25 September 2016

"၂ခါပြန်လူကုန်ကူးခံရဆဲမြန်မာများအား MAT အဖွဲ့ကယ်တင်"



                              
၂၀၁၆ ခု စက်တင်ဘာလ ၂၅ ရက်
စိုင်းအောင်သန့်
               ဒုတိယအကြိမ်ထပ်မံလူကုန်ကူးခံရဆဲမြန်မာမိသားစု၎ဦးနှင့် လူငယ်တစ်ဦးတို့အား ၂ နေရာစီမှ ကယ် ထုတ်လာခဲ့ရကြောင်း MAT အဖွဲ့ကပြောသည်။

       မလေးရှားနယ်စပ်ကတန်မြို့ဖက်ကဆင်ငါးဖမ်းလှေဆိပ် လှေအမှတ်(၁၁)(၉) နှင့် (၇)တို့တွင် ၃နှစ် ကျော်ကြာ ရောင်းစားခံခဲ့ရသည့် မော်လမြိုင်မြို့သီရိမြိုင်ရပ်ကွက်မှ အသက် ၃၃ နှစ်အရွယ် ကိုကျော်သူရ ဆိုသူအား MAT အဖွဲ့က ၂၀၁၃ ခုနှစ်က ကယ်ထုတ်ခဲ့သည်။ ၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၃၀၀ ကျော်အကွာတွင်ရှိသော လုဘုရီနယ်မြေ ပန်းရုံဆိုဒ် တစ်ခုတွင် အခြေချ အလုပ်လုပ်ကိုင်နေရာ အလုပ်အဆင် မပြေသဖြင့် တရားဝင်နေထိုင်ခွင့် ပန်းရောင် ဘတ်ကဒ်ကို သက်တမ်းမဆက်နိုင်ဖြစ်နေခဲ့သည်။ 

       ထိုအခြေအနေကြောင့် သူ့အား ပွဲစားများက ငါးဖမ်းလှေတွင် အလုပ်လုပ်ရန် စည်းရုံးခြင်းကိုမကြာ ခဏခံနေရသဖြင့် MAT  အဖွဲ့သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သည်။  သို့ဖြစ်၍ ကိုကျော်သူရနှင့်အတူ ဇနီးနှင့် ကလေးငယ် ၂ဦးတို့၏အချက်အလက်များကို ထိုင်းအလုပ်သမတစ်ဦး၏ အကူညီဖြင့်ရယူခဲ့ကြသည်။ ထိုနောက် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေး DSI မှ  Mr.Komvich Padhanarath  Chief of Prevention and Suppression  Div. 1 Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice ထံသို့ ဆက်သွယ်၍ သတင်းပေးပို့တင်ပြအကူညီတောင်းခံခဲ့သည်။ 

         တစ်ပြိုင်တည်းတွင် ယနေ့နံနက်က ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ရှိသော ပထုံဌာနီခရိုင် လလွန်ကယောက်နယ်မြေ ဓါတ်ဆီဆိုင်တစ်ခုမှ မြန်မာအလုပ်သမားတစ်ဦးက ဖုန်းဆက်အကူညီတောင်းခံလာခဲ့သည်။ မော်လမြိုင်မြို့ဇေယျာသီရိရပ်ကွက်မှ အဖ ဦးမောင်မောင်+ဒေါ် သန်းဝင်း တို့၏သား အသက် ၂၅ နှစ်အရွယ် ညီညီစိုး  ဆိုသူသည် လူကုန်ကူးခံရသူများလက်ထဲမှ ထွက်ပြေးလာကြောင်း အကူညီတောင်းခံလာခဲ့သည်။

        ညီညီစိုးသည် ဘန်ကောက်မြို့အနီး မဟာချိုင် ၀တ်ချလုံလှေဆိပ်မှ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ ဗာဂျီးနီး ယားကျွန်းတွင် ၂နှစ်ကျော်ကြာ ရောင်းစားခံခဲ့ရပြီး ယမန်နှစ်က မြန်မာအစိုးရနှင့် ကမ္ဘောဇ ဘဏ်တို့၏ ကူညီ မှုဖြင့် ပထမဦးဆုံးပြန်လည်ပို့ဆောင်ပေးသည့် ၁၂၅ ဦးအသုတ်တွင် ပါဝင်ခဲ့သည်ဟုဆိုသည်။ ၎င်းသည် အလုပ်အကိုင်မရှိသဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစဉ် ထပ်မံ၍ လူကုန်ကူးခံရမည့် အန္တရာယ်ကြုံ တွေရသဖြင့် MAT အဖွဲ့သို့ အကူညီတောင်းခံလာခဲ့ခြင်းဖြစ်ပါသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က "ဒီအလုပ်သ မားတွေခရီးသွားလာခွင့် စာရွက်စာတမ်းတွေကို နက်ဖြန်မှ သံရုံးကိုသွားပြီး အကူညီတောင်းခံပါမယ်။  ပြီးရင် မြ၀တီလူကုန်တားတပ်ဖွဲ့စိတ်ကတစ်ဆင့် နေရပ် ရင်းမော်လမြိုင်ကို ပြန်ပို့ဖို့ ဆက်လက်အကူညီတောင်းခံ သွားပါမယ်။ ဒီနှစ်ထဲမှာ လူကုန်ကူးမှုတွေပိုမိုများပြားနေ တာကြောင့် ငွေကြေးအင်အားမရှိတဲ့ ကျနော်တို့လို အဖွဲ့ အစည်းသေးသေးလေးအနေနဲ့ အခက်အခဲကြုံတွေ့လာ   ရပါတယ်။ ဒါပေမယ့် လူကုန်ကူးခံနေရတဲ့မြန်မာတွေကို ကျနော်တို့ အတတ်နိုင်ဆုံးဆက်လက်ကူညီ သွားမယ်" ဟုပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့များ၊ မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့များနှင့် မြန်မာသံရုံး၏
အကူညီတို့ဖြင့်၂၀၁၆ ခုနှစ်တွင် လူကုန်ကူးမှုပေါင်း ၂၆ကြိမ်  အောင်မြင်မှုတွင် လူကုန်ကူးခံရသူပေါင်း ၃၂၆ ဦးကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးဂိုဏ်းသားပေါင်း ၉ဦးတို့ကို ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပါသည်။
             

23 September 2016

"ပြည်ပရောက်အလုပ်သမားတွေကို ဂရုစိုက်ဖို့ လွှတ်တော်ထဲမှာတော့ ပြောကြပြီ"

အလဲဗင်းမီဒီယာမှထုတ်လွှင့်ချက်ကိုထပ်ဆင်တင်ပြပါသည်။

“၀မ်းနည်းလိုက်တာပြည်မြန်မာရယ်”



  ...........................................................................................................................
 2016 သြဂုတ်လ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ်အပတ်စဉ်ဂျာနယ်တွင်ဖေါ်ပြခဲ့တဲ့ ဆောင်းပါးကို အွန်လိုင်း ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြအပ်ပါတယ်။
                                      
          ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်ကျော်ကြာနေထိုင်အလုပ်လုပ်ကိုင်နေရာကနှစ်ပေါင်းများစွာခွဲခွာခဲ့ရတဲ့ အမိ   မြန်မာနိုင်ငံကို ခေတ္တအလည်သွားခဲ့တယ်။ ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ညနေ ၈နာရီမှာထွက်လာ ခဲ့တဲ့ကား ဟာ နံနက် ၆နာရီထိုးတာနဲ့ မြ၀တီချစ်ကြည်ရေးဂိတ်ပေါက်ကိုရောက်ရှိခဲ့တယ်။ 

    ထိုင်းနိုင်ငံမြို့တော်ဘန်ကောက် ရဲ့ ရှုမငြိမ်းစရာမီးအလှတွေနဲ့ ကားလမ်းတလျှောက်လုံး လမ်းလယ်ခေါင် မှာ ဥယျာဉ်ပန်းမန် မီးအလှတွေနဲ့ဆင်မြန်းထားတာများ ပန်းခြံတစ်ခုကို အပျော်ခရီးထွက်သလိုခံစားရတယ်။  ကားပေါ်မှာ ၀န်ဆောင်မှုဆိုရင်လည်း မုန့်၊ နို့ဗူး၊ အချိုရည်ဗူးတိုက်ကျွေးတယ်။ လေအေးပေးစက်အေးရင်ခြုံဖို့ သန့်ရှင်းတဲ့ခြုံထည်ကိုပေးထားတယ်။ မအိပ်ခင်စပ်ကြားမှာ ဗွီဒီယိုပြသထားသေးတယ်။ထိုင်းခုံကိုနောက်လှန် လို့ရသလို အညောင်းပြေစေဖို့ နှိပ်ပေးတဲ့ ခလုပ်ကလေးတောင်ပါသေးတယ်ဗျာ။ ဘန်ကောက် မဲဆောက် ကီလီမီတာ လေးရာကျော်မှာ ဂျိုင်းခွက်ကလေး တစ်ခုမရှိ ကားတစ်ချက်မခုန်ပဲ ညိမ့်ညောင်းစွာနဲ့ ညလာခဲ့ ရတဲ့ခရီးသွားပြည်သူစိတ်ချမ်းသာကြရတာပေါ့။

22 September 2016

21 September 2016

"လူကုန်ကူးခံရသူအားကြိုတင်စစ်ဆေးယူပြီးနေရပ်ပြန်ခွင့်ပြုမှုကို သံအမတ်ကြီးနှင့် MAT အဖွဲ့ကကျေးဇူးတင်"



    

၂၀၁၆ ခု စက်တင်ဘာလ ၂၁ ရက်

မြတ်ညို (အလွတ်သတင်းထောက်)

       ၅နှစ်ကျော်ကြာ လုပ်အားခေါင်းပုံဖြတ်ခံနေခဲ့ရပြီး လူကုန်ကူးခံခဲ့ရသူ မအေးအေးစိုး ၏ အမှုကို စူရတ်မြို့ နယ်တရားရုံးက ၃ပတ်အတွင်း ကြိုတင်ထွက်ဆိုချက်အပြီးသတ်ယူဆောင်၍ ယနေ့တွင် မိခင်နှင့် အတူ ပြန်လည် ပို့ဆောင်ခွင့်ရရှိသဖြင့် အလွန်ဝမ်းသာပီတိဖြစ်ရကြောင်း အကျိုးဆောင် မြန်မာရှေ့နေ ဦးအောင်မျိုးသန့် ကပြောသည်။

         စူရတ်မြို့အာဏာပိုင်များက အခန်းအနားငယ်တစ်ခုပြုလုပ်၍ လူကုန်ကူးခံခဲ့ရသူ မအေးအေးစိုး အား
နယ်ခြားကော်မတီ၊ မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်နှင့်မိခင်ဖြစ်သူတို့ထံ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့်ကော်မတီက လူကုန်ကူးခံခဲ့ရသည့် မအေးအေးစိုးနှင့်အတူ သက်သေထွက်ဆိုခဲ့သူ မိခင်   ဒေါ်အေးဝင်း၊ တရားခံ ဒေါ်သန်းသန်းဌေး၏ သမီးမ၀ိုင်း (ခ) မဝေတို့ ၃ဦးတို့အား ကော့သောင်းမြို့ ခရိုင် ရဲတပ်ဖွဲ့ မှူးရုံး၊ ကော့သောင်းလူကုန်တားရုံးနှင့် လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ကော့သောင်းရုံးတို့မှ တာဝန်ရှိသူများထံသို့ ရနောင်းမြို့တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

20 September 2016

"မြန်မာသူနာပြုတစ်ဦးကိစ္စ သံအမတ်ကြီးဦးဆောင်ကူညီပေး"



                          
၂၀၁၆  ခု စက်တင်ဘာလ ၂၀ ရက်
ဘဦး (ရွှေလုပ်သား)

           မြန်မာနိုင်ငံမှ လူနာပြုစုရန်လိုက်ပါလာသည့် မြန်မာစပါယ်ရှယ်နာစ် တစ်ဦး၏ လုံခြုံမှုအားနည်း   ကြောင်း အကူညီတောင်းခံလာခဲ့ခြင်းကို ဘန်ကောက် မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီး ဦးဆောင်မှုဖြင့် MAT အဖွဲ့ က ကူညီဖြေရှင်းပေးနိုင်လိုက်သည်။

           မြန်မာနိုင်ငံ........မြို့မှ လုပ်ငန်းရှင်တစ်ဦး၏ နာတာရှည် မိခင်ဖြစ်သူ ဆေးဝါးကုသခံယူမှုအတွက် ......မြို့ မှ အပြင် စပါယ်ရှယ်နာ့စ်တစ်ဦးကို စက်တင်ဘာလမှ နိုဝင်ဘာလ၂လအတွက် ဈေးနုန်းတစ်ခု သတ်မှတ်၍ ငါးရမ်းလာခဲ့ကြသည်။ ၎င်းတို့သည် စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ .......... ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် ဆေးဝါးကုသခံယူရန် ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပါသည်။

18 September 2016

"ဒီနေ့ အသက် ၅၂နှစ်ပြည့်ခဲ့ပြီ"



                                    
မေမေ့ဝမ်းကြာတိုက်ထဲက လူ့လောကကိုရောက်လာတာ ဒီနေ့ ၅၂ နှစ်ပြည့်ခဲ့ပါပကောလား။
မိမိအတွက်၊ တိုင်းပြည်အတွက်၊ လောကကြီးအတွက် ကောင်းကျိုး ဘယ်လောက်လုပ်ပေးနိုင်ခဲ့ပြီလဲ။
ဆိုးသွမ်းယုတ်ညံ့မှုတွေ ဘယ်လောက်လုပ်မိခဲ့သလဲ။
ခြောက်ပြစ်ကင်းသဲလဲစင် လောကမှာမရှိ ဆိုတာ မှန်သော်ငြားလည်း..
ငါသည် မကောင်းမှု ဒုစရိုက်ဟူသမျှ အတတ်နိုင်ဆုံး ရှောင်ကျဉ်ခဲ့သူမို့ လိပ်ပြာသန့်၏။
မကောင်းမှုဟူသမျှ ဘ၀တလျှောက်လုံးသာမက သေသည်အထိ ရှောင်ကြဉ်အုံးမည်ပင်။

လက်ရှိ...တတိယအရွယ်ကို ချဉ်းနင်းဝင်ရောက်လာသူတစ်ဦးအနေနဲ့......
၁၈နှစ်အရွယ်တုန်းကလို တစ်နေ့ကို ဘောလုံး ၂ပွဲ....( ၃နာရီ ) ကန်နိုင်တော့မည်မဟုတ်။
ကီးဗားဒါးရှီးထိုင်ပြီး ဘယ်ဖြောင့်၊ ညာဖြောင့်လက်သီးအလုံးတစ်ရာ ထိုးနိုင်တော့မည်မဟုတ်။
ခေါင်းပေါ်တင်ထားတဲ့ အုန်းသီးကို ဂျွမ်းထိုးပြီး ထိအောင်ကန်နိုင်တော့မည်မဟုတ်။
အုတ်နီ၅ခဲ ဖြောင်းကနဲ ကျိုးအောင် လက်ဝါးဇောင်းခုတ်နိုင်တော့မည်မဟုတ်။
လသာသာညချမ်းမှာ...ရွာကိုပတ်ပြီး..မယ်ဒလင်တစ်လုံးနဲ့ သီချင်းလည်း ဆိုနိုင်တော့မည်မဟုတ်။

အော်... ဘ၀နေ၀င်ချိန်အတွက် ပြင်ဆင်ရအုံးမှာပ။
ငါ ဘယ်လောက်အထိ အလုပ်လုပ်နိုင်အုံးမလဲ။
ဘယ်လောက်အထိ လုပ်ခွင့်ရအုံးမလဲ။
သာသနာထဲက လူ့ဗာလတွေကို ဘုရားရှင်တောင် မချေချွတ်နိုင်ခဲ့တာ။
မတရားမှုက အနယ်ထိုင် အင်အားသာနေတဲ့ အခါသမယမှာ... မှားနေတာကများပါဘိ။
ဘာမှ မဟုတ်တဲ့ငါက ဘယ်လောက်တွန်းနိုင်လို့ ဘယ်လောက်ရွေ့နိုင်မှာတဲ့လဲ။

ပိန်းပိတ်အောင်မှောင်ခဲ့နေခဲ့တဲ့ ပြည်မြန်မာက ခုမှရောင်နီပေါ်ခါစ၊
သားသမီးတွေက အရွယ်မရောက်၊ လူရာမ၀င်ကြသေး။ ...ဟူး...။
၇၂နှစ်အရွယ် အမေစုတောင် ကမ္ဘာပတ်နေသေးတာပဲ။
ငါ... အိုပြီလို့ မဆိုနိုင်သေးဘူး။ ငါ မစွမ်းနိုင်တော့ဘူးဆိုပြီး စိတ်ကိုလျှော့လို့မဖြစ်သေးဘူး။
ကျရာတာဝန်ကို ငါ့လူမျိုး၊ ငါ့တိုင်းပြည်အတွက် သေသည်အထိ တတ်နိုင်တာတွေလုပ်နေရအုံးမှာပဲ။    
ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရင်ဘတ်ချင်းတူတယ်။ လူချင်းမတွေ့ဖူးပေမယ့်လေးစားတယ်ဗျာတဲ့။    

                                                  ကျော်သောင်း




"ပါဖက်အေဂျင်စီမှအလုပ်သမား ၂၆ဦးအဓမ္မပြန်ပို့ခံရ"



                                  
၂၀၁၆ ခု စက်တင်ဘာလ ၁၈
မြတ်ညို (အလွတ်သတင်းထောက်)


        ပါဖက်အေဂျီမှ တင်သွင်းထားသည့်အလုပ်သမား ၂၆ဦးတို့အား အဓမ္မပြန်ပို့ခံရကြောင်း အလုပ်သမားများက ပြောသည်။ 

         မိန်းကလေး၉ဦးနှင့်အမျိုးသား၁၇ဦးတို့ကစားစရာမရှိသဖြင့်ယခင်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည့်၇၅ရာခိုင်နုန်း ငွေများကို
ထုတ်ပေးရန် ပြောဆိုခဲ့သဖြင့် ရဲကားများကို ပွဲစားများကခေါ်ယူ၍ ခြိမ်းခြောက်၍ အဓမ္မပြန်ပို့ခြင်း ခံခဲ့ရကြောင်း ၊ အလုပ်သမားသံအရာရှိများကလည်း ပြေလည်အောင် မဖြေရှင်းပေးခဲ့ကြောင်း အလုပ်သမားများကပြောသည်။

14 September 2016

"မြန်မာသံရုံးနှင့် MAT အဖွဲ့အား DSI မှ ဂုဏ်ပြုဆုတံဆိပ်များချီးမြှင့်"



                      
၂၀၁၆ ခု စက်တင်ဘာလ ၁၄ ရက်
အေးဆန်း

           ထိုင်းနိုင်ငံလူကုန်ကူးမှုလျှော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ထိုင်းနှင့်   နိုင်ငံတကာလူပုဂ္ဂိုလ်အချို့နှင့်အတူ ဘန်ကောက်မြန်မာသံရုံးနှင့် MAT အဖွဲ့တို့ကိုပါ ထိုင်းအစိုးရလူကုန် ကူး မှု တိုက်ဖျက်ရေးစုံစမ်းထောက်လှမ်းရေး DSI က ဂုဏ်ပြုလွှာနှင့် ရွှေတံဆိပ်ဆုများချီးမြှင့်ခဲ့သည်။

          စင်ထရယ်ဟိုတယ်တွင်ပြုလုပ်သည့် ယနေ့ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နည်းပညာများ ကူညီ ပံ့ပို့ပေးကြသည့် နိုင်ငံခြားသံရုံးမှ တာဝန်ခံအရာရှိများ၊ နိုင်ငံခြားနည်းပြများ၊ သတင်းအချက်အ လက်ပေးပို့သည့် ထိုင်းဘဏ်တစ်ခုမှ စာရေးမ တစ်ဦး၊ လူကုန်ကူးမှုဖြစ်စဉ်များကို ၀ိုင်းဝန်းကူညီပေးခဲ့ကြ သည့် ထိုင်းနိုင်ငံအနှံ့ အပြားမှ ထိုင်းလှုမှုအသင်းအဖွဲ့စည်းများ၊ မဟာချိုင်အခြေစိုက် LPN အဖွဲ့ ဒါရိုက်တာ ဆွန်ပွန်ဆာကယောက် တို့နှင့်အတူ မြန်မာသံရုံးနှင့် MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း တို့ကို DSI အကြီးဆုံးအရာရှိ Police Colonel-Paisit Wongmuang  က တစ်ဦးချင်းစီ ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

   ဆုချီမြှင့်ပြီး Police Colonel-Paisit Wongmuang က "လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းကို စိတ်ဝင် တစား အချိန်ကြာမြင့်စွာ ကူညီလုပ်ဆောင်ပေးကြတယ်ဆိုတာ သာမန်စိတ်ဓါတ်၊သတ္တိနဲ့ ဖြစ်တာမဟုတ်ဘူး။ အဆင် မသင့်ရင် အသတ်ပါခံရနိုင်ပါတယ်။ ထိုင်းနိုင်ငံဟာလူကုန်ကူးမှုအဆိုးဆုံး Tair ၃ ကနေ Tair ၂   လျှော့ကျသွား အောင်လုပ်ခဲ့ကြတာ ကျနော်တို့သက်သက် ဘယ်ဖြစ်မလဲ။ အခု ဂုဏ်ပြုချီးမြှင့်ခံကြရတဲ့ သူတွေ ၀ိုင်းဝန်းကြိုးစား ခဲ့ကြလို့ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျနော်တို့ကိုအကူညီပေးကြပါအုံးလို့   မေတ္တာ ရပ်ခံပါတယ်၊ ကျေးဇူးတင် ပါတယ်" ဟုပြောဆိုသွားခဲ့သည်။


           မြန်မာသံရုံးရရှိသောဂုဏ်းထူးဆောင်ဆုတံဆိပ်အား သံအမတ်ကြီး ဦးဝင်းမောင် ၏ကိုယ်စား သံမှူး ဒေါ်ဝင်းစန္ဒီကျော် ကတက်ရောက် လက်ခံယူခဲ့ပါသည်။

    ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT အဖွဲ့သည် မြန်မာသံအမတ်ကြီး နှင့်သံမှူးတို့၏ဦးဆောင် မှုဖြင့်သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဖွဲ့စည်း၍  မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေတပ်ဖွဲ့မှူး ဦးဝင်းနိုင် ထွန်း တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ 

    အထူးသဖြင့် DSI မှ အရာရှိကြီးများဖြစ်ကြသော Mr.Komvich Padhanarath   Chief of Prevention and Suppression  Div. 1 - Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice  နှင့် Chief of Prevention and Suppression Div. 2 -  Pol. Maj. Jatuporn  Arunleaktawin  တို့၏ အကူညီကိုရယူ ၍ စဉ်ဆက်မပြတ် ကယ် ထုတ်နိုင်ခဲ့ကြပါသည်။



MAT အဖွဲ့အား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ရေးအထူးရဲတပ်ဖွဲ့ Anti-Human Trafficking Division (AHTD) မှ ၂၀၁၃ ကတစ်ကြိမ်၊ ၂၀၁၄ ကတစ်ကြိမ် ဂုဏ်ပြုလွှာနှင့် ဘတ်ငွေတစ်သောင်းခွဲဆုချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ 

        ၂၀၁၅ နှစ်ကလည်း ရန်ကုန်အခြေစိုက် ဆဲဗင်းဒေး သတင်းစာတိုက်မှ အများအတွက် သက်စွန့်ဆံဖျား အများ အတွက်စွန့်စားကြသူများကို တစ်နှစ်တစ်ကြိမ် ရွေးချယ်ချီမြှင့်သော 7Day Hero  ဆုကို၊ ပြည်တွင်းမှ ရဟန်း ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့နှင့်အတူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် အတူ MAT အဖွဲ့တို့ ပူးတွဲရရှိခဲ့ဖူးပါသည်။


         MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က "DSI ဟာ ထိုင်းအသင်းအဖွဲ့တို့နဲ့လုပ်ကိုင်ပုံတွေ၊ သာမန် အရပ်သား၊ သာမန်လူမှုအဖွဲ့အစည်းသေးသေးလေးတွေ ပူးပေါင်းဆောင်ရွက်တာတွေ၊ ဘဏ်ကို သွင်းတဲ့   ငွေကြေး အခြေအနေပေါ်မူတည်ပြီး ထူးခြားဖြစ်စဉ်ကို ဘဏ်စာရေးမ က သတင်းပေးနိုင်အောင် လမ်း ဖွင့်ပေးထားတာတွေ၊ အထူးသဖြင့် ဒီလောက်ထုထယ်ကြီးကြီးမားမား ဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှုဆိုးဝါး တဲ့နိုင်ငံအတွက် လိုအပ်တဲ့ အထောက်အကူတွေနည်းပညာတွေကို ဘယ်လိုရအောင်ယူကြသလဲ ဆိုတာေ တွ ကို လူကုန်ကူးမှုအဆိုးဝါးဆုံး ဖြစ်နေတဲ့ မြန်မာအစိုးရအနေနဲ့ နမူနာယူဖို့ကောင်းပါတယ်"ဟုပြောသည်။

          ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့သည် MAT အဖွဲ့သည်ထိုင်း အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ် တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့် ၂၀၁၅ခုနှစ်တွင် ၂၃ ကြိမ် ကယ်တင်မှုတွင် ၁၇၄ ဦးတို့ အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း ၁၀ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။  

     ၂၀၁၆  ခုနှစ်တွင် ၈ လအတွင်း လူကုန်ကူးမှု ၂၄ကြိမ် နှိမ်နင်းရာတွင် လူကုန်ကူးခံရသူပေါင်း ၃၂၁ ဦးရှိနေ ပြီဖြစ်သဖြင့် ယခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း မြန်မာများလူကုန်ကူးခံရမှုပိုမို များပြားနေကြော င်း ပြောနိုင်ပါသည်။


10 September 2016

"ပေါင်းစားကြတဲ့ ရာဇ၀င်"

" တိုင်ပြည်နဲ့အလုပ်သမားအကျိုးရှေ့ရှု၍အထောက်အထားများကို ရွှေလုပ်သားမှ တင်ပြခြင်းဖြစ်ပါတယ်"


"ဖမ်းဆီးခံမြန်မာအလုပ်သမား၅ဦးကို MATကူညီ"





၂၀၁၆  စက်တင်ဘာ ၁၀
ဆန်းဦး

    ကန်ချနဘူရီခရိုင်၊ ထမကာမြို့နယ်၊ ဆန်နခေါ့နယ်မြေ ခွန်မော်ပြောင်းဖူးရုံ မှ မြန်မာအလုပ် သမား ၅ဦး တို့ကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခံထား ခဲ့ရသည်ကို MAT အဖွဲ့ကလွတ်မြောက်   အောင် ကူညီပေးခဲ့သည်။

         ယမန်နေ့ နံနက်က ထိုင်းအာဏာပိုင်များက နေထိုင်အလုပ် လုပ်ကိုင်ခွင့်မရှိဟုဆိုကာ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အလုပ်သမားများ၏ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်များ ကို ပွဲစားက သိမ်းဆည်းထားခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်များကို MAT ရုံးတာဝန်ခံ ကိုစိုင်းအေးက ရှင်းလင်းပြောပြ၍ အကူညီတောင်းခံခဲ့သဖြင့် လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။ 

အလုပ်သမား မောင်နိုင် က"ထိုင်းပွဲစားတစ်ယောက်က အလုပ်သွင်းပေးတယ်။ တစ်လကို ဘတ်တစ်ထောင် စီ ယူတယ်။ ကျနော်တို့ကပြောတယ်။ အလုပ်စမတ်ခ ဘတ်နှစ်ထောင်ရင်လည်းနှစ်ထောင်ယူပါဆိုတော့ ပွဲစားကလက်မခံဘူး။ ကျနော်တို့လုပ်နေသမျှ လတိုင်း တစ်ယောက်ကို ဘတ်တစ်ထောင်စီဖြတ်ယူမယ်။ ဘတ်ကို လည်းသိမ်းထားတယ်။ မကျေနပ်ရင်ကြိုက်တဲ့နေရာသွားတိုင်လို့ပြောတယ်။ MAT အဖွဲ့ကို အကူ ညီတောင်းတော့ အခု ဘတ်လည်းပြန်ရပါပြီ၊ ကျေးဇူးတင်ပါတယ်" ဟုပြောသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ မောင်နိုင်၊ လေးနိုင်၊ သန်းနိုင်၊ မစုစုမွန်၊ မနှင်းအိလွင် တို့ ဖြစ်ပါသည်။
MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး က "ကျနော်က ဒီအလုပ်သမားတွေကို ထမကာ ဆ၀ါဒီကန်ကို သွားခိုင်း တယ်။ ဆ၀ါဒီကန်က သွားဖို့ လာဖို့ စာရွက်လုပ်ပေးလိုက်တယ်။ ပြန်လာတော့ လမ်းမှာထိုင်းအာဏာ ပိုင်ေ တွ ဖမ်းတာကိုခံခဲ့ရတာပါ။ ကျနော်တို့ အချိန်မီလိုက်လို့ ကံကောင်းသွားတာပါ။ မဟုတ်ရင် အလုပ်သမားေ တွ ထောင်ကျမယ်။ နယ်စပ်ပြန်ပို့ခံရမယ်။ ခုတော့ သူတို့ ပတ်စပို့ပါရသွားပြီ" ဟုပြောသည်။