07 October 2012
“ချင်းမိုင်ကမြန်မာဘုန်းတော်ကြီးကျောင်းအားမြန်မာဘုန်းတော်ကြီးများကျောင်းထိုင်ခွင့်ရတော့မည်ဟုဆို”
အောက်တိုဘာ ၇ -
မြတ်ညို(အလွတ်သတင်းထောက်)
               နှစ်ပေါင်း ၄၅၀ ကျော်က မြန်မာများ တည်ထားကိုးကွယ်ခဲ့ကြသော ချင်းမိုင်မြို့မှ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းအား အိမ်နီချင်းနိုင်ငံတို့၏ ကျင့်ဝတ်များအရ မြန်မာ ဘုန်းတော်ကြီးများကိုသာ စီမံခန့် ခွဲမှုပြုသင့်ကြောင်း ထိုင်းနိုင်ငံဒုတိယ သံဃာ့ရာဇာက  ထိုင်းဝန်ကြီးချုပ် ထံသို့ တင်ပြထားပြီးဖြစ်ကြောင်းဘန်ကောက်မြို့
 မြန်မာသံရုံးမှ သံအရာရှိ ကပြောသည်။
မြန်မာသံမှူး ဦးနိုင်ထွန်း က “ထိုင်းထုံးတမ်းစဉ်လာအရ ဆရာတော်ဟောင်းရဲ့ သံဃာ့ဈာပန ပွဲပြီး မှ  ကျောင်းထိုင်ကိုတင်မယ်ပေါ့နော်၊ တင်တဲ့အခါမှာလည်း မြန်မာသံဃာကိုပဲတင်ရမှာမျိုးဆိုပြီး ထိုင်းသံဃာ့ အဖွဲ့တွေကနေပြီး သဘောတူတဲ့ဟာကို ယိမ်းလတ်ချီနာဝတ်ကိုပို့တဲ့စာပေါ့၊ အဲဒီစာကို မြန်မာလို ဘာသာပြန် ထားတယ်ခင်ဗျ၊ အဲဒီစာကို မြန်မာနိုင်ငံဘက်က သာသနာရေးဝန်ကြီးရော၊ သံဃာ့မဟာ နာယကအဖွဲ့ရော၊ သီတဂူဆရာတော်ကြီးဆီရော ပို့လိုက်တယ်ခင်ဗျ၊ ပို့တဲ့ထဲ ဆရာတော် ဦးအာသဘ ဈာပန ဘယ်တော့လုပ်မလဲ ကျနော်တို့ရက်ရွေးရမှာပေါ့နော်၊ချင်းမိုင် မြန်မာဗုဒ္ဒဘာသာ အသင်း၊  ကျောင်း ထိုင်နေတဲ့ ဆရာတော်တွေနဲ့ ညှိပြီးလုပ်မယ်”ဟုပြောသည်။
ထိုင်းနိုင်ငံအလယ်ပိုင်းသံဃာများနှင့် ထိုင်းနိုင်ငံ   မြောက်ပိုင်းသံဃာများနှင့်ပါ အစည်းအဝေး လုပ်ပြီးနောက် မြန်မာ သံရုံးနှင့် မြန်မာသမ္မတ ဦးသိန်းစိန်းတို့အပြင် သီတဂူဆရာတော် အသျှင်ဉာဏိသရတို့ကထိုင်းအစိုးရအား မေတ္တာ ရပ်ခံ တင်ပြခဲ့ပြီးနောက် ထိုင်းအမျိုးသား ဗုဒ္ဓသာ သနာပြန့်ပွားရေးအသင်းဥက္ကဌ ဖရာ့ဗုဒ္ဓဇိဏ၀ံသ ဆရာတော်ကြီးက ယိမ်းလတ်ချီနာဝတ် ဆီစာရေး ခဲ့ခြင်းဖြစ်သည်။ ဇင်းမယ်မြို့တွင် မြန်မာသံဃာအများပြား သီတင်းသုံးနေကြသဖြင့်  ၀ပ်ဆိုင်းမွန်းဘုန်းတော် ကြီးကျောင်းအား  မြန်မာကျောင်းထိုင် ဆရာတော်ခန့်အပ်ခြင်း အတွက် အခက်အခဲ မရှိနိုင်ကြောင်း  ပေးပို့ သည့်စာတွင်ပါရှိသည်။
     ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် တွင် ပျံလွန်တော်မှုသွားသည့် နောက်ဆုံး ကျောင်းထိုင် ဆရာတော် ဦးအာသဘ (သက်တော် ၉၁နှစ်၊ ၀ါတော် ၇၀)၏ နေရာတွင် ထိုင်းဥပဒေအရ ထိုင်းသံဃာတော် တစ်ပါးကို အစားထိုး ခန့်အပ်ရန် ထိုင်းသာသနာရေး ဦးစီးဌာနနှင့် ထိုင်း သံဃာတော်များက စီစဉ်ခဲ့ကြသည်ကို ဗုဒ္ဓဘာသာမြန်မာများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
 “ ဟုတ်ကဲ့၊ သေချာတာတော့ ၉၀%သဘောပဲဗျ၊ သေချာတာက ထိုင်းဘက်ကသဃာံတွေလည်း သဘောတူလိုက်ပြီ၊ ပြီးမှ ၀န်ကြီးချုပ်ယိမ်းလတ်ချီနာဝတ်ဆီလည်းစာရေးတယ်ဆိုတော့ ကျနော်တို့ရဲ့ ဆန္ဒအတိုင်းဖြစ်မယ်ဆိုတဲ့သဘောပေါ့၊ သီတဂူဆရာတော်ကြီးကလည်း စွမ်းစွမ်းတမံလုပ်ပေးတယ်၊ ကျနော်တို့ဘက်ကလည်း ပူးပေါင်းတယ်ဆိုတော့ ဘာပဲပြောပြောကိုယ့်ကျောင်းပြန် ရတယ်လို့ပြောလို့ ရမှာပေါ့” ဟု ဦးနိုင်ထွန်းက ဆက်လက်ပြောဆိုသည်။
မြန်မာဗုဒ္ဒဘာသာအသင်း (ချင်းမိုင်) ဥက္ကဌ ဦးစိုးဝင်းက
“ ချင်းမိုင်မှာဗမာဘုန်းကြီးကျောင်းဆိုလို့ ဒီတကျောင်းပဲကျန်တော့တာလေ၊ ချင်းမိုင်မှာလည်း ဗမာပြည် ကလာတဲ့သူက၂သိန်းကျော်လောက် ရှိတာဆိုတော့ သူတို့တွေ အခါကြီးရက်ကြီးမှာဝင် ထွက်သွားလာ၊ ဗမာ့ရိုးရာဓလေ့၊ ဗမာဘုန်းကြီးရဲ့ အဆုံးမတွေ သူတို့ဆက်လက်ခံယူလို့ရတာပေါ့၊ ဒီကျောင်းသာမရှိရင် သူတို့လည်း ဘယ်သွား ရမှန်းမသိ၊ အကျိုးတွေရှိပါတယ်၊ ဘုန်းကြီးကျောင်းရှိတဲ့အတွက် ကျနော်တို့သာရေးနာရေးပွဲတွေပေါ့။   နောက်ပြီး Community ပုံစံမျိုးလေးတွေလည်းလုပ်ပေးမလို့”ဟုပြောသည်။
သည့်ဘုန်းတော်ကြီးကျောင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း မြန်မာဘုန်းတော်ကြီးများ ကျောင်းထိုင်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းပေါင်း ၁၀၀ ကျော်ခန့် တို့အား င်းဘုန်းကြီးကျောင်းများအဖြစ်လွှဲပြောင်းပေးခဲ့ရပြီးဖြစ်ကြောင်းသတင်းများအရ သိရသည်။