08 February 2016

မဟာချိုင်ပုလိပ်ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား နှစ်ဦးကို MAT ကယ်ထုတ်”


 
8.2.2016 | မဟာချိုင်
စောမောင်

ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရဲစခန်းတွင် ဖမ်းဆီးခံထားရသော ပတ်စပို့ရှိသည့် မြန်မာ အလုပ်သမား တစ်ဦးနှင့် နယ်ကျော်ဝင်ရောက်လာသော မြန်မာလုပ်သားတစ်ဦးတို့ကို MATအဖွဲ့က ရဲစခန်းမှ ကယ်ဆယ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

စမူပါကန်ခရိုင် ဘန်ဖီမြို့တွင် နေထိုင်သော ပန်းရောင်ဘတ်ကိုင်ဆောင် ထားသည့် အသက် ၂၆နှစ် အရွယ် မောင်စိုးပိုင်မှာ မဟာချိုင်မြို့၊ ဝပ်ကေသွန် ဘုန်းကြီးကျောင်းအနီး နေထိုင်သော ဆွေမျိုးတစ်ဦး၏ ကလေးမွေးနေ့သို့ လာရောက်ပြီး ဘန်ဖီမြို့သို့ ပြန်ရန် သူငယ်ချင်းဖြစ်သူ အသက် ၃၁နှစ် အရွယ် ကိုထွန်းဇော်အောင်နှင့်အတူ ကားစောင့်နေစဉ် မဟာချိုင်ပုလိပ်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း MATအဖွဲ့ထံမှ သိရှိရသည်။

ပက်စပိုစ့်နှင့် စာရွက်စာတမ်းအပြည့်စုံရှိသော ကိုထွန်းဇော်အောင်နှင့် မောင်စိုးပိုင်တို့ကို ရဲစခန်းသို့ ဖမ်းဆီးသွားပြီးနောက် တစ်ဦးလျှင် ဘတ်တစ်သောင်းပေးရန် တောင်းခံသဖြင့် ငွေတောင်းခံရသူများက MATအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ကာ အကူညီတောင်းခံခဲ့ခြင်း ဖြစ်သည်။
 

မဟာချိုင်ဈေးနားမှာ ဘန်ဖီပြန်လိုက်ပို့ပေးဖို့ ကားစောင့်နေတုန်း ပုလိပ် ၂ယောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီး စာရွက်စာတမ်းတွေလာ စစ်ပြီး အဖမ်းခံရတာ၊ ကျနော်က ပက်စပိုစ့်ရှိတယ်လို့ ပြော တာလည်းမရဘူး၊နယ်မြေကျော်လာတဲ့ အလုပ်သမားတစ်ယောက်နဲ့ အတူတူလာလို့ ဆိုပြီး ဖမ်းတယ်”ဟု အဖမ်းခံခဲ့ရသော ကိုထွန်းဇော်အောင်က ပြောသည်။ 
 

ရဲစခန်းတွင် အဖမ်းခံရသူနှစ်ဦးအတွက် MATအဖွဲ့ဝင် ကိုစောမောင်က မဟာချိုင်ပုလိပ်ရုံသို့ သွားရောက်ကာ ဖြေရှင်းညှိနှိုင်းပေးခဲ့ရာ ပန်းရောင်ဘတ်ကိုင်ဆောင်သူ နယ်မြေကျော် အလုပ်သမားကို ဒဏ်ကြေးငွေ ၁၀၀ဝဘတ် ပေး ဆောင်းရန်သဘောတူညီချက်ဖြင့် ဖမ်းခံထားရသော မြန်မာ အလုပ်သမားနှစ်ဦး ပြန်လည်လွတ်မြောက် လာခဲ့သည်။

“ဒီလို ဖြစ်တာတွေက နှစ်ပေါင်းများစွာ ကြာနေပါပြီ၊ မြန်မာအစိုးရ အဆက်ဆက်က အလေးနက်ထားပြီး မြန်မာ အလုပ်သမားတွေဘက်က မရပ်တည်ပေးခဲ့လို့ပါ၊ အသစ် တက်လာမယ့် NLD အစိုး ရ သစ်က ထိုင်းရောက်အလုပ်သမားကိစ္စ၊ အထူးသဖြင့် မတရားအဖမ်းခံနေရတဲ့ကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ၊ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုပါတယ်၊ ဒါမှ ထိုင်းရောက်မြန်မာ အလုပ်သမားတွေအတွက် အဆင်ပြေမှာပါ” MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားသည်။