08 February 2016

မဟာချိုင်ပုလိပ်ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား နှစ်ဦးကို MAT ကယ်ထုတ်”


 
8.2.2016 | မဟာချိုင်
စောမောင်

ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရဲစခန်းတွင် ဖမ်းဆီးခံထားရသော ပတ်စပို့ရှိသည့် မြန်မာ အလုပ်သမား တစ်ဦးနှင့် နယ်ကျော်ဝင်ရောက်လာသော မြန်မာလုပ်သားတစ်ဦးတို့ကို MATအဖွဲ့က ရဲစခန်းမှ ကယ်ဆယ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

စမူပါကန်ခရိုင် ဘန်ဖီမြို့တွင် နေထိုင်သော ပန်းရောင်ဘတ်ကိုင်ဆောင် ထားသည့် အသက် ၂၆နှစ် အရွယ် မောင်စိုးပိုင်မှာ မဟာချိုင်မြို့၊ ဝပ်ကေသွန် ဘုန်းကြီးကျောင်းအနီး နေထိုင်သော ဆွေမျိုးတစ်ဦး၏ ကလေးမွေးနေ့သို့ လာရောက်ပြီး ဘန်ဖီမြို့သို့ ပြန်ရန် သူငယ်ချင်းဖြစ်သူ အသက် ၃၁နှစ် အရွယ် ကိုထွန်းဇော်အောင်နှင့်အတူ ကားစောင့်နေစဉ် မဟာချိုင်ပုလိပ်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း MATအဖွဲ့ထံမှ သိရှိရသည်။

ပက်စပိုစ့်နှင့် စာရွက်စာတမ်းအပြည့်စုံရှိသော ကိုထွန်းဇော်အောင်နှင့် မောင်စိုးပိုင်တို့ကို ရဲစခန်းသို့ ဖမ်းဆီးသွားပြီးနောက် တစ်ဦးလျှင် ဘတ်တစ်သောင်းပေးရန် တောင်းခံသဖြင့် ငွေတောင်းခံရသူများက MATအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ကာ အကူညီတောင်းခံခဲ့ခြင်း ဖြစ်သည်။
 

04 February 2016

“မဟာချိုင်ပုလိပ်ရုံးဖမ်းစားမှုအခြေနေပိုဆိုးလာ”

                                       
      ၂၀၁၆ ဖေဖေါ်ဝါရီလ ၃ ရက်

ရွှေလုပ်သား

            ဖမ်းမိလာသည့်မိဘများတွင် ပတ်စပို့နှင့်ဝတ်ပါမစ်အပြည့်အစုံရှိသော်လည်း ၁နှစ်အရွယ် ကလေ အား အထောက်အထားမရှိ၍ ဟုဆိုကာ ဘတ်ငွေ ၅,၀၀၀ ပေးရကြောင်း ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက MAT အဖွဲ့သို့ပြောသည်။

       ယနေ့နံနက်က ညီမဖြစ်သူအတွက် အလုပ်ရှာပေးရန်ထွက်လာသည့် မသဲစုမွန်တို့ အား မဟာချိုင်ရဲက ဖမ်းဆီးပြီး ရဲစခန်းအောက်ထပ်အချုပ်ခန်းတွင်ထည့်ထားခဲ့သည်။ မဟာချိုင်ရဲစခန်းမြန်မာဘာသာပြန်က ဘတ်ငွေ ၈,၅၀၀ ပေးရမည်ဟုပြောသဖြင့် မသဲစုမွန်က MAT အဖွဲ့သို့ဆက်သွယ်အကူညီတောင်းခံလာခဲ့ သဖြင့် ဘာသာပြန်အား ပြန်လွှတ်ပေးရန် ပြောဆိုခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပါသည်။

 ပြန်လည် လွတ်မြောက်လာသူ မသဲစုမွန် က “ဘာသာပြန်ဗမာလူမျိုးက ထိုင်းပုလိပ်ထက်ယုတ်ကမ်းတယ် ဦးလေး။ သမီးတို့ကို ကူညီပေးတဲ့အတွက် ရှိခိုးကန်တော့ပါတယ်။ သမီးတို့ရှေ့မှာ မိသားစု ၃ယောက်ဖမ်းလာတာ မိဘမှာ ပတ်စပို့နဲ့ဝတ်ပါမစ်ရှိပေမယ့် ၁နှစ်အရွယ် ကလေးမှာ ဘာမှ မရှိဘူးဆိုပြီး အဲဒီဘာသာပြန်ကဘတ် ၅,၀၀၀ တောင်းတယ်။ တစ်သုတ်ပြီးတစ်သုတ်ဖမ်းလာတယ်။ ငွေတောင်းတယ် ပြန်လွှတ်တယ်ဦးလေး မြန်မာအလုပ် သမားတွေကိုသက်သက်အနိုင်ကျင့်နေတာ” ဟုပြောသည်။

           MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“မဟာချိုင်နဲ့မဲဆောက်ရဲတွေက တရားဝင်မြန်မာအလုပ် သမားတွေကို နေ့တိုင်းဖမ်းစားနေတာကို ကျနော် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကို အစည်းဝေးမှာတင်ပြခဲ့တယ်။ ဒီဖြစ်စဉ်တွေဟာ နှစ်ပေါင်းများစွာ ဖမ်းစားနေတဲ့ကိစ္စဖြစ်တယ်။ မြန်မာအစိုးရ အဆက်ဆက် အလေးနက်ထားပြီး မြန်မာအလုပ်သမားတွေဘက်က မရပ်တည်ပေးခဲ့လို့ဖြစ်တယ်။ အခုအသစ် တက်လာမယ့် NLD အစိုး ရ သစ်က ထိုင်းရောက်အလုပ်သမားကိစ္စ၊ အထူးသဖြင့် ဒီလိုမတရားအဖမ်းခံနေရတဲ့ကိစ္စကို အမြန်ဆုံလာရောက်ပြီးတော့ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက်အရေးယူမှအဆင်ပြေပါမယ်”ဟုပြော သည်။

    မြန်မာနိုင်ငံသို့ ငွေပြန်ပို့နေကြသည့် သန်းပေါင်းများစွာသော မြန်မာအလုပ်သမားထုကြီးအား မြန်မာ အစိုးရသစ်အနေဖြင့် သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် မျက်ခြည်မပြတ် စီမံခန့်ခွဲနိုင်မှ မြန်မာများသာသက် ရာရရှိနိုင်မည်ဖြစ်ကြောင်း ဦးကျော်သောင်း ကဆက်လက်ပြောဆိုသည်။ 

03 February 2016

“လူကုန်ကူးသူစွန့်ပစ်ခဲ့သူ၂ဦးအားMAT ကူညီ”

   
၂၀၁၆ ဖေဖေါ်ဝါရီ ၃ ရက်

မင်းဘခက်

             မဲဆောက်မှ ဘန်ကောက်သို့တင်ဆောင်လာသည့် မြန်မာအလုပ်သမား၂ဦးအား ဘန်ကောက်မြို့ဘန်နာအရောက်တွင် စွန့်ပစ်ထားခဲ့သဖြင့် MAT အဖွဲ့က ကယ်တင်ထားနိုင်လိုက်သည်။
   
            ၁.၂.၂၀၁၆ နေ့ည၁၀နာရီခန့်က ဘန်နားလမ်းခွဲတွင် ပွဲစားက ချထားခဲ့သဖြင့် ကမ္ဘောဒီယားလူမျိုးမိန်းကလေး၂ဦးကတွေ့သဖြင့် စီယက်ဘန်နာရှေ့
တွင်ရှိသော ဈေးအတွင်းမှ မြန်မာအလုပ်သမား ကိုထွန်းထွန်းဝင်း ထံသို့အပ်နှံခဲ့သည်။ ၎င်းကMAT အဖွဲ့သို့ဆက်သွယ်အကူညီတောင်းလာခဲ့သဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT က ဆက်လက်ကူညီစောင့်ရှောက်ပေးထားသည်။

          ပွဲစားစွန့်ပစ်ခဲ့သူ ၂ဦးမှာ ပဲခူးတိုင်း ရေတာရှည်မြို့နုယ်ကျေးတန်ရွာမှ  အဖ ဦးညီအောင်+ဒေါ်ပွားစိန်၏ သား မောင်ထွန်းလွင်၊ တရွာတည်းနေ ဦမောင်မြင့်ဌေး+ဒေါ်မမတို့၏ သမီး မမြင့်မြင့်တို့ ဖြစ်ကြသည်။
     
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ဒီလင်မယားမှာ ကလေးတစ်ယောက်ရွာမှာရှိတယ်။ အလုပ်လုပ်ချင်သေးတယ်။လို့ပြောတယ်။ အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်နေပါတယ်။ စိတ်ကောင်းရှိတဲ့ ကမ္ဘောဒီယားလူမျိုးတွေ၊  စိတ်ကောင်းရှိတဲ့ မြန်မာအလုပ်သမားကိုထွန်းထွန်းဝင်း လို လူမျိုတွေနဲ့တွေ့လို့ပေါ့။ မဟုတ်ရင်သူတို့၂ယောက် ဘယ်မှာ ရောင်းစားခံရအုံးမလဲမတွေးရဲအောင်ပါပဲ” ဟုပြောသည်။

        ၎င်းတို့အား၁.၂.၂၀၁၆.ရက်နေ့က ကရင်ပြည်နယ် မြ၀တီမြို့မှ ပွဲစားတစ်ဦး က၎င်းတို့လင်မယားအား ကျပ်ငွေ သုံးသိန်းယူဆောင်ပြီး ထိုင်းနိုင်ငံဘန်
 ကောက်မြို့တွင်မှာ အလုပ်ရမည်ဟု ခေါ်ဆောင်လာခဲ့သည်။ဘန်ကောက် ကိုရောက်သည့်အခါ ဘတ်ငွေ ၂၅,၀၀၀ လုပ်ဆပ်ရမည်ဖြစ်သည်။ ၎င်းတို့နှင့်အတူ နောက်ထပ် ၁ဦးလည်းပါသည်ဟုဆိုသည်။

        အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေဆဲဖြစ်သော မြန်မာနိုငံမှ လူငယ်လူရွယ်များသည် ထိုင်းနိုင်ငံအတွင်းသို့ရသည့်နည်းလမ်းများဖြင့် နေ့စဉ် ထွက်ခွာနေကြသည်။ 

02 February 2016

“အလုပ်သမားများအနိုင်ကျင့်ခံနေရမှုကိုMAT ကကူညီနိုင်ခဲ့”

                
၂၀၁၆ ခု ဖေါ်ဖေါ်ဝါရီလ ၂ ရက်

စိုင်းလွမ်း

     ထိုင်းနိုင်ငံ မြောက်ပိုင်း နကပထုန်မြို့ တော်စုန်ကျေးရွာတွင်ရှိသော ပရိဘောက အလုပ်ရုံတွင် အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံနေရသည့် မြန်မာအလုပ်သမား၈၀ ကျော်တို့ပြဿ     နာအား မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့က ယနေ့ဖြေရှင်းပေးခဲ့သည်။

           အလုပ်သမားခေါင်းဆောင် ကိုတင်ထွန်းအောင် က “ အလုပ်သမားတွေကို တစ်ဝိ(၁၅ရက်)စာလုပ် အားခ လည်းထုတ်မပေးဘူး။ အလုပ်သမားတွေဆီက ပတ်စပို့၊၀တ်ပါမစ်နဲ့ဘတ်ကဒ်တွေ အကုန်သိမ်းထား တယ်။ ကျနော်တို့ကိုသက်သက်အနိုင်ကျင့်နေတာ။ အဲဒါကြောင့် အလုပ်ထွက်ကြမယ်ဆိုပြီး လုပ်ကြတာ။ MAT အဖွဲ့လာကူညီပေးလို့ အားလုံးအဆင်ပြေသွားပြီ၊ ပတ်စပို့တွေလည်းပြန်ရပါပြီ။ ကူညီပေးတာကျေးဇူး တင်ပါ တယ်”ဟုပြောသည်။

 အလုပ်သမတစ်ဦးအား ပရိဘောက အလုပ်မဟုတ်ပဲ အိမ်ဖေါ်အလုပ်ကိုခေါ်ခိုင်းသဖြင့် အလုပ်သမားများက မကျေနပ်ကြဟုလည်းဆိုသည်။ ကိုယ်တိုင်သွား  ရောက်ဖြေရှင်းပေးခဲ့သည့် MAT အဖွဲ့က ဆက်သွယ်ရေးအရာရှိ ကိုလွမ်းသူ က “အလုပ်ရုံက ထိုင်းတွေထွက်လာပြီး ကျနော်တို့ကားကိုဓါတ်ပုံတွေရိုက်ကြတယ်။ အယင်၂လ လောက်ကတစ်ခါ စူဖန်ဘူရီ ကြက်သားအလုပ်ရုံက MOU အလုပ်သမားပြဿ     နာရှင်းကြတုန်းကတစ်ခါ ကျနော့်ကားကို အခြစ်ခံရပြီ။ လုပ်အားခထုတ်မပေးချင်၊ ပတ်စပို့တွေကိုသိမ်းထားတယ်ဆိုတာ ကျနော်တို့ ပြောစရာမလိုပဲ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ကျနော်တို့သတင်းပို့ပေးတာနဲ့ဖြေရှင်းပေးတဲ့အနေအထား မျိုးဖြစ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ တရားဝင်အလုပ်သမားတွေဖြစ်နေလို့လေ” ဟုပြောသည်။


           ထိုင်းနိုင်ငံတွင်ပြဌာန်းထားသည့် အလုပ်သမားဥပဒေသည်  အခွင့်အရေးချိုးဖေါက်သည့် မည်သို့သော လုပ်ငန်းရှင်ကိုမှ အပြစ်ပေးအရေးယူခြင်းမျိုးမတွေ့ဖူးကြောင်းMAT အဖွဲ့က သုံးသပ်ပြောဆိုသည်။

"ဖူးခက်ငါးဖမ်းလှေဆိပ်အခန်းထဲတွင်ပိတ်လှောင်ခံနေရသည့်ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားသည့်မြန်မာ၃၂ဦးကိုကယ်ထုတ်မှု"




စက်မှုကုန်သည် အတွင်းရေးမှူးဦးအေးလွင် နဲ့ RFA အင်တာဗျူး.




01 February 2016

“အလုပ်သမားအရေးပြဿ နာများနဲ့မြန်မာနိုင်ငံ”

     ၁၊၂၊၂၀၁၆ နေ့ထုတ် မြန်မာပို့စ်ဂျာနယ်ပါ ဆောင်းပါးအား အွန်လိုင်းပရိတ်
သတ်များအတွက် ကူးယူဖေါ်ပြအပ်ပါတယ်။      
                             
             ကိုလိုနီနယ်ချဲ့အရင်းရှင်ကုမ္ပဏီတွေဟာ ရေနံမြေအလုပ်သမားတွေကို မတရားဖိနှိပ်ချုပ်ချယ်တာ ကြောင့်၊ ဆင်မလိုက်သင်္ဘောကျင်းက အလုပ်သမားတွေလည်းမတရားဖိနှိပ်ခံရမှုတွေကြောင့် အလုပ်သမားသပိတ်တွေပေါ် ပေါက်ခဲ့ရတယ်လို့ ကျောင်းစာတွေမှာ ငယ်ငယ်တုန်းကသင်ခဲ့ဖူးတယ်။ လက်ရှိ မြန်မာပြည်ကို မြန်မာအစိုးရ အုပ်ချုပ်နေလျှက် ဘာကြောင့်အလုပ်သမားဆန္ဒပြမှုတွေ နေ့တဓူဝဖြစ်နေရတာလဲ။ ဟိုတယ်အလုပ်သမား စက်ရုံအလုပ်သမား၊ ကုမ္ပဏီအလုပ်သမား စုံလို့စုံလို့။ ရဲတွေအသွင်းယူပျော်ပါးလို့ဖမ်းဆီးခံရတာပါ လုပ်အားခမရလိုက်ဘူးဆိုပြီး ပြည့်တန်ဆာတွေများ ဆန္ဒပြကြလာကြရင်ခက်ရချီရဲ့။

           တိုင်းပြည်တစ်ခုထူထောင်ရေးမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျမ္မာရေး၊ ရေ၊ မီးတွေကို သေသေချာချာ စီမံမှုဟာ အခြေခံအဓိကအကျဆုံးပင်မကြောရိုးဖြစ်တယ်။ ထို့အတူ တိုင်းပြည်ရဲ့အဓိက အရင်းအမြစ်ဖြစ်တဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေးကိစ္စတို့ကို စနစ်တကျ အကောင်အထည်မဖေါ်နိုင်တဲ့အစိုးရတစ်ရပ်ဟာ ကမ္ဘာပေါ်က အဆင့်အမြင့်ဆုံးတက္ကသိုလ်ကြီးတွေက စာရွက်ဘွဲ့လက်မှတ်ပေါင်း တစ်ရာရစေအုံးတော့ အဲဒီတိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုဆိုတာလုံးဝမဖြစ်ပါ။

            အရပ်ဝတ် သမ္မတအနားမှာအကြံပေး ဒေါက်တာကြီးတွေရှိလျှက်နဲ့ ဖါးကန့်ကတောင် အလုံး၆၀၀ ပျောက်ပြီး လကမ္ဘာ မျက်နှာပြင်နဲ့ ဂျိုင်းဝန်းဖြစ်သွားတာလည်းလက်တွေ့ပါ။ နိုင်ငံခြားကဘွဲ့ရ ပြည်တော်ပြန် ဒေါက်တာတွေ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်လို့မအောင်မြင်တာ အနီးစပ်ဆုံးဥပမာပါ။

                              “မယောင်ရာဆီလူးကြတုန်း”         
           မြန်မာနိုင်ငံမှာ အရပ်ဝတ်အစိုးရလက်ထက် ၅နှစ်ကာလမှာ မြန်မာအလုပ်သမားဝန်ကြီးဌာဟာ အခြေခံအလုပ်သမားလစာကိုအလုပ်ရှင်ရောအလုပ်သမားပါ ကျေနပ်လောက်တဲ့အနေအထားမသတ်မှတ်နိုင်ခဲ့ဘူး။ အလုပ်သမား တစ်ယောက်ရဲ့တစ်နေ့ကုန်ကျစရိတ်ကိုတောင်မှ သုတေသနလုပ်တယ်ဆိုပြီး နှစ်ချီကြာမြင့်ခဲ့တယ်။ အပြောကတော့ရွှေမန်း က,တော့ချိုမိုင်မိုင်ထက်ပိုမလာ။ ကမ္ဘာအလုပ်သမားနေ့ မြန်မာ့အလုပ်သမားနေ့တွေမှာ ရွှေပြည်သာစက်မှုဇုန်မှာ အလုပ်သမားတွေနဲ့ ကြမ်းခင်းတစ်ခုတည်းထိုင်းပြီး ပြပွဲလုပ်တာ မြန်မာအလုပ်သမားဝန်ကြီးဌာနအတွက် အကြီးဆုံးစွမ်းဆောင်မှုလို့ ထင်ကြတုန်းပဲရှိသေးတယ်။

          အလုပ်သမားတွေ အလုပ်ရုံးသို့အသွားအပြန်ဖယ်ရီကားစီစဉ်ပေးခြင်း၊ ကျမ္မာရေးအတွက်လုံလောက်တဲ့ ဆေးပေးခန်းတွေဖွင့်ထားပေးခြင်း၊ စက်ရုံအနီးအနားမှာ အလုပ်သမားတွေနေဖို့အခန်းတွေ၊ အလုပ်သမားတွေဈေးသက်သာစွာနဲ့ ထမင်းစားလို့ရအောင် ဖန်တီးပေးထားခြင်းမျိုးဟာ မရှိမဖြစ်လိုအပ်ချက်ပါတယ်။

            အလုပ်ရှင်နဲ့ အလုပ်သမားဟာ အပြန်အလှန်အကျိုးပြုမှု လုံးဝဖြစ်နေစေရပါမယ်။ အလုပ်သမားတွေ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သလို အလုပ်ရုံဘေးအန္တရာယ်မဖြစ်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားမှုမျိုးရှိရပါမယ်။ အလုပ်ရုံအတွက် လိုအပ်တဲ့လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေးကို အစိုးရက အကောင်းဆုံးဖြစ်အောင် စီမံပေးထားရပါမယ်။

        လုပ်အားခလျှော့ပေး၊ အလုပ်သမားတွေကဆန္ဒပြတော့ အလုပ်ရှင်တွေကအလုပ်ထုတ်၊ ပြဿ     နာအကြောင်းရင်းကိုရှာပြီး အလုပ်သမားဝန်ကြီးဌာနက နေ့ချင်းပေါက် ဖြေရှင်းပေးနိုင်ဖို့လိုအပ်ပါတယ်။ ကြားပွဲစားအလုပ်ဟာ အလုပ်သမားဝန်ကြီးဌာနမဟုတ်ဘူး။ ပေါ်လစီချမှတ်အုပ်ချုပ်ရမယ့်ဌာနသာဖြစ်ရပါမယ်။ မူဝါဒကောင်းမွန်အောင် ပြင်ဆင်ထားနိုင်ရပါမယ်။ ယခုသာမက နောင်၁၀နှစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အလုပ်သမားပြဿ     နာတွေကအစ၊ကောင်းကျိုးဆိုးကျိုးတွေကအဆုံး ကြိုတင်မျှော်မှန်းတွက်ချက်ထားနိုင်ပြီး စီမံကိန်ချမှတ် အကောင်အထည် ဖေါ်တတ်ဖို့လိုပါမယ်။

          အလုပ်ရုံလည်ပတ်လာတာနဲ့အမျှ လုပ်ငန်းရှင်လည်း အောင်မြင်လာခဲ့သလို အလုပ်သမားတွေရဲ့နောင်ရေးဟာလည်း သာယာစိုးပြေနေရပါမယ်။ အလားတူနိုင်ငံတော်လည်း တိုးတက်လာရပါမယ်။ အရည်ချင်းပြည့် မီစွာ စီမံခန့်ခွဲနိုင်စွမ်းရှိတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ဘ၀တွေဟာလည်းအေးချမ်းနေရပါမယ်။ အလုပ်သမားကိစ္စနဲ့ လယ်သမားကိစ္စကို ပြေလည်တိုးတက်အောင် ဦးဆောင်နိုင်မယ့်အစိုးရဖြစ်မှ မြန်မာပြည်တိုးတက်မှာဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနဟာ နိုင်ငံခြားကိုလူပို့တဲ့ အေဂျင်စီပွဲစားတွေနဲ့ ဂွင်ရိုက်ဖို့လောက်သာစဉ်းစားလို့ကတော့ ကျွန်ပို့စားတဲ့ဝန်ကြီးဌာနတစ်ခုအဖြစ်တည်ရှိနေအုံးမှာဖြစ်ပါတယ်။

         “ONE STOP SERVICE နေ့ချင်းပေါက်အပြီးလုပ်တဲ့အလေ့ကျင့်”
      ပြဿ     နာတစ်ခုခုပေါ်လာတိုင်း ချက်ချင်း သို့မဟုတ် တစ်နေ့တည်းမှာ ပြီး အောင်ရှင်းပေးနိုင်မှ တိုင်းပြည်တိုးတက်လာမှာဖြစ်ပါတယ်။ ဒီနေ့အလုပ်ကိုဒီနေ့မပြီးလိုက်ရင်နောက်နေ့မှာ အခြားအလုပ်နဲ့တိုက်ဆိုင်လာတော့မှာ မြေကြီးလက်ခပ်မလွဲပါဘူး။ ဒီအလေ့အကျင့်ကောင်းကို တန်ဖိုးထားပြီးလေးစားလိုက်နာမကျင့်သုံးခဲ့ကြလို့ မြန်မာဝန်ထမ်းတွေဟာ ငွေသာရှာပြီး အလုပ်မလုပ်ကြဘူးလို့ နိုင်ငံတကာရင်း နှီးမြုပ်နှံသူအချို့ကဝေဖန်နေကြတာပါ။ အလုပ်မလုပ်တဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ တိုးတက်တဲ့တိုင်းပြည်ကို တည်ဆောက်၍ မဖြစ်နိုင်ပါ။

        နိုင်ငံဝန်ထမ်းလုပ်ကြမယ့်သူတွေဟာ နယ်မြေရဲစခန်းက အကျင့်စာရိတ္တ  ကောင်းမွန်ကြောင်း ထောက်ခံစာနဲ့ ဘယ်ဌာနက အောက်ဆိုဒ်များများရတယ်ဆိုတဲ့နောက်ကိုပဲ လိုက်ခဲ့ကြတာပါ။ အလုပ်တာဝန်တစ်ခုကို ဘယ်လောက်အထိကျွမ်းကျင်သလဲဆိုတဲ့စံသတ်မှတ်ချက်မရှိသလို ဘယ်လိုပြီးစီးအောင်လုပ်မလဲဆိုတဲ့ စေတနာထားခဲ့ကြသူလည်းနည်းပါတယ်။ မိုးကျရွှေကိုယ်လို့ ခေါ်တဲ့ စစ်တပ်ကလာတဲ့ အုပ်ချုပ်သူတွေဟာ ဌာနေကျွမ်း ကျင်သူတွေကို အမိန့်ပေးအုပ်ချုပ်ပြီး လုပ်ကိုင်ခွင့်ကိုအသုံးချကာ မိမိချမ်းသာရေးအတွက် ဆရာမွေး၊ တပည့်မွေးပြီး ကိုယ်ကျိုးရှာခဲ့ကြတယ်ဆိုတာ လက်ရှိအခြေအနေတွေကသက်သေပြနေပြီး ဖြစ်ပါတယ်။

           နေ့ချင်းပြီးစီးအောင်လုပ်ဖို့ဆိုတဲ့နေရာမှာလည်း ရာထူးအဆင့်အတိုင်း ပြီးပြတ်အောင်လုပ်ဆောင်နိုင် စွမ်းရှိရမှာဖြစ်သလို မိမိတာဝန်ကို မိမိကျေပွန်အောင်လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုထားကြဖို့လိုပါတယ်။ အပေါ်ကိုတင်ပြ၊ အပေါ်ကခိုင်းမှ လုပ်ရတဲ့ ၀န်ထမ်းယန္တရားရှိနေသမျှ နေ့ချင်းပေါက်ပြီးစီးအောင်လုပ်တဲ့ဌာန ဆိုတာဖြစ်ဖို့ခဲယဉ်းနေပါအုံးမယ်။

                              “နမူနာကောင်းကိုယူသင့်တယ်”
        မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါဆိုတာ မြန်မာတွေနဲ့ ရင်းနှီးတဲ့စကားပုံဖြစ်ပါတယ်။ အလားတူပဲ ရသေ့ အနားကိုရောက်သွားတဲ့ ကျီးနဲ့ ခိုးသားဓါးပြအနားကိုရောက်သွားတဲ့ ကျီးညီနောင်ရဲ့ပုံပြင်ဟာလည်း မြန်မာတွေအတွက် စံထားဥပမာပဲဖြစ်ပါတယ်။ အဝေးမကြည့်နဲ့ အိမ်နီးချင်း ထိုင်းကိုကြည့်၊ ဒါမှမဟုတ် မြန်မာတွေသွား ရောက်လုပ်ကိုင်နေကြတဲ့ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူ၊ သူတို့တိုင်းပြည်မှာ အလုပ်သမားတွေ ဘယ်လိုလုပ်ရလဲ။ ဘယ်လောက်ရကြလဲ။ အလုပ်သမားတွေကို အဲဒီနိုင်ငံအစိုးရ ဘယ်လိုစီမံခန့်ခွဲသလဲ။ လေ့လာဖို့မခဲယဉ်းပါဘူး။ ဆက်သွယ်ရေးဂြိုဟ်တု တီထွင်ဖို့ ကြံစည်ရတာမှမဟုတ်တာ။ အလုပ်သမားလူတန်းစားအတွက် ဥပဒေသတွေ နည်းစနစ်တွေကို လိုတာယူပြီး ပိုတာဖယ်ထုတ်ကျင့်သုံးဖို့ပါ။

    “ပြည်ပရင်းနှီးမြုပ်နှံမှုဟာ အလုပ်သမားအခြေနေနဲ့တိုက်ရိုက်ပတ်သက်”
          ပြည်ပကရင်းနှီးမြုပ်နှံဖို့လာမယ့်သူတွေဟာ၊ အဲဒီနိုင်ငံရဲနိုင်ငံရေးအခြေအနေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး။ ပြည်ပရင်းနှီးမြုပ်နှံမှုဥပဒေ (ဘယ်လောက်ခိုင်မာမှုရှိသလဲ) ကျွမ်းကျင်လုပ်သားရှိမှု၊ ဘဏ်စနစ်၊ စတဲ့ အခြေခံအကြောင်းတရားတွေအပေါ်မှာ မူတည်ဆုံးဖြတ်လေ့ရှိပါတယ်။ ဒါတွေ ကောင်မွန်မှုမရှိရင် သူတို့ရင်းနှီး မြုပ်နှံမှုအတွက် နောက်တွန့်နေမှာဖြစ်ပါတယ်။

                 “ဘာကိုလုပ်လုပ် အခြေခံကစပြီးစနစ်တကျလုပ်ပါ”
            အာဏာရှင်တစ်ဦး၊တစ်ဖွဲ့အပေါ်ဗဟိုပြုပြီး ကိုယ်ကျိုးရှာအုပ်စုဖွဲ့ ပြည်သူကိုနှိပ်ကွပ်တဲ့စစ်အစိုးရ လက်အောက်မှာ နှစ်ပေါင်းငါးဆယ်ကျော် နေလာခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဘယ်အရာမှ စနစ်တကျတည်ဆောက်လာခဲ့တာမရှိပါဘူး။ လက်ရှိရောက်နေတဲ့ အဆင့်အတန်းဟာ အယင်တုန်းက ဘယ်လိုကြံရွယ်ခဲ့သလဲဆိုတဲ့ အဖြေလို့ ပညာရှိတွေပြောကြတယ်။ သယံဇာတပေါကြွယ်ဝတဲ့တိုင်းပြည်ဆင်းရဲပြီး အုပ်ချုပ်သူချမ်းသာသွားခဲ့တဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အဖြေပဲဖြစ်တယ်။ အဲဒါကြောင့် အဟောင်းတွေပစ် အသစ်တွေနဲ့ တည်ဆောက် ကြတော့မယ် မြန်မာနိုင်ငံမှာ အခြေခံကို ၀,လုံးကလေးက စကြရပါမယ်။

         ပြဿ     နာတစ်ခုကို တစ်ပွဲပြန်၊ တစ်နပ်စားအကြံဉာဏ်နဲ့ စာရွက်ပေါ်မှာ အားလုံးကောင်းပါသည်ခင်ဗျားလို့ လုပ်မယ့်စိတ်ကူးမျိုးနဲ့တော့ အလုပ်သမားပြဿနာပြေလည်နိုင်ဖွယ်ရာမရှိပါ။

                           “တိုင်းပြည်ကိုဘယ်ကစမလဲ”
          အဆောက်အဦးတစ်ခုဆောက်တော့မယ်ဆိုရင် မြေညှိ၊ သောက်သုံးရေး၊ လျှပ်စစ်၊ ရေဆိုးထုတ်မြောင်း၊ မိလ္လာစနစ်၊ အမှိုက်ပစ်စနစ်၊ အ၀င်အထွက်လမ်း မီးဘေးအန္တရာယ်စတဲ့ အခြေခံတွက်ချက်တည်ဆောက်မှုက စတင်ကြရတာပါ။ ပြီးမှ ဒီနေရာမှာ နေထိုင်မယ့် လူဦးရေအချိုးအစားအလိုက်၊ ကစားကွင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူအိုရုံ၊ ဘုန်းကြီးကျောင်း၊ ရဲစခန်း လူမှုရေး အဆောက်အဦး၊ စသည်ဖြင့် လုပ်ကြရပါမယ်။

           တိုင်းပြည်အသစ်ထူထောင်ရမယ့်အစိုးရအနေနဲ့ လယ်သမား၇၀ ရာခိုင်နုန်းကျော်ရှိတဲ့ စိုက်ပျိုးရေးနိုင်ငံဖြစ်တာကြောင့် “ကျေးရွာအရောက် လမ်းဖေါက်ပေးပါ၊ စိုက်ပျိုးရေရအောင်လုပ်ပေးပါ၊ မီးရအောင်လုပ်ပေးပါ” ကျန်တာတွေကို တိုးတက်မှုကိုဆာလောင်မွတ်သိပ်နေကြတဲ့မြန်မာတွေနဲ့ ပြည်ပကမြန်မာ၅သန်း နည်းပညာ တွေနဲ့ အတူဝင်လာကြပြီး လူတစ်ရစ်နတ်တရစ်အလား နေ့ရောညပါလုပ်ကိုင်သွားကြမယ်ဆိုတာ စောင့်ကြည့်နေစမ်းပါ။ 


                                  ထွန်းနေရောင်(စနဲ)

“NLD အစိုးရသစ်က သန်းချီတဲ့ရွှေ့ပြောင်းအလုပ်သမားအရေးအမြန်ဆောင်ရွက်သင့်”

           
       
           MOU နဲ့ပို့တဲ့အလုပ်သမားတွေ ပြည့်တန်ဆာရုံရောက်၊ ငါးဖမ်းလှေတွေကိုရောက်၊ ထိုင်းထောင်ထဲ ကိုရောက်။ အလားတူ အခြားအလုပ်သမားတွေလည်း အကာအကွယ်မဲ့နေကြတယ်။ စာရွက်စာတမ်းအတုတွေ နဲ့ လူတွေပို့လို့အေဂျင်စီတွေချမ်းသာသွားခဲ့ကြပေမယ့်အလုပ်သမားတွေ ဘ၀ပျက်သွားခဲ့ကြရတယ်။ ၆နှစ်ပြည့် သက်တမ်းကုန်နေတဲ့ ပတ်စပို့နဲ့အလုပ်သမားရှစ်သိန်းလောက်ကို MOU လူကုန်ကူးနေကြတဲ့ ပွဲစားအေဂျင်စီ လက်ထဲကို ၀ကွက်အပ်နေကြပြီ။ အစိုးရက ပွဲစားကိုအပ်ရတယ်လို့ဗျာ။ လူကြားလို့ ကောင်းသေးရဲ့လား။

        အယင်အစိုးရ လက်ထက်တုန်းက တတ်သယောင်သိသယောင်လုပ်၊ အလုပ်သမားတွေကိုဥပက္ခပြုပြီး ငွေဘက်ကိုမျက်နှာမူခဲ့ကြတယ်။ ခရမ်းရောင်ပတ်စပို့ဆိုတာတောင်ထွင်ပြီးလုပ်စားသွားကြတယ်။ မြန်မာအလုပ်သမားတွေ ခါးစည်းပြီးခံနေခဲ့ကြတာကြာခဲ့ပြီ။ ဒါတွေကို ဒီနေ့ အသစ်စက်စက် NLDလွှတ် တော် ကိုယ်စားလှယ်တွေ သိဖို့လိုပါတယ်။

 “လွှတ်တော်ထဲခွပ်ဒေါင်းတွေဝင်တာကို တမလွန်ကသူတွေမမြင်ရတော့ဘူး”
        DVB သတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ပေးတာကြောင့် လွှတ်တော်ကိုမြင်တွေ့ရတယ်။ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဘဘဦးဝင်းတင် နဲ့ အခြား သော ပေးဆပ်ခဲ့သူတွေကိုမြင်စေချင်လိုက်တာ။ မြင်မသွားခဲ့ကြရချာဘူး။ တမလွန်က သာဓုခေါ်ကြပါတော့ဗျာ။

        တသက်မှာကြုံရဖွယ်မရှိ မျှော်လင့်ချက်မရှိဘူးလို့ထင်ခဲ့ကြတဲ့ အာဏာအပြောင်းအလဲ မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ်ပေါ်ခဲ့ပြီဖြစ်တယ်။ ဒီအပြောင်းအလဲဖြစ်ဖို့အတွက် မြန်မာတွေဘ၀တွေအများကြီးပျက်ခဲ့ကြရတယ်။ အသက်တွေအများကြီးပေးဆပ်ခဲ့ရတယ်။ ထောင်တွေကျပြီး နှိပ်စက်ညှဉ်းပန်းမှုတွေ အများကြီးခံခဲ့ကြရတယ်။ လက်ရှိလည်းပေးဆပ်နေကြဆဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကနေ အပြောင်းအလဲပါ။ ကြီးစွာသော အပြောင်း အလဲပါ။ ဒီနေ့မင်္ဂလာအပြောင်းအလဲကြီးခင်ဗျား။

         စစ်အာဏာရှင်တွေကြောင့် တစ်မျိုးလုံးတစ်ဆွေလုံး သေဆုံးခဲ့ရတာထောင်ချခံရတာတွေ၊ ပညာသင်ခွင့်မရတဲ့သူတွေအမြောက်အမြားရှိပါတယ်။ ယုံကြည်မှုကြောင့် မွဲပြာကျသွားပြီး စားရမယ့်သောက်ရမဲ့ဖြစ်သွားကြရတဲ့သူတွေဆို ရေတွက်မကုန်အောင်ရှိပါတယ်။ စစ်အာဏာရှင်ကို တော်လှန်သူတွေကို ဖမ်းဆီးထောင်ချတဲ့အခါလည်း မိသားစုနဲ့ အဝေးဆုံးနေရာကို ပို့ဆောင်ပြီးတော့ မိသားစုတွေကို ဒုက္ခပေးခဲ့ကြတယ်။ တိုင်းပြည်ထဲမှာ ဘယ်လိုမှနေလို့မဖြစ်တော့တဲ့အတွက် အိမ်နီးခြင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေကို ရတဲ့နည်းလမ်းနဲ့ထွက်ခွာသွားခဲ့ကြရတယ်။

                                   “တာဝန်ကျေခဲ့ကြတယ်”
             ပြည်တွင်းမှာထောက်လှမ်းရေးခွေးသရမ်းတွေသောင်းကြမ်းလွန်းလို့ ညီအစ်ကိုချင်းတောင်မယုံရဲ ဖြစ်ကြရတယ်။ စကားကိုကျယ်ကျယ်မပြောရဲကြ။ ကိုယ့်အိမ်မှာအိပ်နေတာ ဘယ်အချိန်တံခါးခေါက်ပြီး လာဖမ်းမလဲလို့စိုးရိမ်ကြောင့်ကျများစွာနဲ့နေထိုင်ခဲ့ကြရတယ်။ အဲဒီအကျဉ်းအကြပ်ကာလတွေမှာ ပြည်ပကိုထွက်ခွာလာ ခဲ့ကြသူတွေဟာ နိုင်ရာဘက်က အပြောင်းအလဲအတွက် အားစိုက်ခဲ့ကြတယ်။ ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။

          “လုပ်စရာအများကြီးတွေထဲက ကျနော်တို့ကို အမြန်ဆုံးကူညီပါ”
          တိုင်းပြည်ကိုလက်ညှိုးထိုးရောင်းစားသွားခဲ့ကြပြီး စုတ်ပြတ်သတ်နေခဲ့တဲ့တိုင်းပြည်တစ်ခု၊ ကောင်ကွက်ရှာမရတဲ့စနစ်တစ်ခု အောက်က အသက်ပေးပြီး ရုန်းထွက်ပေါ်ပေါက်လာခဲ့တဲ့ NLD အစိုးရ ဒီကနေ့ကာလမှာ တရားဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကို  လက်ဝယ်ပိုင်ပိုင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဆိုခဲ့တဲ့အတိုင်း လုပ်စရာတွေအများကြီးဆိုတာ အားလုံးသိကြပါတယ်။ 

         ခေါင်းစဉ်တွေအမျိုးမျိုးနဲ့ ကျွမ်းကျင်သူတွေကအခြားကိစ္စရပ်တွေကို လုပ်ကိုင်ကြသလို အခု ထိုင်းနိုင်ငံမှာ အကာအကွယ်အရေးတကြီးလိုအပ်နေတဲ့ လေးငါးသန်းသော အလုပ်သမားတွေအတွက် အကူညီပေးဖို့ စီစဉ်ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလူတွေငွေပြန်ပို့နေကြလို့ အခြေခံလူတန်းစားတွေ ထမင်းစားနေကြရ၊ စာသင်နေကြရ၊ အလှူအတန်းတွေလုပ်နေကြရတာပါ။

          မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ (၁) Dirty ညစ်ပတ်တဲ့အလုပ်(၂) Dangerous အန္တ ရာယ်များတဲ့အလုပ် (၃)  Difficult ခက်ခဲပင်ပန်းတဲ့အလုပ် (၄) Demeaning ဂုဏ်သိက္ခာမဲ့တဲ့ အလုပ်တွေ ကိုလုပ်နေကြရတာပါ။ ဒီကြားထဲမှာ ထိုင်းပုလိပ်တွေဖမ်းစားတာကိုလည်းနေ့တိုင်းခံနေကြရတာပါ။ မြန်မာတစ်ယောက်ကို ကြက်ကလေးတစ်ကောင်လို သတ်ချင်သ လို သတ်ပစ်လို့ဘာမှမဖြစ်တဲ့အထိအကာ အကွယ်မဲ့တဲ့ဘ၀တွေပါ။

လောလောဆယ်အလျှင်အမြန်လုပ်သင့်တဲ့အလုပ်က…..............
(၁) မြန်မာအစိုးရထုတ်ပေးထားခဲ့တဲ့ ပတ်စပို့တွေသက်တမ်းကုန်တာကို MOU  ပွဲစားတွေနဲ့ ပြန်လုပ်ခိုင်းနေတာကိုရပ်ပါ။ (၂) နေစဉ်မြ၀တီမဲဆောက်ကနေရပ်ကိုပြန်နေတဲ့ တရားဝင်အလုပ်သမားတွေကို ထိုင်းရဲတွေ ငွေတောင်းစားနေ တာရပ်ပေးပါ။ (၃) တရားဝင်အလုပ်သမားတွေကို အကာအကွယ်အပြည့်အ၀  ပေးပါ။ (၄) အလုပ်သမားတွေကို ပွဲစားယန္တရားလက်ထဲက လွတ်တဲ့စီမံခန့်ခွဲမှုနဲ့အုပ်ချုပ်ပါ။ (၅) မြန်မာတွေလူကုန်ကူးကျွန်ပြုခံနေကြရတယ်။ လက်ရှိလူကုန်တား လုပ်နည်းလုပ်ဟန်ကို အားမနာတမ်းပြုပြင်ပေးပါ။ (၆) မှန်ကန်တဲ့အုပ်ချုပ်မှုကိုအလျှင်အမြန် စတင်ဆောင်ရွက်ပါ။

        မြန်မာတွေကိုအနိုင်ကျင့်ချင်တိုင်းကျင့်လို့မရဘူး။ တရားဝင်အလုပ်သမား တစ်ယောက်ကို တရားဝင်အခွင့်အရေးပေးကိုပေးရမယ်၊ တရားဥပဒေအတိုင်းအကာအကွယ်ရသင့်တယ်ဆိုတာကို NLD အစိုးရ အသစ်စက်စက်က စိန်ဗိုလ်တင့် လိုလက်သံပြောင်းစေချင်တယ်ဗျာ။ အမေစု ထိုင်းကိုလာခဲ့တုန်းကလို မြန်မာအလုပ်သမားတွေကို ကူညီပေးပါမယ်ဆိုတဲ့မွှေးမွှေးပေးတာလောက်နဲ့ပစ်မထားပါနဲ့တော့ဗျာ။

                                                          ကျော်သောင်း

"အရပ်သားအစိုးရပြည့်သူလွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ၏ ပထမဆုံးမိန့်ခွန်း"


"ပြည်သူ့လွှတ်တော်ဥက္ကဌအသစ် ဦးဝင်းမြင့်ရဲ့ ပထမဆုံးမိန့်ခွန်း"

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရပြီးနောက် အစည်းအဝေးခန်းမထဲမှ ပြန်လည်ထွက်ခွာလာသော ဦးဝင်းမြင့်အား ဖေဖော်ဝါရီ ၁ရက်က တွေ့ရစဉ်(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ) - 





ရွေးကောက်ခံအမတ်နေရာ ၃၂၃နေရာအနက် နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ NLDပါတီက အမတ်နေရာ ၂၅၅နေရာ နေရာရထားသည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းပထမနေ့အဖြစ် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်တွင် စတင်လိုက်သည်။ အစည်းအဝေး ပထမနေ့တွင်ပင် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများကို NLDပါတီက အဆိုပြုသူများဖြစ်သည့် ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဌ၊ ဦးတီခွန်မြတ်က ဒု-လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ အသစ်စက်စက်ဖြစ်လာသူ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၏ လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံအား ပြန်လည်ဖော်ပြလိုက်ပါသည်။
"ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များ၊ ဒီလွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးတဲ့အပြင် ကိုယ်စားလှယ်များ စာရေးသောက်ရေး၊ နေရေးထိုင်းရေး စီစဉ်ပေးတဲ့ သူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ဒီနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲများကျင်ပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဒုတိယအကြိမ်လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ပြည်သူများ လိုလားမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံသူ၊နိုင်ငံသားများက ၎င်းတို့ကိုယ်စား လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။  ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ မိမိတို့ရဲ့ အပြောအဆို အပြုအမူ အနေအထိုင်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ မိမိတို့ရဲ့ တွေးခေါ်ကြံဆပုံ၊  လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ဒီမိုကရေစီကျင့်စဉ်များ လူ့အခွင့်အရေးစံနှုန်းများကို ခံစားစံစားလိုကြတဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် စံနမူနာကောင်းတွေဖြစ်စေချင်ပါတယ်။
တစ်ဦးနဲ့တစ်ဦးသဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကို သယ်ပိုးကြစေလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရှင်သန်ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးများမြှင့်တင်နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ စသည်တို့ကို အတူတကွ လက်တွဲပူးပေါင်း အကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးကာ မိမိတို့ကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် မိမိတို့ရဲ့ဂုဏ်သိက္ခာကို မြင့်မားစေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီးရဲ့ ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီးတင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်။

နိုင်ငံတော်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်အနက် လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးဖြစ်ပါတယ်။ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနှင့်အညီ လွှတ်တော်ဆိုင်ရာ ဥပဒေနည်းဥပဒေ၊ စည်မျဉ်းစည်းကမ်းတို့ကို လေ့လာဖတ်ရှုပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များရဲ့ ဂုဏ်ရည်ကိုပြသစေလိုပါတယ်။

ဒါ့အပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီ၊ မညီ လူ့အခွင့်အရေးစံနှုန်းများနဲ့ ကိုက်၊ မကိုက် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ဆီလျော်မှုရှိ၊ မရှိ နိုင်ငံတကာ စာချုပ်၊ စာတမ်းများနဲ့အကျုံးဝင်၊ မ၀င် ပြည်သူလူထုအတွက် အကျိုးရှိ၊ မရှိ ပြည်သူလူထုရဲ့ ဘ၀လုံခြုံရေးနဲ့ စိတ်လုံခြုံရေးကို အကာအကွယ် ပေး၊ မပေးတို့ကို လေ့လာစီစစ်ကြပြီး ပြင်ဆင် ခြင်း ဖြည့်စွက်ခြင်း ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဌတာဝန်ကို ပေးအပ်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာဂုဏ်ယူကြောင်းပြောကြားလိုပြီးအဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းများပွင့်လန်းလာစေရန် နိုင်ငံသူနိုင်ငံသားများရဲ့ အခြေခံလူ့အခွင့်အရေးများပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဥာဏ်စမ်းရှိသမျှ ကြိုးပမ်းအားထုတ်မည်ဖြစ်ပါကြောင်း လေးနက်တည်ကြည်စွာ ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်"