06 March 2017

“ကြက်သားအလုပ်ရုံမှမြန်မာအလုပ်သမားတစ်ဦးကိုထိုင်းအလုပ်သမားများဝိုင်းရိုက်”




၂၀၁၇ မတ်လ ၆ ရက်
ရွှေလုပ်သား

           ဆာလာပူလီ နယ်မြေ၊ မာမွတ်မြို့ တွင်ရှိသော အိမ်တွင်း ကြက်သားအလုပ်ရုံတွင်အလုပ်လုပ်သော မြန်မာအလုပ်သမား တစ်ဦးကို အရက်မူးနေသည့် ထိုင်းအလုပ်သမားများက၀ိုင်းရိုက် သဖြင့် ဒဏ်ရာရရှိသွားခဲ့သည်။
          
       ယမန်နေ့က ကြက်သားအလုပ်ရုံပိုင်ရှင်က အလုပ်ရုံမွေးနေ့ ဟုဆိုတာက အလုပ်သမားများအား အရက်နှင့်အစားအစာများေ ကျွးမွေးခဲ့ရာ အရက်မူးနေသည့် ထိုင်းအလုပ်သမား၅ဦးကအရက် လုံးဝမသောက်သည့်  အသက် ၂၀ကျော်အရွယ် ကိုရဲ ဆိုသည့် အလုပ်သမားအား အခန်းထဲသို့ဝင်ရောက်၍ ၀ိုင်းဝန်းရိုက်နှက်ခဲ့ ကြသည်။ သို့ဖြစ်၍ ကိုရဲတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခန္ဒာ အနှံ့ နာကျင်ပွန်းပဲ့မှုများဖြစ်ခဲ့သည်။

  အရိုက်ခံရသူ ၏ ဇနီးဖြစ်သူက “သမီးတို့လင်မယား၂ယောက်လုံးမှာနေထိုင်အလုပ်လုပ်ကိုင်ခွင့်ဘတ်ရှိပါ တယ်။ သမီးတို့ အမှုတွေလည်မဖွင့်ချင်တော့ဘူး။ ဘတ်မရှိတဲ့ မြန်မာအလုပ်သမားတွေ ပုလိပ်အဖမ်းခံရမှာ စိုးရိမ်တယ်။ သမီးတို့လည်း မြန်မာပြည်ပဲပြန်တော့မယ်” ဟုပြောသည်။


ထိုင်းရောက်မြန်မာအလုပ်သမား ရာဘာခြံ၊ ငါးဖမ်းလှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆောက်လုပ်ရေးလုပ်ငန်း ခွင်တို့တွင် မကြာခဏရိုက်နှက်ခံခြင်း၊ ပစ်သတ်ခံရခြင်းများ ဖြစ်ပေါ်လေ့ရှိသော်လည်း ထိုင်းနှင့်မြန်မာအစိုး ရတို့က ထိရောက်သည့် ကာကွယ်ပေးမှုမျိုး၊ ပြစ်မှုပေါ်ပေါက်အောင် စုံစမ်း၍ အပြစ်ပေးအရေးယူမှုများမရှိ သလောက်နည်းပါးပါသည်။

     ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က
“ထိုင်းမှာ မြန်မာအလုပ်သမားတစ်ယောက်ကို သတ်ဖြတ်နှိပ်စက်တာ ကြက်တစ်ကောင် ခွေးတစ်ကောင်ကို ရိုက်သတ်သလောက်တောင် အပြစ်ဒဏ်မခံရဘူး။ ဒါဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရအဆက်ဆက်တို့ ရဲ့ မိမိနိုင်ငံသားတွေအပေါ်မှာ တာဝန်ယူမှုမရှိခဲ့တာကြောင့်ပါ။ မြန်မာတစ်ယောက် ဘာဖြစ်ဖြစ်၊ ချက်ခြင်း ဂရုတစိုက် မြန်မာသံရုံးကလုပ်ကြည့်ပါလား။ ဘန်ကောက်မြန်မာသံရုံးမှာ မြန်မာအလုပ်သမားတွေအတွက် ဂရုတစိုက် ဥပဒေကြောင်းအရ အကာအကွယ်ရအောင် လုပ်မယ်ဆိုတဲ့ မျိုးချစ်စိတ်၊ တာဝန်ယူတတ်တဲ့  စိတ်ဓါတ်မျိုးရှိတဲ့ သံဝန်ထမ်းမျိုး မရောက်ရှိသရွေ့တော့ မြန်မာတွေခံနေရအုံးမှာပဲ” ဟုပြောသည်။

        လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့လစဉ်MOU ဖြင့်အလုပ်သမားတစ်သောင်းခွဲခန့်ပို့ 
 ဆောင်နေပါသည်။ သို့သော် အဆိုပါ လစဉ်ပို့ဆောင်နေသည့် အလုပ်သမားများအပြင် ယခင်ထိုင်းနိုင်ငံ အတွင်း ရောက်ရှိနေကြသည့်
 လေးငါးသန်းသော အလုပ်သမားများအတွက် ကာကွယ်စောင့်မှုလုပ်ငန်းစဉ် များကိုလက်ရှိ
 မြန်မာအစိုးရက ယနေ့တိုင် တစ်စုံတစ်ရာ အစီ အမံများ ချမှတ်အကောင်အထည်ဖေါ်ဆောင် မှုမ ရှိသေးပေ။ 
 
      ၂၀၁၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြွရောက်ခဲ့စဉ်က ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားအရေးကူ ညီစောင့်ရှောက်ကြသူများက၊ ထိုင်းနိုင်ငံအတွင်း ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ အစီအမံများကို လူကိုယ်တိုင်တင်ပြခွင်ရရှိခဲ့ကြသကဲ့သို့ အကြံပြုစာများလည်း ပေးလိုက်ကြပါသည်။ သို့ရာတွင် ယနေ့တိုင် ထိုင်းရောက်အလုပ်သမားများအတွက် တစ်စုံတစ်ရာ ထူးခြားသည့် အစီအစဉ် မပေါ်ပေါက်သေးကြောင်း MAT အဖွဲ့ ကပြောဆိုပါသည်။