23 October 2015

“ထိုင်းရဲညစ်ပတ်မှုကိုMATအဖွဲ့လက်မတင်ကယ်ထုတ်နိုင်”

                               
၂၀၁၅ အောက်တိုဘာ ၂၃
မြတ်ညို(အလွတ်သတင်းထောက်)


              အလုပ်သို့သွားသည့် မြန်မာအလုပ်သမငယ်တစ်ဦးအား ဘန်ကောက်မြို့လန်းစစ်ရဲကဖမ်းဆီး၍ အကြပ်ကိုင်ခြိမ်းခြောက် ငွေကြေးတောင်းခံမှုကို မြန်မာသံရုံး မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင် MATကအချိန်မီကူညီပေးနိုင်လိုက်သည်။

             ယနေ့နံနက် ၉နာရီခန့်က ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်၊သရက်တန်းဂွအိုင်ရွာမှ အသက် ၂၅နှစ် အရွယ် မသက်သက်ခိုင်သည် အလုပ်သို့လာခဲ့စဉ် လန်းစစ်နယ်မြေရဲကဖမ်းဆီး၍ နေထိုင်အလုပ်လုပ် ကိုင်ခွင့် ဘတ်နှင့်စာရွက်စာတမ်းများအားစစ်ဆေးကြည့်ရာ သက်တမ်းကုန်နေသည်ဟု ဆိုကာ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

          သူမတွင် ရွှေဆွဲကြိုးတစ်ကုံးနှင့်ရွှေနားဆွဲများအား  စက္ကူဖြင့် ထုတ်၍ ခန္ဓာကိုယ်၏လုံခြုံသည့်နေရာတွင် သိမ်းထားသော်လည်း  ရဲများက ရှာဖွေတွေ့ရှိသွားခဲ့သည်။ သို့ဖြစ်၍ ရဲက ထိုရွှေများကို ရောင်းချ၍ ဘတ်ငွေ နှစ်သောင်းပေးလျှင်လွှတ်ပေးမည်။ မဟုတ်ပါက ၆လထောင်ချပစ်ဟုပြောဆိုသည်။

မသက်သက်ခိုင် က“သမီးမှာ ဘတ်ငွေ ၃,၀၀၀ ပါတယ်။ သမီးလကုန်ရင် အဖေနေမကောင်းလို့ ပြန်တော့မယ်။ ရွှေကိုမရောင်းပါရစေနဲ့ လို့တောင်းပန်ပေမယ့်မရဘူး။ တောမောကိုပို့မယ်။ ထောင်ချမယ် ပဲခြိမ်းခြောက်နေတယ်။ သမီးလည်း အွန်လိုင်းကရထားတဲ့ MAT အဖွဲ့က ဦးကျော်သောင်း ကိုဖုန်းဆက်ပြီး အကူညီတောင်းလိုက်တယ်။ သူတို့ညှိနှိုင်းပေးလို့ ဘတ်ငွေ ၃,၀၀၀ ယူထားလိုက်ပြီး ပြန်လွှတ်လိုက်တယ်။ ကူညီကြတဲ့ MAT အဖွဲ့ကို ကျေး ဇူးတင်ပါတယ်” ဟုပြောသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ ရုံးတာဝန်ခံနှင့် နိုင်ငံခြားဆက် ဆံရေးဌာနမှု ကိုစိုင်းအေး က“ကိုယ့်အလုပ်သမားက အသက်ငယ်ပြီးချောမောတဲ့မိန်းကလေးဖြစ်နေတယ်၊ တရားမ၀င် အလုပ်သမားလည်းဖြစ်နေတယ်။  အချိန်ကြာသွားရင် အန္တရာယ်ဖြစ်နိုင်တယ်။ ကောင်မလေးမှာ ၀ှက်ထားတဲ့ ဆွဲကြိုးနဲ့ နားကပ်ကိုတွေ့သွားတော့ လိုချင်ကြတာပေါ့ဗျာ။ မြန်မာသံရုံးအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီကပါ။ ဘတ်သက် တမ်းဆက်ဖို့ အဆင်မပြေဖြစ်သွားတာကြောင့်တောင်းပန်ပါတယ်။ ပါတဲ့ငွေကလေးကိုယူပြီးပြန်လွှတ်ပေးပါ ဆိုပြီးအဆင်ပြေအောင်ပြောရတာပေါ့” ဟုပြောသည်။

ယနေ့နေ့လည်က ဖလန်းဆောင်နယ်မြေမှ မြန်မာအလုပ်သမားတစ်ဦးမှာ ဟိုနားဒီနားသွားသည်ဟုဆိုကာ ပတ်စပို့မပါသဖြင့် IDC အချုပ်ခန်းသို့ရောက်ရှိသွားကြောင်း သိရှိရသည်။