မာလူငယ် ၂ဦးအား ယခင်က ၄၈ ရက် ချုပ်နှောင်ထားခဲ့ပြီး ယခုနောက်ထပ် ရီမန်တစ်ပတ် ၁၂ ရက်ထပ်မံရရှိသွားခြင်း   ဖြစ်သည်။
         
          အထူးစုံစမ်းရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကျော်သောင်း က “ ကျနော်တို့အချက်အလက်တွေ သက်သေတွေ စုဆောင်ရရှိထားတာတွေ အတော်ရှိနေပါပြီ၊ အမှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက် အလက်တစ်ချို့ ရရှိအောင် ကြိုးစားနေပါတယ်။ ရယူရမယ့်အပိုင်းတွေက နဲနဲခက်ခဲတာမို့ လူကြီးတွေကို တင်ပြထားဆဲမို့ ခေတ္တ စောင့်နေကြရတာပါ။ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ အင်တိုက်အားတိုက် ကြိုးစား လုပ်ကိုင်နေကြသလို ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်း တို့ကလည်း ဒုတိယအကြိမ်တွေ့ပြီးကတည်းက သူတို့ မသတ်ပါဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ပြောဆိုလာပြီဖြစ်ပါတယ်။ သူတို့ အာမခံနဲ့ အပြင်ကို ရောက်ရှိလာတဲ့ အခါ ပိုမိုပြည့်စုံတဲ့ သက်သေခံတွေရရျှိမယ်လို့ကျနော်တို့နဲ့ထိုင်းရှေ့ နေများကောင်စီက မျှော်လင့်ထားပါ တယ်”  ဟုပြောသည်။ 
          အထူးစုံစမ်းရေးကော်မတီအနေဖြင့် ဘတ်ငွေ ဆယ်သိန်း အာမခံကိစ္စရပ်နှင့် အပြင်တွင်နေထိုင်ကြ ရမည့်  စွတ်စွဲခံ အလုပ်သမား၂ဦးအတွက် လုံခြုံရေးတို့အား  အထူးစဉ်းစားလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ၊ သာမန်လူသတ်မှုမျိုးမဟုတ်ပဲ တကမ္ဘာလုံးကစိတ်ဝင်တစား စောင့်ကြည့်နေကြသည့် အမှုကြီးဖြစ်သဖြင့် အထူးတာဝန်ကြီးလေးသည့်ကိစ္စဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။   


15 November 2014

MOEAF ကို အရေးယူပေးဖို့ ထိုင်းရှိ မြန်မာသံရုံးရှေ့ အလုပ်သမားတွေ ဆန္ဒပြ


မြန်မာ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ကို အရေးယူပေးဖို့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်သမား ၅၀ ကျော်က မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

MOEAF အနေနဲ ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားများပို့ရာမှာ အလုပ်ခေါ်စာ အတုများပြုလုပ်ခဲ့ပြီး အလုပ်သမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိတဲ့အတွက် အခုလို ဖော်ထုတ် တောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

“အလုပ်ခေါ်စာအတုတွေနဲ့ ခေါ်လာတာဆိုတော့ အလုပ်သမားတွေက ဒီရောက်တော့ ဒုက္ခရောက်ကုန် တယ်။ မိဘမဲ့ကလေးတွေ လို လမ်းဘေးရောက်ကုန်တယ်။ ဒါတွေကို အကူအညီပေးဖို့ ကျနော်တို့က အလုပ်သမား သံအရာရှိနဲ့ MOEAF ကိုတင်ပြတယ်။ ဘာမှဆောင်ရွက်ပေးတာမရှိလို့ အခုလိုလာပြီး ဆန္ဒပြတာ”လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ရဲ့ အဖွဲ့ဝင် ကိုခွန် က ဧရာဝတီကို ပြောပါတယ်။


14 November 2014

လိပ်ကျွန်းလူသတ်မှု မြန်မာအလုပ်သမား ၄ ဦး တရားရုံးတွင်သက်သေထွက်ဆိုပေးမည်



ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ အမှုမှာ တရားခံအဖြစ်စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦးက တရားရုံးမှာ သက်သေထွက်ဆိုပေးမယ်လို့ ဒီအမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ပြောပါတယ်။

ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ရှေ့နေ ၂ ဦးဟာ နိုဝင်ဘာ ၁၃ ရက်နေ့ညက စူရတ်ဌာနီကို သွားရောက်ပြီး သက်သေတွေကို မေးမြန်းခဲ့ရာမှာ အလုပ်သမားတွေက ဇော်လင်း နဲ့ ၀င်းဇော် ထွန်းတို့ ၂ ဦးဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောဆိုခဲ့သလို လိုအပ်ရင် တရားရုံးထိ လိုက်ပါထွက်ဆိုပေးမယ့်အကြောင်း ပြောခဲ့တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။


မြန်မာသံရုံး အလုပ်သမားသံအရာရှိ ရုပ်သိမ်းရန်ဆန္ဒပြ



ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ လက်ရှိ ခန့်အပ်ထားတဲ့ အလုပ်သမား ဆိုင်ရာ အရာရှိဟာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿ  နာကို ပြေလည် အောင်မဖြေရှင်း ပေးနိုင်တဲ့ အတွက် ဆက်လက်ခန့်ထားခြင်း မပြုဖို့ ဘန်ကောက် ရွှေ့ပြောင်း အလုပ်သမား တချို့က ဆန္ဒပြတောင်း ဆိုကြပါတယ်။

လက်ရှိ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ဟာ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီက အလုပ်သမား တင်သွင်းနိုင်ဖို့ကိုတော့ လက်မှတ်ထိုးပေးခဲ့ပြီး အလုပ်သမားတွေ ပြသနာဖြစ်လာတဲ့အခါ မသိကျိုးနွံပြုတယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်းဦးက ဒီဗွီဘီကို ပြောပါတယ်။


13 November 2014

"ဘန်ကောက်အလုပ်သမားသံအရာရှိနဲ့ MOEAF ရုံးကို ဆန္ဒပြ"


“ဘန်ကောက်အလုပ်သမားသံအရာရှိနှင့်MOEAF ရုံးအားဆန္ဒပြ”



                                    “ဘန်ကောက်အလုပ်သမားသံအရာရှိနှင့်MOEAF ရုံးအားဆန္ဒပြ”
၂၀၁၄ နိုဝင်ဘာ ၁၃
မင်းဘခက်
          ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်တာဝန်ထမ်းဆောင်နေသောအလုပ်သမားသံအရာရှိနှင့် အေဂျင်စီများ အဖွဲ့ချုပ်MOEAF ရုံးတို့အား အလုပ်သမားအရေးဆောင်ရွက်သူများနှင့်အလုပ်သမားအင်အား ငါးဆယ်ဦးခန့် တို့ က တစ်နာရီခန့်ကြာဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အတွင်းရေးမှူးနှင့် ထိုင်း အခြေစိုက် ရခိုင်အမျိုးသားပါတီ ANP တို့ ဦးဆောင်လျှက် MOU ဖြင့် ရောက်ရှိလာပြီး ဒုက္ခပေါင်းစုံ ကြုံတွေ့ နေကြရ သော မြန်မာအလုပ်သမားငါးဆယ်ဦးခန့်တို့ ပူးပေါင်း၍ တစ်နာရီခန့်ကြာ ဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်း   ဖြစ်သည်။
       ဦးဆောင်သူတစ်ဦးဖြစ်သော ANP ပါတီဥက္ကဌ ကိုခိုင်အံ့မောင် က“ MAT အဖွဲ့က ထိုင်းမှာ ဒုက္ခရောက် တဲ့အလုပ်သမားတွေကို ထိထိရောက်ရောက် တကယ်ကူညီနေသူတွေဖြစ်တယ်။ MOEAFဆိုတာ ပွဲစားတွေ ပဲဖြစ်တယ်။ သူတို့တွေ လုပ်တာ မမှန်ကန်လို့ အလုပ်သမားတွေ အခက်ကြုံရတာဖြစ်တယ်။ အဲဒီလို ကူညီနေတဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကိုအမည်ပျက်စာရင်းသွင်းတယ်။ ကူညီပေးတဲ့သူတွေကို ဒီလို အမည် ပျက်စာရင်းနောက်ထပ်သွင်းရင် ထိုင်းမှာ ဘယ်သူတွေ ကူညီတော့မလဲ။ အဲဒါကြောင့် မြန်မာလ၀က ၀န်ကြီး ဌာနက အမည်ပျက် စာရင်း ကိုပယ်ဖျက်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာဖို့လိုပါတယ်” ဟုပြောသည်။
         
  ဦးကျော်သောင်း သည် နိုဝင်ဘာ ၄ရက်နေ့က ကော့တောင်(လိပ်ကျွန်း)လူသတ်မှုဖြင့် စွတ်စွဲခံနေရ သော ၀င်းဇော်ထွန်း နှင့် ဇော်လင်းတို့၏ မိဘ ၄ဦးတို့အား ကော်မတီ၏ တာဝန်ပေးချက်အရ ရန်ကုန်မြို့သို့ လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။ ဦးကျော်သောင်း သည် နိုဝင်ဘာ ၆ရက်နေ့တွင် အထူးစုံစမ်းရေး ကော်မတီ အစည်းဝေးနှင့် ၇ရက်နေ့တွင် ရှေ့ နေများကောင်စီနှင့် အစည်းဝေးလုပ်ကြရမည်ဖြစ်သည်။ သို့ဖြစ်၍ ၆ရက် နေ့နံနက်၆နာရီအချိန်က ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ရောက်ရှိလာခဲ့သည်။ လေဆိပ် လ၀က အား ဖြတ်သန်း စဉ် ဦးကျော်သောင်း အား အမည်ပျက်စာရင်း BLACK LIST သွင်းထားသဖြင့် ထွက်ခွာခွင့်မပြုပဲ လေဆိပ် လ၀ကရုံးခန်းသို့ ခေါ်ယူကာ တစ်နာရီခန့်ကြာစစ်ဆေးခံခဲ့ရပါသည်။


"ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးထံသို့ အိပ်ဖွင့်ပေးစာပို့"



သို့
ဦးဝင်းမောင်
သံအမတ်ကြီး
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး                                 ရက်စွဲ။        ။      ၂၀၁၄ ခု နိုဝင်ဘာလ၁၃ ရက်နေ့

“အလုပ်သမားပြဿဿ     နာမရှင်းနိုင်သောအလုပ်သမားသံအရာရှိနှင့် တရားဝင်လူမှောင်ခိုကုန်ကူးနေသော Demand ပွဲစားMOEAFရုံးခန်းအားပိတ်သိမ်းပေးပါရန်နှင့်MOUကိစ္စအားမူအသစ်ချမှတ်ပြီးမှတင်သွင်း ခွင့်ပြုပါရန်တင်ပြခြင်း ”

       မြန်မာသံရုံးကိုအမှီသဟဲပြု၍ဖွင့်လှစ်ထားသော မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်
 MOEAF သည် အလုပ်သမားအမှန်တကယ်လိုအပ်ခြင်းမဟုတ်ပဲ အလုပ်သမားခေါ်စာအား အထူးအကျိုး အမြတ်အဖြစ်အရောင်းအ၀ယ်လုပ်နေကြကြောင်း အထောက်အထားများဖြင့် ကျနော်တို့ တင်ပြခဲ့ပြီးဖြစ်ပါ သည်။ MOEAF သည် ပြည် ထဲရေးဝန်ကြီးဌာနမှ တရားဝင်မှတ်ပုံတင်ခွင့်မရရှိသေးသော တရားမ၀င်အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပါသည်။
           အလုပ်သမားဝန်ကြီးဌာနမှ အကျင့်ပျက် ၀န်ထမ်းများဖြင့် ပူးပေါင်း၍ MOU တရားဝင်အလုပ်သမား များတင်သွင်းခြင်းအား အကာအကွယ်ယူ၍ မြန်မာအလုပ်သမားများစွာတို့ကို လိမ်လည်ပို့ဆောင်နေခြင်း များကိုလည်း ကျနော်တို့ ကြိမ်ဖန်များစွာတင်ပြခဲ့ပြီးဖြစ်ပါသည်။
     ယခင်အလုပ်သမားသံအရာရှိနှင့်ယခုတာဝန်ထမ်းဆောင်နေသောအလုပ်သမားသံအရာရှိတို့သည်
  ဖြစ်ပေါ်လာသည့် အလုပ်သမားများပြဿ     နာများအား မဖြေရှင်းပေးနိုင်ရုံသာမက ငွေကြေးယူ၍ ပုလင်းတူ ဗူးဆို့ လုပ်နေကြသောအေဂျင်စီများဘက်မှ သာရပ်တည်ပါသည်။ အလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်း၌ ခိုကိုးရာမဲ့နေကြပါသည်။ အလုပ်သမားသံအရာရှိသည် MOUစည်းကမ်းချက်ဖြင့် မညီသော အေဂျင်စီများ အား အရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ရာမရှိပဲ (ခေါ်စာအတုမိသည့် ဌေးကုမ္ပဏီ အားအရေးမယူခြင်း၊ အလုပ်ရှာမပေးနိုင်ပဲအလုပ်သမားတင်သွင်းခဲ့သည့် ရွှေလမ်းဖွင့်ကုမ္ပဏီ၊ PP Groupတို့အပြင် နှင်းပန်းဝါ   နှင့် မေ၀င့်ကုမ္ပဏီ) တို့အား အလုပ်သမားခေါ်စာထပ်မံထုတ်ပေးခြင်းတို့ကိုပြုလုပ်လျှက်ရှိရာ အလုပ်သမားများ၏ ဒုက္ခများအားကူညီပေးနေသည့် ကျနော်တို့မှာ အရူးကဲ့သို့ဖြစ်ရပါသည်။
            ပြည်ပသို့ ရောက်ရှိလာသည့်MOUအလုပ်သမားများ၏တိုင်ကြားချက်ကို မြန်မာအလုပ်သမားဝန်ကြီး
ဌာနကယခုတိုင်လျစ်လျူ ရှုထားဆဲဖြစ်သဖြင့်အလွန်စိုရိမ်မိပါသည်။ သို့ဖြစ်ပါ၍ ထိုင်းရောက်အလုပ်သမားများ ၏ အခြေအနေများအား ကူညီနိုင်ရန်မှာ သံအမတ်ကြီးမှတစ်ပါး အခြားမရှိတော့ပါ။
        MOU ဖြင့်ရောက်ရှိလာပြီး အခက်အခဲကြံသမျှသော အလုပ်သမားများအား အေဂျင်စီများနှင့် ထိုင်းပွဲ စားကုမ္ပဏီများ၏ အညိုညင်ကိုခံ၍ ကူညီနေရသော ကျနော်တို့အား MOEAF သည် ပြတ်သားစွာ သုတ်သင် လိုက်ပြီးဖြစ်ပါသည်။ MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းသည် လက်ရှိအချိန်တွင် တိုင်းပြည်နှင့်လူမျိုး ဂုဏ်သိက္ခာအတွက် အသက်ကို ပဓာနမထားပဲ သံအမတ်ကြီးဦးဆောင်ဖွဲ့စည်းပေးသည့် အထူးစုံစမ်းရေး   ကော်မတီတွင် ရဲ့ဝံ့ကျွမ်းကျင်စွာဖြင့် လုပ်ကိုင်နေဆဲကာလလည်းဖြစ်ပါသည်။ အလုပ်သမားကိစ္စရပ်များကို သံအမတ်ကြီးဖွဲ့စည်းထားသည့် အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီတွင်လည်း တက်ကြွကျေပွန် စွာ ထမ်းရွက်နေသူတစ်ဦးလည်းဖြစ်ပါသည်။ 
          ဦးကျော်သောင်းအား နိုဝင်ဘာလ ၆ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် အမည်ပျက်စာရင်း သွင်းခိုင်းခြင်မှာလည်း MOEAF နှင့် အလုပ်သမားဝန်ကြီးဌာနတို့ပင်ဖြစ်ကြပါသည်။ သို့ဖြစ်ပါ၍ အထက်ဖေါ် ကိစ္စရပ်များအားသံအမတ်ကြီးမှ ဖြေရှင်းပေးနိုင်လိမ့်မည်ဟုယုံကြည်ပါဖြင့် လေးစားစွာတင်ပြခြင်းဖြစ်ပါ သည်။

                                                            “တောင်ဆိုချက်များ”
(၁) မင်္ဂလာဒုံလေယာဉ်ကွင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီဌာန(လ၀က)တွင်တွေ့ရှိခဲ့ရသော
    ဦးကျော်သောင်းအား အမည်ပျက်စာရင်းထည့်သွင်းထားခြင်းအား၊ ပယ်ဖျက်ပေးကြောင်း တရားဝင် 
    အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန်။
(၂) ပြဿ     နာများအား မဖြေရှင်းနိုင်သည့်အပြင် လာသမျှ အလုပ်သမားခေါ်စာအား အခကြေးငွေယူ၍
     လက်မှတ်ထိုးပေးနေသည့် အလုပ်သမားသံအရာရှိ၊ ထိုင်းနိုင်ငံတွင် ထားရှိရန်အလိုမရှိပါ။ ပြန်ပို့သင့်
    ပါသည်။ သံရုံးအနေဖြင့်ကိုင်တွယ်နိုင် သည့်ကိစ္စသာဖြစ်ပါသည်။ လုပ်သမားသံအရာရှိ တစ်ဦးတည်း  
   ထားခြင်းမှာလည်း  အလုပ်သမားများအတွက်အကျိုးမရှိပါ။
(၃) ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ရောက်ရှိလာသောအလုပ်သမားခေါ်စာအားအလုပ်သမားသံအရာရှိ
     ၏ဘာသာပြန်များက ဈေးကောင်းပေးသည့် မြန်မာအေဂျင်စီများကိုသာဖွဲဝေချပေးခြင်း။ ထိုအခြင်းအရာ
     များအတွက် တရားမ၀င်လာရောက်ဖွင့်လှစ်ထားသည့် MOEAF ရုံးခန်းအား ပိတ်သိမ်းပေးပါရန်။ 
(၄) MOU စနစ်အား သံအမတ်ကြီးဦးဆောင်မှုဖြင့် အလုပ်သမားအရေးကျွမ်းကျင်သူများ၊ ကာယကံရှင်   
     အလုပ်သမားများ၊ မှန်မှန်ကန်ကန် လုပ်ကိုင်လိုကြသည့် အေဂျင်စီများ၊ မြန်မာအလုပ်သမားဝန်ကြီးဌာနမှ
     တာဝန်ရှိသူများဖြင့် အချိန်အတိုင်းအတာတစ်ခုယူ၍ ကောင်းမွန်သည့်မူဝါဒချမှတ်ပြီး၊ ထိုင်းအလုပ်သမား     ၀န်ကြီးဌာနသို့ တင်ပြညှိနှိုင်း ပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း။   လေးစားစွာတင်ပြအပ်ပါသည်။

                                                      အားလုံးကိုလေးစားလျှက်
                                                                ဦးခိုင်ကြီး
                                                             အတွင်းရေးမှူး
                                           ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
                                                              ဘန်ကောက်မြို့