04 April 2017

“ကားတိုက်သေဆုံးသည့်အလုပ်သမားတစ်ဦးအတွက်နစ်နာကြေးဘတ်ငွေ၎သိန်းရရှိ”



             
၂၀၁၇  ဧပြီလ ၄ ရက်
ရွှေလုပ်သား

           ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဒေါန်စပ်မြို့နယ်၊ သစ်စက်တစ်ခုမှ ကားတိုက်သေဆုံးခဲ့ သည့် မြန်မာအလုပ်သမားတစ်ဦးအတွက် နစ်နာကြေး ဘတ်ငွေလေးသိန်းကို ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကူညီဆောင်ရွက်ပေးမှုဖြင့် ယနေ့ရရှိခဲ့ပြီးဖြစ်သည်။

           ၁.၁၂.၂၀၁၆ နေ့က သစ်တုံးထမ်းနေသည့် အလုပ်သမား ကိုဝင်းကြိုင်ဆိုသူအား သစ်တင်ကားေ နာက် ဆုတ်စဉ် မမျှော်လင့်ပဲ နင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ အသက် ၃၈ နှစ်အရွယ် ကိုဝင်းကြိုင်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဆွာမြို့မှဖြစ်ပါသည်။ 

       ယခုသေမှုသေခင်းကိစ္စအတွက် ဒေသအခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဥပဒေ အကြံပေး မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့် က  စိုက်လိုက်မတ်တတ်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ 

သေဆုံးသူတွင် ဇနီးဖြစ်သူ ဒေါ်ခင်အောင် ရှိသော်လည်း တရားဝင် အိမ်ထောင်စု မရှိခြင်းတို့ကြောင့် ဆွာမြို့မှ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည် အား ခေါ်ယူ၍ လိုအပ်သည့် စာရွက်စာတမ်းများကို MAT အဖွဲ့က မြန်မာအာဏာပိုင်များအကူညီဖြင့်ရယူခဲ့ပါသည်။

         သေဆုံးသူ၏ မိခင် ဒေါ်ဝင်းကြည် သည် သားဖြစ်သူနှင့် ၇နှစ်ခန့်ပေါင်းသင်းနေထိုင်ခဲ့သည့် ဒေါ်ခင်အောင် နှင့် သားသမီးမရှိ တရားဝင်လက်ထပ်စာချုပ်များမရှိသော်လည်းနစ်နာကြေးသုံးသိန်းခန့်ကို ပေးအပ်ခဲ့သည်မှာ အထူးလေးစားလောက်ပါသည်။

           လုပ်ငန်းလိုအပ်ချက်အရ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT နိုင် ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး ကစူရတ်ဌာနီ ရဲဌာနချုပ်သို့ သွားရောက်၍ ပူးပေါင်းဆောင် ရွက်ပေးခဲ့သည်။

ကိုစိုင်းအေး က“ အမှုလိုအပ်ချက်တွေကို ဦးအောင်မျိုးသန့် ကကြိုတင်ပြင်ဆင်ထားလို့ အချိန်တိုအတွင်းမှာ နစ်နာကြေးရရှိခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် သေမှုသေခင်းနစ်နာမှုတွေက ကြာတတ်ပါတယ်” ဟုပြောသည်။ 

          မြန်မာအလုပ်သမားပေါင်း လေးငါးသန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြသည့် ထိုင်းနိုင်ငံတွင် မကြာ ခဏဆိုသလို ကားတိုက်၊ လုပ်ငန်းခွင့်မတော်တဆသေဆုံးမှု၊ ဓါတ်လိုက်သေဆုံးမှု၊ ပစ်သတ်ခံရမှုနှင့် သတ်ဖြတ် ဖြတ်ခံရမှုများမကြာခဏဖြစ်ပေါ်လေ့ရှိပါသည်။ထို့အပြင်အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရမှု များနှင့် ခြေ လက်အင်္ဂါပျက်စီးမှုများလည်းအမြောက်အမြားရှိနေဆဲဖြစ်ပါသည်။

      လူထုရွေးချယ်တင်မြှောက်ထားသည့် တစ်နှစ်သား NLD အစိုးရ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သန်းချီ အလုပ်လုပ်နေကြသည့် ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် စနစ်ကျသော အစီအမံ တစ်စုံတစ်ရာမှ ယခုတိုင်မမြင်တွေ့ရသေးကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုလိုက်သည်။ 

             ဆယ်စုနှစ်ကျော်ကြာ ထိုင်းရောက်အလုပ်သမားများ၏ အရေးကိစ္စရပ်တို့ကို တတ်နိုင်သမျှ ကူညီသည့်နည်းတူ အစိုးရ၏လိုအပ်ချက်များကို အချက်အလက်အတိအကျဖြင့် ဝေဖန်ထောက်ပြသည့် MAT အဖွဲ့အား ယခုအခါ အလုပ်သမားဝန်ကြီးဌာနက ကျေနပ်ဟန်မရှိပေ။