22 November 2011

ရေဘေးဒုက္ခသည်များ ထံမှ မဟာချိုင်းရဲက သိမ်းဆည်းထားသည့် လက်ကိုင်ဖုန်းနှင့် ပစ္စည်းများပြန်ရ

ရေးဘေးဒုက္ခကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ပန်းရံ အလုပ်သမား (၃)ဦးထံမှ မဟာချိုင်ရဲများ သိမ်းယူထားသော လက်ကိုင်ဖုန်းနှင့် အခြားပစ္စည်းများ ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။

ပန်းရံ အလုပ်သမား (၃)ဦးမှာ ဘန်ကောက်မြို့၊ လာမင်ထား (၉၆)လမ်းတွင် အလုပ် လုပ်ကိုင်နေရာမှ ရေဘေး ဒုက္ခကြောင့် မဟာချိုင် ယာယီ ရေဘေး ကယ်ဆယ်ရေးစခန်းသို့ လာရောက်စဉ် နိုဝင်ဘာလ (၁၃)ရက်၊ ည (၇)နာရီခန့်က မဟာချိုင်၊ ဘန်းပါရပ်၊ မာလီ ငါးသေတ္တာရုံ အနီးရှိ ယာဉ်ထိန်း ရဲကင်းမှ ဖမ်းဆီးပြီး ပစ္စည်းများ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံသူများထဲမှ တစ်ဦးဖြစ်သော မမြင့်မြင့်ဌေးက “သမီးတို့ လုပ်ငန်းခွင် ရေမြုပ်သွားတယ်။ လုပ်အားခလည်း သူဌေးက ရှင်းမပေး လိုက်ဘူး။ ကယ်ဆယ်ရေး စခန်းကို သွားဖို့ ကားခ လောက်ပဲပါတယ်။ ပေးစရာ ပိုက်ဆံ မပါတာကြောင့် ကျမတို့မှာ ပါလာတဲ့ ပစ္စည်းတွေကို အကုန်သိမ်း လိုက်တာဖြစ်တယ်။ ဖုန်းသိမ်းတယ်။ ပြီးတော့ မဟာချိုင် (၄)ထပ် အချုပ်ခန်းမှာ (၂)ည အိပ်ခဲ့ရတယ်’’ ဟုပြောသည်။

07 November 2011

ရေဘေး သင့် မြန်မာအလုပ်သမား များအား မြန်မာသံရုံးမှ ယာယီပတ်စ်ပို့ အခမဲ့ထုတ်ပေး

ထိုင်းနိုင်ငံ ရေဘေး ဒုက္ခကြောင့် ရာ့ခ်ျဘူရီ ကယ်ဆယ်ရေးစခန်းတွင် လာရောက် ခိုလှုံနေသည့် မြန်မာ အလုပ်သမားများအတွက် ယာယီပတ်စ်ပို့ အုပ်ရေ (၂၀၀)ကို ထိုင်းနိုင်ငံ မြန်မာသံရုံးက ယမန်နေ့က အခမဲ့ ထုတ်ပေးခဲ့သည်။

ရာ့ခ်ျဘူရီ ကယ်ဆယ်ရေး စခန်းသည် ယခင် ဖွင့်လှစ်ထားသော ၀တ်ရိတ်ခင် ဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေး စခန်းမှ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လာရောက်ခိုလှုံသူဦးရေ (၅၀၀)ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးက ယခုပြောင်းရွှေ့လာခဲ့သော ကယ်ဆယ်ရေး စခန်းထဲတွင် work permit (အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) ထုတ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရကလည်း ယာယီပတ်စ်ပို့များ အမြန်ဆုံး ထုတ်ပေးနိုင်ရန် စီစဉ်ခဲ့သည်။