16 December 2013

“ခြေ၂ ချောင်ပြတ်နေတဲ့ စံမောင် ကို ဘယ်လောက်အထိ ကူညီကြမလဲ”

ဒီဇင်ဘာ ၁၃ မြတ်ညို (အလွတ်သတင်းထောက်)


ထိုင်းနိုင်ငံ ပုဇွန်မွေးမြူရေး ကန်တစ်ခုတွင် ခြေ၂ ချောင်းပြတ်ခဲ့ရသည့် ရခိုင်အလုပ်သမား ကိုစံမောင် ၁၁ ရက် နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကူညီသူများက ဆက်လက်ကူညီနိုင်ရန် စီစဉ် နေကြကြောင်းသိရှိရသည်။

        ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် FED အဖွဲ့မှ ရှေ့နေ တစ်ဦးနှင့်အတူ ပုဇွန်ကန်တွင် စွန့်ပစ်ခံထားရသည့် ကိုစံမောင်အား ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက် နေ့တွင် ရှာဖွေ ကယ်ထုတ်ခဲ့ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖါင်ဒေးရှင်း FED အဖွဲ့သို့ ပို့ဆောင်ပေးခဲ့ကြသည်။


 

ကိုစံမောင် အား FED ဖေါင်ဒေးရှင်း၏ ဆက်စပ်မှုဖြင့် ၂၀၁၃ ခု အောက်တိုဘာလတွင် မဲဆောက်မြို့အခြေစိုက် ဆရာမ စင်သီယာမောင် ၏ ဆေးခန်းမှ ခြေတုတပ်ဆင်ခဲ့သည်။ ရုပ်ရှင်မင်းသား ဦးကျော်သူ တို့၏နာရေးကူညီမှုအသင်းများနှင့် ဆက်သွယ်ကာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

ရန်ကုန်မြို့ စမ်းချောင်း ဘားကရာတိုက်၊ ကိုးထပ်ကြီးဘုရား အတွင်းရှိ မဟာပိန္နဲကျောင်းတွင် သီတင်း သုံးနေတော်မူသည့် ကိုစံမောင် ၏ သူငယ်ချင်းဖြစ်သူ ဦးဓမ္မပီယ ထံတွင် ခေတ္တ တည်ခိုနေထိုင်သည်။

       ရန်ကုန်မြို့တွင် ခေတ္တ ရောက်ရှိနေသော FED ဒါရိုက်တာ ဦးထူးချစ် ကကျနော်တို့ ကူညီနိုင်သမျှ ကူညီပေးခဲ့တယ်။ ကိုစံမောင် နောင်ရေးအတွက် နိုင်ငံတကာ မသန်စွမ်းသူများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ရဲ့အကြံပေး မနန္ဒာနွယ်ဦး နဲ့အတူ သွားပြီးတော့အစီအစဉ်လေးတွေ ချမှတ်ဆောင် ရွက်နေကြပါတယ်” ဟုပြောသည်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သော ကိုစံမောင်သည် ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် အထက်မြလေးကျေးရွာမှ  ဦးရွှေစိန်ဦး+ဒေါ်မထွေး တို့ သားဖြစ်သည်။
ကိုစံမောင်တွင် ၁၉၉၉ ခုနှစ်က ရန်ကုန်မြို့ ပုဇွန်တောင်တွင် ဖွင့်လှစ်သော အဲယားကွန်းနှင့် ရေခဲသေတ္တ ပြင်ဆင်ခြင်း အတတ်ပညာ ၃လသင်တန်းအား အောင်မြင်စွာ သင်ကြားတတ်မြောက်ထားခဲ့သူလည်းဖြစ် သည်။
           မနန္ဒာနွယ်ဦး က ဒီဇင်ဘာ ၂၂ ရက်နေ့ကစပြီးတော့ ကိုစံမောင် ကို စပြီးအကူညီပေးပါမယ်။ သက် မွေးပညာသင်တန်းတွေ သုံးလတစ်ကြိမ် ဂျပန်က လာပေးတာရှိပါတယ်။ အဲဒီသင်တန်းကို သင်ကြားခွင့်ရရှိ မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်တဲ့အထိ အတိုးမဲ့အရင်းအနှီးအချို့ထုတ်ပေးမှာဖြစ်ပါတယ်။ ကိုစံမောင် သာ ၀ါသနာပါရင် မသန်စွမ်း အားကစားပြိုင်ပွဲတွေ ၀င်နိုင်အောင်အထိ လေ့ကျင့် သင်ကြားပေး သွားမှာဖြစ်ပါတယ်” ဟု အားရဖွယ်ရာ ပြောဆိုသွားခဲ့သည်။
       
            ကိုစံမောင်သည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံအတွင်း သို့ ၀င်ရောက်သွားခဲ့သူဖြစ်သည်။ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလခန့်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုံခါမြို့နယ်၊ ရနော့ အုပ်စု၊ ထန့်ခယာ့ရွာ ရှိ ဘေါ်ကု ပုဇွန်မွေးမြူရေး ကုမ္ပဏီလီမိတက်တွင်လုပ်ကိုင်သည်။
ပုဇွန်မွေးစဉ် တစ်လကို ဘတ်ငွေ ၆,၀၀၀ စီပေးသည်။ ပုဇွန်မမွေးခင်အခြားအလုပ်များလုပ်နေစဉ် တစ်လကို ဘတ်ငွေ ၅,၀၀၀ စီပေးသည်။ ကုမ္ပဏီတွင် ပုဇွန်ကန်ပေါင်း ၂၀ ရှိသည်။

              ၂၀၁၀ ခုနှစ်ဇွန်လ ၅ ရက်နေ့ နံနက် ၉နာရီဝန်းကျင်းမှာ အလုပ်ကြပ်(၀ဏ) က ရေမြုပ်များအား ဆယ်ခိုင်းသဖြင့် ဆယ်ယူနေစဉ် ပန်ကာဂျွိုင်းနှင့် ကပ်ညိပြီး ဘယ်ခြေထောကဒူးအောက်မှ တစ်ခါတည်း ပြတ်ထွက်သွားခဲ့သည်။ ခြေပြတ်မှာ ရာဘာဘိနပ်ရှည် တွင်ကျန်နေခဲ့သည်။  

                ယာဘက် ခြေထောက်မှာလည်း ပန်ကာထိခိုက်မှုကြောင့် သွေးကြောများ အလုပ်မလုပ်တော့ပဲ သေဆုံးသွားခဲ့သဖြင့် ဆေးရုံတွင်ကုသသော်လည်း ပျောက်ကင်းမှုမရှိခဲ့ပေ။ ထို့ကြောင့် တစ်ပတ်အတွင်း ယာခြေထောက်ကို ဖြတ်ပစ်ခဲ့ရသည်။ ဆေးဝါးကုသ၍ ကုန်ကျငွေများကို လုပ်ငန်းရှင်မှ အကုန်အကျခံ ခဲ့သည်။ ခြေပြတ်ပြီးနောက်ပိုင်း လုပ်ငန်းရှင်က တစ်ဆင့် မန်နေဂျာက တစ်လလျှင် ဘတ်ငွေ ၃,၀၀၀ စီထောက်ပံ့ပေးခဲ့သည်။ ထိုမျှငွေဖြင့် ကိုစံမောင်မှာ ထမင်းမျှပင် ၀၀လင်လင် စားသောက်ရခြင်းမရှိပါ။
လုပ်ငန်းရှင်ကိုယ်တိုင် လာရောက်မေးမြန်း စစ်ဆေးခြင်းမရှိပါ။ ခြေပြတ်သွားသူ စံမောင်မှာ ခြေတုလည်းမရှိ သဖြင့်လက်နှစ်ဘက် ထောက်၍ ၂နှစ်ခန့် ပင်ပန်းဆင်းရဲစွာသွားလာနေခဲ့ရသည်။

MAT နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်းတွင် ခြေပြတ်ထွက်ခဲ့ပြီး ၂နှစ်ကျော်ကြာမြင့်နေပြီဖြစ်သဖြင့် ထိုင်းဥပဒေကြောင်းအရ လုပ်ငန်းရှင်ထံမှ ခန္ဓာကိုယ် နစ်နာဆုံးရှုံးမှုအတွက် တစ်စုံတစ်ခု ထောင်းခံရရှိခြင်း
မရှိခဲ့ချေ။

            MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကထိုင်းနိုင်ငံမှာ လာပြီး အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်
သမားတွေ သေဆုံးတာတွေ ခန္ဓာကိုယ် ကျိုးပြတ်တာတွေ အများကြီးပါ။ ကျနော်တို့ရုံးမှာ FED က ထိုင်း ရှေ့နေ အုပ်စုတစ်ခုကို ၃ နှစ်ငှါးရမ်းပေးပြီးတဲ့နောက်မှာ နစ်နာကြေးတွေရရှိဖို့အတွက် ထိထိရောက်ရောက် လုပ်နိုင်လာခဲ့တယ်။ အယင်ကာလတွေတုန်းကဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမား တစ်ယောက် သေ တာ ပိုးမွှားတစ်ကောင် သေသလောက်တောင်တန်ဘိုးမရှိဘူး။ 

ကိုစံမောင် ကိစ္စကျတော့ ဥ့ဒေသတ် မှတ် ချက် အချိန်အကန့်အသတ်က လွန်နေပြီဖြစ်လို့ နစ်နာကြေးရအောင် ကျနော်တို့ လုပ်လို့မရတော့ဘူး။ ဒါပေမယ့် မြန်မာ အစိုးရအနေနဲ့ ထိုင်းအစိုးရကို စကား တစ်ခွန်း လောက် ပြောရင်တော့ ကိုစံမောင်အတွက် တစ်စုံတစ်ခု အကူညီရမှာတော့သေချာတယ်” ဟုပြောသည်။