11 February 2012

မြန်မာအလုပ်သမားတစ်ဦးအား ထိုင်းလမ်းသရဲက ဓါးဖြင့်ခုတ်

ကိုသန်းဇေါ်ဦး လဲကျနေသည့် နေရာမှ သွေးကွက်များ

ဆေးရုံပေါ်မှ ကိုသန့်ဇော်ဦး

ဆေးရုံပေါ်မှ ကိုသန့်ဇော်ဦး

ဆေးရုံပေါ်မှ ကိုသန့်ဇော်ဦး

ဆေးရုံပေါ်မှ ကိုသန့်ဇော်ဦး


ဖေဖေါ်ဝါရီ ၉
ထိုင်းနိုင်ငံ မဟာချိုင်မြို့ စွယ်လုံမစ် လမ်းသွယ်တစ်တွင် အချိန်ပို အလုပ်လုပ်ရာမှ  ပြန်လာသော မြန်မာ အလုပ်သမား ကိုသန်းဇေါ်ဦး အား အမည်မသိ  ထိုင်းလမ်းသရဲ ၂ဦးက ဓါးဖြင့် ခုတ်သဖြင့် ဒဏ်ရာပြင်း ထန်စွာ ရရှိပြီး စမွတ်စာခွန် ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ်ကုသမှုခံယူနေရသည်။
 ဇန်န၀ါရီလ ၇ ရက်နေ့ ညဥ့် ၁၀ နာရီကျော်ခန့်အချိန်တွင် အမည်မသိ ထိုင်းလမ်းသရဲ ၂ ဦးက ဓါးရှည်များနှင့် ခုတ်သတ်သဖြင့် အလုပ်သမား ကိုသန်းဇေါ်ဦး၏ ဘယ်ဘက် လက်ဖမိုး ထက်ဝက်ခန့် ပြရှပြီးလက်ဖျံ နှင့် ဘယ်ဘက်ပါးအပြင် ဦးခေါင်းတွင်ပါ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။
ပုဇွန်အခွံခွာသည့် အလုပ်ရုံတစ်ခုမှ အတူတူ ပြန်လာသည့်  မောင်တင်နိုင် က“ကျနော်တို့ သူငယ်ချင်း သုံးယောက်အလုပ်ကပြန် လာကြတယ်။ ကိုသန်းဇေါ်ဦး နေတဲ့ နေအိမ်ခြံဝင်း အ၀မှာ ထိုင်း လမ်းသရဲ ၂ဦးက ဓါးရှည် ထုတ်ပြီးခုတ် သတ်ပါတယ်။ ကျနော်တို့ နှစ်ယောက် ထွက်ပြေးတယ်။ သန်းဇေါ်ဦး လည်း ဓါးခုတ်ခံရပြီး ထွက်ပြေးတယ်။ သွေးထွက်လွန်ပြီး ကိုက်၅၀ လောက်မှာ လဲကျပြီး သတိမေ့သွားတယ်” ဟုပြောသည်။
မောင်တင်နိုင် က ရင်နှီးသူများအား ဖုန်းဆက်ခေါ်သဖြင့် ရောက်ရှိလာကြကြောင်း၊ သူငယ်ချင်းဖြစ်သူ၏
ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးက ဆေးရုံ မှ လူနာတင်ကားအား ဖုန်းဆက်ခေါ်ရာ မြန်မာဟုပြောသဖြင့်
၄၅ မိနစ်ခန့် ကြာမှ ရောက်လာသဖြင့် လူနာမှာ သွေးထွက်လွန်သွားကြောင်း ကိုသန်းဇေါ်ဦး ၏ အစ်ကို
ဝမ်းကွဲ ဖြစ်သူ ကိုဇေါ်က ပြောသည်။
“ ကျနော် ရောက်လာတော့ ကျနော့်ညီ သန်းဇေါ်ဦးကို သေမယ်လို့ ထင်ခဲ့တာ။ သွေးအိုင်ထဲမှာ သတိမေ့နေတယ်။ ကံကောင်းလို့ ညီလေး ပြန်သတိရလာတာ၊ ဘာရန်ငြိုး ရန်စမှ မရှိပဲ ဓါးနဲ့ ခုတ်တာ ဘယ်ဘက် လက်ဖမိုး ဆိုရင် ပြတ်ထွက်သွားနီးပါးပဲ။ ဒီလိုဖြစ်ရပ်မျိုး နောက်မပေါ်ပေါက်ဖို့ လိုတယ်။ ကျနော်တို့ အချိန်ပိုလုပ်ပြီး ညဥ့်နက်မှ ပြန်လာတဲ့ အလုပ်သမားတွေအတွက် မဟာချိုင်မှာ လုံခြုံမှုမရှိဘူး။ ကျနော်တော့ မြန်မာသံရုံးကို အကူအညီတောင်းမယ်လို့ စဉ်းစားထားတယ်” ဟုပြောသည်။
သိန်းချီသည့် မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ပင်လယ်အစားအစာများအဓိက ထုတ်လုပ်သည့် မဟာချိုင်တွင် ထိုင်းလမ်းသရဲများက မြန်မာအလုပ်သမားများ ပိုင်ဆိုင်သည့် ဆိုင်ကယ်၊  ရွှေငွေနှင့် ဖုန်းများ၊ပိုက်ဆံအိပ်များအား မကြာခဏလုယက် ယူငင်ခြင်းများရှိသည်။ စိတ်ကြွဆေးသုံးစွဲသည့် ထိုင်းလူငယ်အချို့နှင့် ဆိုးသွမ်းလူငယ်များက လက်တေ့စမ်းသည့် အနေဖြင့် မြန်မာအလုပ်သမားများအား ဓါးဖြင့်ခုတ်သတ်ခြင်း၊ ရိုက်သတ်ခြင်းတို့  မကြာခဏ ပြုမူလေ့ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သည့် မဟာချိုင်မှ ကိုခိုင်ကြီး ကပြောသည်။ သို့ရာတွင် ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်းမျိုး အရေးယူခံရခြင်းမျိုး မဟာချိုင်တွင်မရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။