09 May 2017

“မြည်သံဟီးထ နီးကပ်လာတဲ့ကျောက်ဖြူအထူးစီပွားရေးဇုန်”



   

၈.၅.၂၀၁၇ နေ့ထုတ် မြန်မာပို့စ်သတင်းဂျာနယ်ပါ အထူးဆောင်းပါးကိုအွန်လိုင်းပရိတ်သတ်များ အတွက် ကူးယူဖေါ်ပြအပ်ပါသည်။
 ...............................................................................................................................

     

                           
          ရန်ကုန်သီလ၀ါစီးပွားရေးဇုန်၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့စီးပွားရေးဇုန် ဆိုတာကို ၁၉၉၀ ပြည့်လွန်နှစ်တွေက န၀တ အစိုးရက ထုတ်ဖေါ်ပြောဆိုခဲ့လို့ စတင်ကြားခဲ့ဖူးပါတယ်။

     ၂၀၁၀ ခုနှစ်ကစပြီးတရုတ်အစိုးရဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်အပါအဝင် ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက်လိုင်း၊ရေနံ တင်ဆိပ်ကမ်းစီမံကိန်းကြီးတွေကို စတင်လုပ်ကိုင်ခွင့်ရရှိအကောင်အထည်ဖေါ်ခဲ့ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ရန် မြေဧက ၄၂၀၀ ကျော်ကို ဦးသိန်းစိန် အစိုးရလက်ထက် လွှတ်တော်မှာအတည်ပြုပေးခဲ့ ပါတယ်။

        ဧက၁၀၀၀လျှာထားသတ်မှတ်ထားတဲ့ ရန်ကုန်သီလ၀ါစီးပွားရေးဇုန်ဟာ ၂၀၀၆ ခုနှစ်မှာ ဧက ၁၀၀ ပြီးစီးလို့ စီမံကိန်း ကိုဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပေမယ့် ထားဝယ်ရေနက် ဆိပ်ကမ်းကိုတော့ အပြီးမသတ်နိုင်သေးပါဘူး။ 

လက်ရှိအချိန်မြန်မာနိုင်ငံမှာ  စီမံကိန်းစတင်လည်ပတ်နေပြီဖြစ်တဲ့ (သီလ၀ါအထူး စီးပွားရေးဇုန်ကို ဂျပန်နိုင်ငံ) (ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို တရုတ်နိုင်ငံ) (ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံ) တို့က ပူးပေါင်းပါဝင်လုပ်ဆောင်လာမှာဖြစ်ပါတယ်။

      ဖွံ့ဖြိုးမှုနဲ့အတူ ပျက်စီးဆုံးရှုံးမှုတွေဟာလည်းတပြိုင်တည်းပါလာတတ်တာမို့ စီးပွားရေးဇုန်ကို အကောင်အထည်ဖေါ် ဆောင်ကြသူအားလုံးအပြင် စီးပွားရေးအကြံပေးတွေရော နိုင်ငံတော်အစိုးရကပါ Normal economic zone နဲ့ Special Economic zone ၂မျိုးတို့ ရဲ့ မတူညီတဲ့သဘောသဘာဝတို့ ကိုသေသေချာချာသိရှိရန်လိုအပ်ပါတယ်။ စီးပွားရေးဇုန်တို့ရဲ့ ကောင်းကျိုးဆိုးကျိုးတို့ကိုလည်း ကွဲကွဲပြားပြား စေ့စေ့ငုတ်ငုတ် လေ့လာထားကြပြီး ပြင်ဆင့်သင့်တာကိုအလျှင်အမြန် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုတင်ပြချင်ပါတယ်။  


                                                “အစိုးရသစ်လက်ထက်မှာအသံကျယ်လာ”
      ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို တည်ဆောက်ခွင့်ရရှိထားတဲ့ CITIC ( China International Trust and Investment Company Group ) ဥက္ကဌ Mr.Chang Zhenming ဟာ  ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဧပြီလ ၂၁ ရက်က တွေ့ဆုံခဲ့ပါတယ်။ 

      ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းတွေ အလျှင်အမြန်အကောင် အထည်ဖေါ်နိုင်ရေးအတွက် အထူးလိုလားနေတယ်လို့ ဧပြီလ ၂၄ ရက်နေ့က ကျောက်ဖြူဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားရေးဌာနမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကပြောဆိုခဲ့ပါတယ်။ 

        ဧပြီလ၂၉ ရက်နေ့က စစ်တွေမှာကျင်းပတဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ ကျောက်ဖြူစီးပွားရေးဇုန်စီမံကိန်းနဲ့ပါတ်သက် ပြီး လက်ရှိဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းတွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အထူးစီးပွားရေးဇုန်တွေဟာ ခေတ်မီတဲ့လုပ်ငန်းတစ်ရပ်ပါပဲ။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရာ မှာလည်းပဲ၂၀၁၄ ခုနှစ်က အထူးစီးပွားရေးဇုန်များဆိုင်ရာ ဥပဒေမှာဖော်ပြထားတာရှိပါတယ်။ အဲဒီထဲမှာအနိမ့်ဆုံးက ဒေသ ခံများ အလုပ်အကိုင်ရရှိရမယ်။ ဒေသဆိုင်ရာဖွံ့ဖြိုးမှုရရှိလာမယ်။ နောက်တိုင်းပြည်ရဲ့စီးပွားရေးကိုအထောက်အကူပြုရမယ်။ ပြီးတော့နိုင်ငံတကာဆက်သွယ်ရေးလမ်းကြောင်းကောင်းရမယ်ဆိုတဲ့အချက်တွေပါတယ်။ ရည်ရွယ်ချက်ကောင်းတွေပါပဲ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

     ရခိုင်ဒေသအခြေစိုက်ကုမ္ပဏီတွေနဲ့ ရန်ကုန်က ကုမ္ပဏီအချို့တို့ ကျောက်ဖြူစီးပွားရေးဇုန်ကိစ္စ အစည်းဝေးကို ၂၈-၄-၂၀၁၇ နေ့က ရန်ကုန် MICT  park မှာလုပ်ခဲ့ကြတယ်။ ဒီအစည်းဝေးမှာ ကျောက်ဖြူစီးပွားရေးဇုန်အကောင်အထည်ဖေါ်ခွင့် ရရှိထားတဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီအုပ်စု CITIC နဲ့ ဆွေးနွေးမယ့် ကော်မတီထဲမှာပါဝင်ကြတဲ့ (ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဌ ဟောင်း) ဦးဝင်းအောင်၊ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ဖေါ်ကျုံ့ အင်တာနယ်ရှင်နယ်ကုမ္ပဏီက ဦးမြဟန် တို့နဲ့အတူ CB ဘဏ်ဥက္ကဌ ဦးခင်မောင်အေးကအကြံပေးအဖြစ် တက်ရောက်ခဲ့ ကြပါတယ်။ 

       အယင်အစိုးရလက်ထက်တုန်းက စာချုပ်ချုပ်ဆိုခဲ့ရာမှာ ရေနက်ဆိပ်ကမ်းအတွက် မြန်မာဘက်က ၁၅ ရာခိုင်နုန်းနဲ့ တရုတ်ဘက်က ၈၅ ရာခိုင်နုန်းရင်းနှီးမြှုပ်နှံမှုပြုပြီး စက်မှုဇုန်မှာ ၅၁အချိုး၄၉ နဲ့ချုပ်ဆိုခဲ့ကြပါတယ်။ မြန်မာအသိုင်းအ၀ိုင်း ဘက်ကုမ္ပဏီက စာချုပ်ကိုပြင်ဆင်ဖို့ ဒေါ်စု ကိုတောင်းဆိုဖို့တင်ပြကြတယ်လို့ကြားသိရပါတယ်။

                                                         “ကွဲပြားခြားနားအမြင်များ”
        ကျောက်ဖြူဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတင်အောင်စိုး က “တရုတ်ဘက်က တော့ စီမံကိန်းတွေစတင်ဖို့အဆင်သင့်ဖြစ်နေပြီ၊ မြန်မာအစိုးရဘက်ကတော့ ဘယ်တော့စတင်ရမယ်ဆိုတာကို အတိအကျ မပြောသေးဘူးလို့သိရတယ်၊ ဒါပေမယ့် မကြာခင်မှာစတင်နိုင်မယ်လို့တော့ပြောပါတယ်” လို့ဆိုပါတယ်။

      ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်တဲ့အခါ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတစ်ခုတည်းအတွက် မဟုတ်ဘဲ ဒေသခံပြည်သူများ၏ အကျိုးစီးပွားကိုပါ အလေးထားသင့်ကြောင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ထံတင်ပြဆွေးနွေး ခဲ့ကြောင်း တက်ရောက်ခွင့်ရရှိသူတွေက တင်ပြခဲ့ကြပါတယ်။
    တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ ရေနံပိုက်လိုင်း စတင်ရာ မြဒေးကျွန်းဒေသခံပြည်သူတွေ ရေနံ ပိုက်လိုင်းအတွက်လယ်မြေ သိမ်းမှုများကြောင့် အလုပ်လက်မဲ့များဖြစ်သွားခဲ့ကြရပြီး ဒုက္ခမျိုး စုံကြုံတွေ့နေရဆဲဖြစ်နေတာတွေကို တင်ပြေ ဆွးနွေးခဲ့ ကြောင်း မြဒေးကျွန်းဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဌဦးထွန်းကြည်ကပြောခဲ့တယ်။
“ကျနော်တို့ မြဒေးကျွန်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် ဒေါ်လာ ၂၁ သန်း ထောက်ပံ့ပေး ထားတယ်လို့ တရုတ်ကိုယ်စား လှယ်အဖွဲ့ ကပြောပါတယ်၊ ဘယ်အချိန်ကပေးခဲ့တာလဲ၊ ဘယ်သူတွေက တဆင့်ပေးခဲ့တာလဲဆိုတာကို ကျနော်တို့လည်း မသိပါဘူး၊ အမှန်တကယ် ဒေါ်လာ ၂၁ သန်းပေးရင် မြဒေးကျွန်း တစ်ခုလုံးကို တိုးတက်နေပါပြီ” ဟုလည်းဆိုပါတယ်။

      ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ဆောင်ရွက်နေပေမယ့် စီမံကိန်းဧရိယာမှာပါတဲ့ မြေယာ သိမ်းဆည်းမှုပြဿနာက အငြင်းပွားနေကြဆဲဖြစ်ပါတယ်။ မြေယာလျော်ကြေးပေးဆောင်မှုနဲ့ပတ်သက်ပြီးတိကျတဲ့ သတ် မှတ်ချက်တွေမရှိတဲ့အပြင် စီမံကိန်းနဲ့ပတ်သက်ပြီးတိကျခိုင်မာတဲ့ ဥပဒေ၊ နည်းဥပဒေတွေမရှိသေးပါ။ ဖြေရှင်းရမယ့်အယင် ပြဿနာအများအပြားကျန်ရှိနေသေးကြောင်း၊ လိုအပ်ချက်များအားလုံး ဆောင်ရွက်ပြီးမှသာ အကောင်အထည်ဖော်သင့် ကြောင်းလည်း ဦးထွန်းကြည် က ပြောဆိုပါတယ်။

        ဦးထွန်းကြည် က “စက်မှုဇုန်ဧရိယာသတ်မှတ်ထားတဲ့မြေတွေထဲမှာ မြေလွတ်မြေရိုင်းတွေအများကြီးပါနေတယ်။ လျော်ကြေးပေးထားတဲ့မြေဧက ကနည်းနည်းပဲရှိပါသေးတယ်”လို့ပြောပါတယ်။ 

                                                       “သတိပေးထားတဲ့အစီရင်ခံစာ”
      ၂၀၁၇ ခု ဇူလိုင် ၂၃ ရက်နေ့က ရန်ကုန်မြို့ရှိ ဒိုင်းမွန်းကွန်ဒို၊ စကားဝါခန်းမမှာထိုင်းနိုင်ငံချူလာလောင်ကွန်းတက္ကသိုလ် အခြေစိုက်တဲ့အဖွဲ့အစည်းတစ်ခုက နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှ တမှုအတွက် တာဝန်ယူမှုအမည်နဲ့ အစီရင်ခံစာတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာတမ်းကို ၎င်းတို့က ၂၀၁၅ ခုနှစ်မှာ အင်္ဂလိပ်ဘာသာနဲ့ ဖေါ်ပြပြီးဖြစ်တယ်လို့ဆိုပါတယ်။ 

        အစီရင်ခံစာဟာ ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က စက်မှုဖွံ့ဖြိုးရေး မူဝါဒများနဲ့ လက်တွေ့ကျင့်သုံးမှုတွေက လေ့လာတွေ့ရှိ ခဲ့တဲ့သင်ခန်းစာတွေကိုမှီငြမ်းရေးသားထားတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့အထူးစီးပွားရေးဇုန်စီမံကိန်းတွေဖြစ်ကြတဲ့သီလ၀ါကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဒေသခံပြည်သူလူထုများ ထိခိုက်မှုမရှိစေရန် ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ မှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ရောဂါဆိုးတွေ ဖြစ်ပွားမှုတွေကိုအတုယူပြီး မြန်မာအစိုးရအနေနဲ့ ကြိုတင်ပြင်ဆင် မှုတွေပြုလုပ်ထားသင့်ကြောင်းထောက်ပြထားပါတယ်။

  လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က စက်ရုံတွေရွှေ့ပြောင်းဖို့ လုပ်ဆောင်နေကြတာကြောင့် ဒီစာတမ်းကို မြန်မာဘာသာသို့ပြန်ဆိုထုတ်ဝေတာဖြစ်ကြောင်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က စာတမ်းရေးသားသူ အလွတ်တမ်း သုတေသီ ဦးဇော်အောင် က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ခုချိန်ကနေစပြီးတော့ တိုင်းပြည်ကအပြောင်းအလဲတွေဖြစ်နေပါပြီ။ စီးပွားရေးကဏ္ဍမှာလည်းမူဝါဒအပြောင်း အလဲတွေအများကြီးရှိနေတယ်။ စက်မှုဖွံ့ဖြိုးရေးကိုပြန်ပြီးတော့ လုပ်ဆောင်လာတာတွေ့ရတယ်။ကျွန်တော်တို့ဆီမှာရန်ကုန် သီလ၀ါအထူးစီးပွားရေးဇုန်ကစပြီးတော့ အကောင်အထည်ဖော်နေပါပြီ။ နောက်ပြီးတော့ ထားဝယ်တို့၊ ကျောက်ဖြူတို့ရှိပါ တယ်။ ဒီအရာတွေက ကျွန်တော်တို့အတွက်အတွေ့အကြုံအသစ်တွေဖြစ်တယ်။ ဒီလိုစက်မှုဖွံ့ဖြိုးရေးဟာ တိုင်းပြည်ရဲ့စီးပွားရေးတိုးတက် လာတယ်။ လူနေမှုအဆင့်အတန်းမြင့်လာမယ်ဆိုတာ တစ်ဖက်ကမှန်ပါတယ်။ သို့ပေမယ့် အန္တရာယ်ဖြစ်စေ နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကိုလည်းသိထားဖို့လိုပါတယ်။ အဲဒီအတွက်ကြောင့် ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံ မှာရှိတဲ့ စက်မှုဖွံ့ဖြိုးရေးတွေလုပ်ကြတဲ့အခါမှာ သူတို့ရင်ဆိုင်ခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေအပါအ၀င် လူမှုစီးပွားရေးဆိုင်ရာပြဿနာတွေကို သိရှိနားလည်နိုင်စေဖို့အတွက်၂၀၁၃-၂၀၁၄ ထဲမှာ ကိုယ် တိုင်သွားရောက်လေ့လာခဲ့ တာပါ။ ဒီစာတမ်းကိုသက်ဆိုင်ရာအာဏာပိုင်တွေ ဖတ်ရှုလေ့လာမယ်ဆိုရင် မူဝါဒချမှတ်တဲ့အခါ တစ်စုံတစ်ရာ အချက်အလက် ရစေချင်တဲ့ရည်ရွယ်ချက်နဲ့ပါ” ဟုပြောပါတယ်။

  ဆက်လက်ပြီး “အားလုံးသိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံပါ။ စက်မှုဖွံ့ဖြိုးမှုလည်း အရမ်းနောက်ကျ တဲ့ နိုင်ငံဖြစ်ပါတယ်။ စက်မှုဖွံ့ဖြိုးမှုကိုလုပ်မယ်ဆိုရင် အရင်းအနှီးအများကြီးလိုပါတယ်။ တိုင်းပြည်ကလည်း ဆင်းရဲတဲ့နိုင်ငံ ဖြစ်တဲ့အ တွက် အရင်းအနှီးအများကြီးကိုမတတ်နိုင်ပါဘူး။ အဲဒီအတွက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်ရပါတယ်။ ဒါကလည်းဒေ သတွင်း နိုင်ငံတွေကိုကြည့်မယ်ဆိုရင် ထိုင်း၊ မလေးရှား၊ စင်ကာပူ အဲဒီနိုင်ငံတွေ ဘယ်လိုတိုးတက်လာသလဲ ဆိုတာကိုကြည့် ရင် သူတို့နိုင်ငံတွေ စက်မှုဇုန်တွေထူထောင်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်တယ်ဆိုတာ ဒီနည်း အတိုင်းပါပဲ။ တိုင်းပြည် မှာငွေကြေးရင်းနှီးမှုတွေ စီးဝင်လာရင်အလုပ်အကိုင်အခွင့်အလမ်းသစ်တွေဖန်တီးပေးနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ့် နိုင်ငံခြားကုမ္ပဏီတွေဆိုတာ ကျွန်တော်တို့အစိုးရထက်တောင်ချမ်းသာတဲ့ကုမ္ပဏီတွေပါ။ သူတို့ရဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုက ဒေါ်လာဘီလျံနဲ့ချီပြီး ပိုင်ဆိုင်တဲ့ငွေကြေးအင်အားတွေပါ။ ကမ္ဘာအရပ်ရပ်မှာလည်း ရင်းနှီး မှုတွေလုပ်တဲ့ ကုမ္ပဏီကြီးတွေပါ။ ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်တဲ့အခါမှာ နှစ်ဖက်အကျိုးကိုကြည့်ရပါတယ်။ ကုမ္ပဏီတွေက တော့သူတို့ရဲ့ အကျိုးစီးပွားကိုပဲကြည့်ကြ ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့လည်း ပြည်သူတွေအကျိုးအတွက်လိုအပ်တဲ့ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု ပြဿနာတွေအတွက် အသေးစိတ် ဥပဒေတွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့လူမှုပတ်ဝန်း ကျင်ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေကို စနစ်တကျ ထိန်းချုပ်စောင့်ကြည့်တာမျိုး ကြိုတင်ပြင်ဆင်သင့်ပါတယ်” ဟု ဦးဇော်အောင်က ပြောပါတယ်။

                                                       “အထူးသတိပြုရမည့်အန္တရာယ်”
       ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံမှာ စက်မှုလုပ်ငန်းတွေထူထောင်ခဲ့စဉ်ကပြဒါးပါဝင်တဲ့စွန့်ပစ်ဓာတုပစ္စည်းတွေနဲ့အခြား သော စွန့်ပစ်ပစ္စည်းတွေကြောင့် မီနာမာတမြို့မှာ မီနာမာတရောဂါနဲ့ ယိုကိုင်ချီမြို့မှာ လေထုညစ်ညမ်းမှုကြောင့်အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေအကြီးအကျယ်ဖြစ်ပွားခဲ့တယ်။ ဒါကြောင့် ဂျပန်နိုင်ငံ ကဒီစက်ရုံတွေအားလုံးကို ထိုင်းနိုင်ငံ သို့ ရွှေ့ပြောင်းခဲ့ကြ ပါတယ်။    

       ရွှေ့ပြောင်းခဲ့ပြီးနောက် ထိုင်းနိုင်ငံ MapTa Phut စက်မှုဇုန်မှာ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က အကြီးဆုံး လေထု၊ ရေထု ညစ် ညမ်းမှုများကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့တယ်။ ထိုင်းနိုင်ငံက ဒီစက်ရုံတွေ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ဖို့လုပ် ဆောင်လာ တာကြောင့် မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံနဲ့ဂျပန်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကိုအတုယူပြီးဖြေရှင်း နိုင်ရန် ကြိုတင် လုပ်ဆောင်သင့်ကြောင်း ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှ ပညာရှင်များက ကြိုတင်သတိပေးကြတာပါ။

မဖြစ်ခင်က ကြိုတင်တားဆီးတာအကောင်းဆုံးပဲ။ ဒီလိုပြဿနာတွေ ဖြစ်လာပြီဆိုရင် နည်းပညာနဲ့ ငွေကြေးတွေအပြင် ပြည်သူတွေရဲ့အသက်အန္တရာယ်ပါထိခိုက်ဆုံးရှုံးတယ်။ ပြန်ကုစားရတာကလည်း နှစ်ပေါင်းများစွာကြာတယ်ဟု ဂျပန်နိုင်ငံ Kumamoto Gakuen တက္ကသိုလ်မှ ပရော်ဖက်ဆာ Mr. Takashi Mirakita က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကို ပြန်သုံးသပ်ရမယ်။ သဘာဝပတ်ဝန်းကျင်နဲ့လူမှုပတ်ဝန်း ကျင်ကိုကာကွယ်နိုင်အောင်လုပ်ရမယ်။ အထူးစီးပွားရေးဇုန်တွေလို စက်မှုဇုန်စီမံကိန်းတွေကြောင့် ထိုင်းနိုင်ငံမှာ ပြဿနာ တွေအများကြီးဖြစ်ခဲ့တယ်။ မြန်မာအစိုးရအနေနဲ့ Pollution (သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု) ကြောင့်ဖြစ်တဲ့ပြဿနာတွေ ကိုကာကွယ်ဖို့ ဥပဒေတွေရှိနေပြီလား ပြန်သုံးသပ်ရမယ်ဟု ထိုင်းနိုင်ငံအခြေစိုက် Pollution Mornitoring Volunteer Network မှ ဦးဆောင်သူတစ်ဦးက ထောက်ပြပါတယ်။ 

                                                          “ဥပဒေပြဌာန်းရန်လိုအပ်”
      ဂျပန်နိုင်ငံမှာ ပြဒါးသုံးစွဲမှုကို ပိတ်ပင်ထားပေမယ့် တင်ပို့မှုကိုမူ ပိတ်ပင်မထားတာကြောင့် မြန်မာနိုင်ငံအပါအ၀င်အရှေ့ တောင်အာရှနိုင်ငံများသို့တင်ပို့နေပါတယ်။ မြန်မာနိုင်ငံသို့တင်သွင်းလာတဲ့ပြဒါးတွေကိုဘယ်နေရာတွေမှာသုံးစွဲသလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။ ပြဒါးအဆိပ်သင့်ရောဂါဟာ ကမ္ဘာပေါ်မှာမည်သည့်နိုင်ငံမျှ ကာကွယ်ကုသနိုင်တဲ့ ရောဂါမဟုတ်ပါ။ စက်မှုဇုန်များလုပ်ဆောင်မှုများကြောင့် ပြည်သူများနစ်နာပါက ဥပဒေပြဌာန်းမှုမရှိတဲ့အစိုးရကိုသာ ကုမ္ပဏီများက တာဝန်ယူ စေပြီး အပြစ်ပုံချသွားမည်ဖြစ်ကြောင်း ဦးဇော်အောင်က ဆက်လက် ပြောဆိုပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးအတွက် လုပ်ရင်လည်းတိကျတဲ့ ဥပဒေတွေနဲ့ ကိုင်တွယ်နိုင်ဖို့လိုအပ်တာတွေလုပ်ရမယ်။ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုတွေကြောင့် ထိခိုက်မှုဖြစ်ရင်သူတို့က မင်းတို့မှာ ဥပဒေမရှိဘူး၊ ငါတို့နဲ့ မဆိုင်ဘူး၊ မင်းတို့ အစိုးရနဲ့ပဲဆိုင်တာဆိုပြီး ခေါင်းရှောင်တတ်ကြတယ် ဟု ဦးဇော်အောင်က ပြောပါတယ်။

             
                                                        “အစိုးရအမြန်ဖြေရှင်းသင့်”
       လက်ရှိအသုံးပြုနေပြီဖြစ်တဲ့ ကျောက်ဖြူ­­­-ကူမင်း ဂက်စ်ပိုက်လိုင်း ဖေါက်လုပ်ခဲ့မှုမှာ နစ်နာဆုံးရှုံးခဲ့တဲ့မြေယာ ကိစ္စကို တာဝန်ရှိသူတွေဟာ ပြေလည်အောင်မဖြေရှင်းနိုင်သေးပါ။ ရေနံစိမ်းပေပါတစ်သန်းတင်ပြီး သင်္ဘောကြီးလာရောက်တဲ့ လမ်း တလျှောက်က ရခိုင်တံငါသည်တွေမှာ ငါးဖမ်းခွင့်တွေဆုံးရှုံးနေကြရပြီဖြစ်တယ်။ ဒေသခံတွေမှာ ဂက်စ်ပိုက်လိုင်းကြီးနဲ့ ဧရာမ ဆီတင်သင်္ဘောကြီးကိုကြည့်ပြီး အနာဂတ်ဘ၀မျှော်လင့်ချက်တွေမဲ့နေကြရတယ်။ လယ်ယာမြေတွေဆုံးရှုံးခံခဲ့ရရုံသာမက သဘာဝကပေးထားတဲ့ရေပြင်ကိုပါ ရခိုင်တွေဆုံးရှုံးခံနေကြပြီဖြစ်တယ်။ မနက်ဖြန်မိမိပိုင်ဆိုင်တဲ့လယ်မြေတွေ အသိမ်းခံရ မလားစိုးရိမ်နေကြရတယ်။ ကလေးတွေကျောင်းမတက်နိုင်ဖြစ်နေတယ်။ မနက်ဖြန်အတွက်ထမင်းစားရဖို့ မသေချာဖြစ်နေ ကြပါတယ်။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ဆိုတာ လက်ရှိရခိုင်တံငါသည်တွေနဲ့ ကျောက်ဖြူ ဒေသခံတွေဖြစ်နေကြ ပါတယ်။ ဒေသခံတွေအထိတ်တလန့်ခံစားဖြစ်ပျက်နေတာတွေကို လူထုရွေးချယ်တင်မြှောက်ထားတဲ့အစိုးရဟာကျောက်ဖြူ စီမံကိန်းကြီး မစတင်မီ စနစ်တကျ အလျှင်အမြန်စီမံဆောင်ရွက်ဖို့လိုအပ်ပါတယ်။ 

       လူထုတွေ့ဆုံပွဲမှာ တရုတ်ကိုယ်စားလှယ်တွေက အမေရိကန်ဒေါ်လာ ၂၁ သန်းထောက်ပံ့ထားတယ်လို့ပြောလာတဲ့ အတွက် မြဒေးကျွန်းဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဦးထွန်းကြည်က ဒေသခံတွေလက်ထဲကိုမရောက်ဘူးလို့ပြောတယ်။ လက်ရှိအခြေအနေအရ ဒေသခံဆိုတဲ့အတိုင်း ဒေသခံတွေမှာအသက်မွေးဝမ်းကြောင်းခက်ခဲမှုတွေကိုကြုံတွေနေကြပြီ ဖြစ် ပါတယ်။ ဂက်စစ်ပိုက်လိုင်းတည်ဆောက်မှုလုပ်ငန်းတွေကစပြီးယခုလည်ပတ်နေတဲ့ကာလအထိဒေသခံတွေအတွက်အကျိုး ကျေးဇူးတစ်စုံတစ်ရာမရှိတာကိုအားလုံးအသိပဲဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ကျောက်ဖြူ စီမံကိန်းလုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် မြေယာလျှော်ကြေးပေးဆောင်မှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဒေသခံတွေကို ပွင့်လင်းမြင်သာစွာချပြရန်လိုအပ်ပါတယ်။အထူးစီးပွားရေးဇုန်လို့ပြောပြီ၊ဒေသ ခံတွေရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံး၊ အတင်းအဓမ္မနေရာတွေပြောင်းရွှေ့ပေးရ၊ လုပ်စရာလယ်လည်းမရှိတော့ဘူး။ မြစ်ပင်လယ်မှာ လည်း ငါးဖမ်းပိုက်လည်းမချကြရတော့ပဲ အလုပ်လက်မဲ့ ထမင်းရှာစားရမယ့်ဘ၀ဟာ လုံးဝမဖြစ်သင့်ပါဘူး။

      ဒါကြောင့် မကြာခင်အကောင်အထည်ဖေါ်ကြတော့မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့စီးပွားရေးဇုန်ကြောင့် ဒေသခံ တွေအတွက် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာကို ဒေသခံတွေယုံကြည်လက်ခံအောင် နိုင်ငံတော်အစိုးရနဲ့ အကောင်အထည် ဖေါ်ခွင့်ရရှိထားကြတဲ့ကုမ္ပဏီတွေအနေနဲ့ အလျှင်အမြန်စီစဉ်ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် စီးပွားရေးဇုန်ကြီးနဲ့ အတူ ငါတို့ဘ၀ပါ တိုးတက်ပြောင်းလဲလာမှာသေချာတယ်ဆိုတဲ့ ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်းတစ်ခု ချမှတ်အကောင်အထည် ဖေါ်သင့်ပါတယ်။ ဒါမှ ဒေသခံတွေယုံကြည်စွာနဲ့ ပူးပေါင်းဆောင်ရွက်လာမှာဖြစ်ပါတယ်။ သို့မှသာလျှင်အဖျက်အမှောက်တွေ ကင်းရှင်းစွာနဲ့ အားလုံးလိုချင်တဲ့ တကယ့်အထူးစီးပွားရေးဇုန်ဖြစ်လာမှာဖြစ်ကြောင်းအကြံပြုတင်ပြအပ်ပါတယ်။   

                                                                     ကျော်သောင်း 

   အချက်အလက်မှီငြမ်း=အလဲဗင်းနေ့စဉ်သတင်းစာ၊ ဧရာဝတီမဂ္ဂဇင်း