23 May 2018

အလုပ်သမားနှင့် လ.၀.က ၀န်ကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခံရ


No automatic alt text available.
 မေ(၂၂) ၂၀၁၈၊ ရန်ကုန်           The Nyang News

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးသိန်းဆွေသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခံထားရကြောင်း ငြမ်းမီဒီယာ၏ သတင်းရင်းမြစ်များနှင့် ငြမ်းမီဒီယာက ရရှိထားသော ခိုင်မာသည့် အထောက်အထားများအရသိရသည်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားသူမှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ကြောင်း ငြမ်းမီဒီယာ ၏ သတင်းရင်းမြစ်များ ကဆိုသည်။


ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ သက်သေခံ အထောက်အထား လက်မှတ်၊ CI(Certificate of Identity) ထုတ်ပေးရေး လုပ်ငန်းစဉ်တွင် ထိုင်း - မြန်မာ နှစ်နိုင်ငံ သဘောတူညီခဲ့သော ကုန်ကျစရိတ် များထက် အလုပ်သမားများ အပိုကြေးများစွာ ကုန်ကျခဲ့ရသော နစ်နာမှုဖြစ်စဉ်၌ တာဝန်ရှိမှုအတွက် ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေကို တိုင်ကြားထားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်တို့ ထံ ငြမ်းမီဒီယာကအကြိမ်ကြိမ်ဆက်သွယ်၍ အတည်ပြုချက်ရယူရန် ကြိုးစားခဲ့သော်လည်း “အစည်းအဝေးသွားနေကြောင်း” သာ ပြန်လည်ပြောဆိုခဲ့ကြသည်။

ငြမ်းမီဒီယာအနေဖြင့်အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ငြင်းဆန်ခြင်း၊ အတည်ပြုခြင်း မရှိခဲ့ပေ။

မကြာသေးမီကစီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း သည်မိသားစုဝင်တစ်ဦးနှင့် ပတ် သက်၍တိုင်ကြားခံရခြင်းကြောင့် တာဝန်ရှိသူများကစုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေကြောင်းနှင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားကြောင်းသတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ထို့အပြင် မေလ (၂၁) ရက်နေ့ထုတ် သတင်းစာတစ်စောင်တွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ရာထူးမှနုတ်ထွက်ရန်စာတင်ထားသည်ဟု သတင်းထွက်ပေါ်လာခြင်းကို အတည်ပြုရန်ကြိုးစားနေကြောင်း အဆိုပါသတင်းစာတွင်ဖော်ပြထားသည်။

“အဂတိ လိုက်စားမှု ဆိုတာဘယ်လောက်လေးပဲ အဂတိဖြစ်ဖြစ်ကျွန်တော်တို့က လုံးဝ လက်မခံဘူး၊ သည်းညည်းမခံဘူး၊ လျစ်လျူ မရှုဘူး” ဟု မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောကြားထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း “အဂတိလိုက်စားမှုဟာအယုံအကြည်ရှိမှု ၊ကောင်းမွန်တဲ့အုပ်ချုပ်မှု နဲ့ ပြည်သူ့ဝန်ထမ်းယန္တရားကြီးတစ်ခုလုံးရဲ့ဂုဏ်ရှိမှုတို့ကို တိုက်စား ဖျက်ဆီးပါတယ်။

ထို့ပြင်အဂတိလိုက်စားခြင်းဟာလူအနည်းစုရဲ့အကျိုးကို အများအကျိုးထဲမှာထားခြင်း ဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ဗဟိုမူ ဖြစ်တဲ့ ပြည်သူ့ကို ကိုယ်စားပြုတဲ့အုပ်ချုပ်ရေးကို ထိပါးစေပါတယ်” ဟု ပြောကြားထားသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကလည်းပြည် သူသို့ပြောကြားခဲ့သော၎င်း၏ ပထမဆုံး မိန့်ခွန်းတွင် “ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကိုပိုမိုတိုက်ဖျက်ရပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ (၆) ဖွဲ့ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တိုင်ကြားစာများနှင့်ပတ်သက်၍သတင်းအချက်အလက်များ ပြည့်စုံစွာ ရရှိစေရန်အတွက်ကြိုတင်စုံစမ်းမှု (၁၈) မှုကိုလည်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။