15 October 2016

"ပြည်သူရွေးတဲ့အစိုးရ မတရားမှုများကို ဖေါ်ထုတ်ပြီလော့???"


http://burma.irrawaddy.com/business/2016/10/15/125203.html    ကူးယူဖေါ်ပြပါသည်။










၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ စာရင်းစစ်ချုပ် အစီရင်ခံစာအား ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းသည့် အခါတွင် မိမိ တာဝန်ယူရသည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ၏ မသမာမှု၊ အလွဲသုံးစားမှု၊ နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှု၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ လုပ်ငန်းများကြောင့် နိုင်ငံတော်၏ နစ်နာမှုများအား အသေးစိတ် ဖော်ပြပေးရန် အဆိုအား အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။



ယင်းအဆိုကို ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုအား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

  ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစီရင်ခံစာ တင်ပြလာသည့်အခါ ထူးခြားသော အခြေအနေများဖြစ်သည့် မိမိ တာဝန်ယူ စစ်ဆေးရသည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ၏ မသမာမှုများ၊ အလွဲသုံးစားနေမှု၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှု၊ ပျက်စီးဆုံးရှုံးမှု ကြီးမားသည့် ဌာနများကို အသေးစိတ် စစ်ဆေးပေးနိုင်ပါရန် ပထမအချက် အနေဖြင့် တင်ပြလိုကြောင်း၊ ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၅-၂၀၁၆ လုပ်ငန်းနှင့် စာရင်းများစစ်ဆေးမှုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ အခြေအနေများနှင့် အကျိုးတူ ဆောင်ရွက်မှုကြောင့် နိုင်ငံတော်မှ နစ်နာမှု အခြေအနေ ရှိ မရှိကို လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်က ပုဂ္ဂလိက လုပ်ငန်းရှင်သို့ နှစ်ရှည် ငှားရမ်းထားသည့် လုပ်ငန်းများ၏ အခြေအနေများ၊ စည်ပင်က ကုမ္ပဏီများသို့ မြေငှားရမ်းထားသည့် အခြေအနေများ၊ ရန်ကုန်မြို့တော် စည်ပင်နှင့် အကျိုးတူ ဆောက်လုပ် ထားသော တိုက်ခန်းများ ရောင်းချရမှု အခြေအနေများ၊ စည်ပင်၏ လုပ်ငန်းစီမံကိန်း အသစ်များ၊ စည်ပင်နှင့် BOT စနစ်ဖြင့် ဆောင်ရွက်သော လုပ်ငန်းများမှ ကုမ္ပဏီများ၏ ငွေအချိန်မီ မပေးသွင်းခဲ့မှုကြောင့်   နိုင်ငံတော် မှ နစ်နာခဲ့ရသည့် ငွေကြေးတန်ဖိုးများအပြင် မကြာသေးမီက အထပ်မြင့်အဆောက်အအုံများကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် နစ်နာဆုံးရှုံးများ၊ ရန်ကုန်မြို့ရှိ ဈေးကြီးများ၏အခွန်အကောက်ရငွေ(ဥပမာစံပြငါးဈေး၊   သိရိမင်္ဂလာ ဟင်းသီးဟင်းရွက်ဈေး) များပါ ထည့်သွင်းတင်ပြရန် ဒေါ်စန္ဒာမင်းက အဆိုတင်သွင်း တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

“စာရင်းစစ်ချုပ်ရုံး အနေနဲ့ ဒီကိစ္စကို သေချာလုပ်ဆောင်ပေးဖို့ လိုပါတယ်။ ရန်ကုန်တိုင်းမှာ ခေတ်နဲ့လျော်ညီ စွာ ရသင့်ရထိုက်တဲ့ အခွန်တွေ ရဖို့ လိုပါတယ်။ ပြီးတော့ ဒီနှစ်မှာ ခုံးကျော်တံတားနှစ်စင်း ဖျက်သိမ်းလိုက်လို့ ပိုလာတဲ့ ကျပ် ၃၂ ဘီလျံနဲ့ စည်ပင်နယ်နိမိတ်ပြင်ပ မြို့နယ် ၁၂ ခု ဖွံ့ဖြိုးရေး လုပ်ဆောင်တဲ့ ကိစ္စကိုလည်း စိစစ်ဖို့ လိုပါတယ်။ ပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေလည်း အဂတိကင်းဖို့ လိုပါတယ်။ သို့ပါသောကြောင့် ဒီအဆို ကို ကျွန်ထောက်ခံပါတယ်” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ထောက်ခံဆွေးနွေးသည်။

စာရင်းစစ်ချုပ် အနေဖြင့် အဆိုပါ ထူခြား ဖြစ်စဉ်များကို ဖော်ပြပေးနိုင်မှသာ အကျိုးရှိနိုင်မည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်၏ လွဲမှားချွတ်ချော်နိုင်သည့် ဌာနများတင် မကဘဲ အခြားဌာနများကိုပါ စစ်ဆေးပေး ရန်လည်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆွေးနွေးခဲ့ကြသည်။

ယင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ၀န်ထမ်း မသမာမှုများ၊ အလွဲသုံးစားလုပ်မှုများ၊ နိုင်ငံတော်နှင့် ဌာန အဖွဲ့အစည်းများမှ နစ်နာမှုများ၊ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ရာတွင် လေလွင့်ပြုန်းတီးမှုများ၊ ပျက်စီးဆုံးရှုံးမှုများကို စာရင်းစစ်ချုပ်က စစ်ဆေးေ ဖ်ာပြလျက် ရှိကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အနေဖြင့် စစ်ဆေးရေးလုပ်ငန်း များ ဆောင်ရွက်ပြီးစီး၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်သို့ တိုင်းဒေ သကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာ တင်ပြရာတွင် ဌာန အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ထူးခြားသည့် စစ်ဆေးတွေ့ရှိချက်များ၊ နိုင်ငံတော် သို့ ပြန်လည်ပေးသွင်းရ မည့်ငွေများ၊ နိုင်ငံတော်၏ နစ်နာမှုများ ပါဝင်အောင် ဖော်ပြလျက်ရှိကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင်လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း တင်ပြခဲ့သည့် အချက်များအားလုံး ပါဝင်နိုင်အောင် စာရင်းစစ်ချုပ် အပါအ၀င် ၀န်ထမ်းအားလုံးက ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွှေ့ အားသွန်ခွန်စိုက် စစ်ဆေးတင်ပြသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

“၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတွင် ထူးခြားချက်များကို ပြည့်စုံစွာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။
Writer: 
ကျော်ထင်
.....................................................................................................................................................
မြောက်ဒဂုံလည်း ဒေါ်စန္ဒာမင်း စာရင်းထဲမှာ ပါဝင်ပါစေ။ ပြည်သူအတွက် ၀င်ငွေတိုးတာပေါ့ဗျာ............
  


 

...............