11 February 2017

တစ်ဖက်နိုင်ငံမှ တရားမဝင် တယ်လီဖုန်း (sim card) သုံးစွဲသူများကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ဖမ်းဆီး အရေးယူသွားမည်

11 February 2017


ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော တယ်လီဖုန်း (Sim Card) များ မောင်တော၊ ဘူးသီးတောင် မြို့နယ်များ၌ တွင်ကျယ်စွာသုံးစွဲနေခြင်းကို တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တစ်ဖက်နိုင်ငံမှ တယ်လီဖုန်း(Sim Card)များ သုံးစွဲနေမှုအပေါ် တည်ဆဲဆက်သွယ်ရေး ဥပဒေများအရ အရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိရာ နေထိုင်သူအများစုသည် ဘင်္ဂါလီ လူမျိုးများဖြစ်ပြီး တစ်ဖက်နိုင်ငံရှိ နေထိုင်သူများနှင့် အလွယ်တကူ ဆက်သွယ် ပြောဆိုနိုင်ရန် တစ်ဖက်နိုင်ငံ၏ မိုဘိုင်းဖုန်း(Sim Card)များကို တရားမဝင် သုံးစွဲလျက်ရှိကြပါကြောင်း၊ ထိုသို့သုံးစွဲမှုများကြောင့် မြန်မာနိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်သည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူဆောင်ရွက်ခဲ့ရာ မောင်တောခရိုင်အတွင်း ၂၀၁၄ ခုနှစ်တွင် ၈၁ မှု၊ ၂၀၁၅ ခုနှစ်တွင် ၈၄ မှု၊ ၂၀၁၆ ခုနှစ်တွင် ၂၂ မှု စုစုပေါင်း ၁၈၇ မှု တရားခံ ၁၈၇ ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

မောင်တောခရိုင် နယ်မြေအတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော (Sim Card)များ တရားမဝင် အသုံးပြုနေမှုကို တားဆီးနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ပြီး သတင်းဖော်ထုတ် ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ဖြေကြားခဲ့ကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies