26 December 2013

“စင်္ကာပူ က အစ်မ အကူညီတောင်းသည့် လူကုန်ကူးခံရသူ၂ဦးလွတ်မြောက်ပြီ”

ဒီဇင်ဘာ ၂၆
ကိုတီး
   စင်္ကာပူတွင် အလုပ်လုပ်သည့် အစ်မဖြစ်သူ က အကူညီတောင်းခံသဖြင့် ထိုင်းငါးဖမ်းစက်လှေပေါ်တွင် ၁နှစ်ကြာ ရောင်းစားခံနေရသူ ၂ဦးအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ပူးပေါင်း   ဆောင်ရွက်သူများက ကယ်တင်ခဲ့ပြီးယမန်နေ့က မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မြ၀တီ)သို့ ပို့ဆောင်ပေးလိုက်ပြီးဖြစ်ကြောင်း သိရှိရသည်။

           
ဘန်ကောက်မြို့ မြန်မာသံရုံးသို့ စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် အစ်မဖြစ်သူ မနီလာဝင်း က ဖုန်းဆက်၍ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနသို့၊ ထိုမှ ဘန်ကောက်မြန်မာသံရုံးသို့အကူညီ တောင်း  ခဲ့  သည်။ ထိုမှတစ်ဆင့် MAT အဖွဲ့သို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။ MAT အဖွဲ့က ထိုင်း တောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ညှိနှိုင်းလျှက် ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ရှစ်ဆယ်ကျော် အကွာတွင်ရှိသော ခြုံဘူရီခရိုင် ချောင်း စမေးစံ လှေဆိပ်မှ လှေအမှတ် (၂၂) ပေါ်တွင် ၁နှစ်ကြာ ရောင်းစားခံနေရသည့် ပဲခူးတိုင်း မှ ကိုကျော်သူရထွန်း နှင့် ကိုကျော်မိုးလွင်တို့အား MAT အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် သွားရောက် ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

      လွတ်မြောက်လာသည့် ကိုကျော်သူရထွန်း က“ ၂၀၁၂ ခု ဒီဇင်ဘာ ၈ ရက်နေ့က  နာနတ်သီးစက်ရုံမှာ လုပ်ရမယ်လို့ပြောပြီး မြ၀တီကပွဲစားက ငါးဖမ်းလှေကိုရောင်းစားလိုက်တာပါ။ တစ်နှစ်တိုင်တိုင် လုပ်အားခ မရပဲ၊ မွန်အမျိုးသား ပိုက်ဆရာဆီမှာ အရိုက်နှက်ခံ အဆဲဆိုခံပြီးလုပ်ခဲ့ရတာ။ ခုမှဖုန်းကိုင်ခွင့်ရလို့ စင်္ကာပူ က အမဆီကို ဖုန်းဆက်ပြီး အကူညီတောင်းလိုက်တာဖြစ်တယ်။ ကျနော်တို့လို ရောင်းစားခံနေရ သူတွေ ပင်လယ်ထဲမှာ တစ်ပုံကြီးပဲ။ ကူညီပေးကြပါ”ဟုပြောသည်။

          တစ်နှစ်ကြာ လူကုန်ကူးခံနေခဲ့ရသည့် အလုပ်သမား၂ဦးအား မြန်မာသံရုံးမှ ထောက်ခံစာနှင့်အတူ MAT အဖွဲ့က ယမန်နေ့က မြ၀တီလူကုန်တားသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

   MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ လူကုန်ကူးခံနေရတဲ့ မြန်မာ အလုပ်သမားတွေ သောင်းနဲ့ သိန်းနဲ့ ရှိနိုင်ပါတယ်။ အင်ဒိုလှေတို့ မှာ လိုက်နေရတဲ့ မြန်မာတွေ ဆိုရင် ၆ နှစ်လောက် ကမ်းကို ကပ်ခွင့်မရဘူး။ ကျနော်တို့ကို ဆက်သွယ်လို့ရတာတွေလောက်ပဲ ကျနော်တို့ အဖွဲ့က ကယ်ထုတ်လို့ရတာပါ။  ရောင်းစားခံနေရတဲ့ မြန်မာတွေ အားလုံးလွတ်မြောက်နိုင်မယ့် နည်းလမ်းကို ကျနော်တို့သိပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အစိုးရတစ်ရပ်မဟုတ်တာကြောင့် အကောင်အထည်    ဖေါ်ခွင့်မရှိဘူး။ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP နဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တာဝန်ရှိသူတွေကိုတော့ အကြံပြုဖူးပါတယ်” ဟုပြောသည်။

         MAT သည် ၂၀၁၃ ခုနှစ်အတွင်း ယခုကယ်တင်မှုအထိ လူကုန်ကူးမှုနှိမ်နင်းခြင်း ၄၁ ကြိမ် ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံ အတွင်း ရောင်းစားခံနေရသည့်   မြန်မာအလုပ်သမားပေါင်း ၂၆၁ ဦးတို့အား ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ ထိုအထဲတွင် ၁နှစ်မှ ၉နှစ်အထိ လိင်အလုပ်သမ   ရောင်းစား ခံနေရသည့် မြန်မာအမျိုးသမီး၁၀ဦးအပါအ၀င် အမျိုးသမီးစုစုပေါင်း ၅၆ ဦး ပါဝင်သည်။ ထို့အပြင် လာအိုအမျိုးသမီး ၂၀ဦးနှင့်အမျိုးသး၎ဦးတို့လည်း ပါဝင်ပါသည်။ လူကုန်ကူးသူ ပေါင်း ၂၃ဦးနှင့် လုပ်ငန်းရှင် ၂ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

            အထူးသဖြင့် ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၅၀ ခန့်အကွာတွင်ရှိသော ကတန်မြို့ ငါဖမ်းလှေဆိပ်တွင် နှစ်ပေါင်းများစွာ လူသတ်၊ အဓ္ဓမပြုကျင့် နေသည့် မြန်မာလူကုန်ကူးဂိုဏ်းကြီးတစ်ခုအား ထိုင်းအစိုးရ၊ မြန်မာအစိုးရတို့နှင့်အတူ MAT အဖွဲ့တို့ ပူးပေါင်းနှိမ်နင်းနိုင်ခဲ့သည်။ ဂိုဏ်းခေါင်းဆောင်အား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD မှ လက်ဖြောင့် သေနတ်သမားက သေနပ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။