28 June 2014

“အကုန်အကျသက်သာသည့်တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ဘတ်ကဒ်လုပ်မည်”



၂၀၁၄    ဇွန်လ ၂၈၊ခရမ်းသားလေး

            ဘန်ကောက်မြို့အနီး စမုတ်စာခွန်ခရိုင် မဟာချိုင်မြို့၌ ထိုင်းနိုင်ငံအတွင်း တရား မ၀င်နေထိုင် အလုပ် လုပ်ကိုင်နေကြသည့်  မြန်မာ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံမှ အလုပ်သမားများအတွက် အကုန်အကျ သက်သာသည့် (ဘတ်) လုပ်ပေးမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအားခေါ်ယူ၍ ထိုင်းအာဏာပိုင် များက ယမန်နေ့က ထုတ်ဖေါ်ပြောဆိုသည်။

             မဟာချိုင်မြို့ တလေထိုင်းခန်းမတွင် ထိုင်းအာဏာပိုင်များ ထုတ်ပြန်ကြေညာ ချက်အရ၊ (တစ်နှစ်တာ အတွင်း ဘတ်ငွေ ၃၀ဖြင့်ဆေးဝါးကုသခွင့်ရရှိသည့်) ကျမ္မာရေးစောင့်ရှောက်ခ(သွေးစစ်ခ) ဘတ်ငွေ ၁,၆၀၀၊ တစ်နှစ်စာ အလုပ်လုပ်ကိုင် ခွင့်WP အတွက်ဘတ်ငွေ ၉၀၀ နှင့် ထောရော စံပက်(ခ)လူရုပ်ပုံပါ ပုံစံ 3/38 စာ ရွက်အတွက် ဘတ်ငွေ ၈၀ ဖြစ်သည်။ ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး ထိုင်းနိုင်ငံအတွင်း တစ်နှစ်တာအတွက် ကုန်ကျ ငွေမှာ ဘတ်ငွေ ၂,၅၈၀ သာကုန်ကျ မည်ဖြစ်ကြောင်း စည်းဝေးပွဲသို့တက်ရောက်ခဲ့သည့်ထိုင်း လုပ်ငန်းရှင်တစ်ဦး ကပြောသည်။


          ၂၀၀၃ မှ ၂၀၀၉ ခုနှစ်အထိ ထိုင်းနိုင်ငံတွင်  လုပ်ပေးခဲ့သည့်  ပန်းရောင် (ဘတ်) ကဒ်ကုန်၏ငွေမှာ သွေးစစ်ခ ၁၉၀၀ဘတ်၊  တစ်နှစ်တာအလုပ်လုပ်ခ ၁,၉၀၀ ဘတ်နှင့် စာရွက်စာတမ်းခ ၁၀၀ ဘတ် ထိုင်းအစိုးရ သို့ပေးသွင်းခဲ့ရသည်။ သို့ဖြစ်၍ အလုပ်သမားတစ်ဦး၏ကုန် ကျငွေမှာ ဘတ်ငွေ ၃,၉၀၀ ဖြစ်သည်။ ထိုစဉ်ကာလက အငှါးသူဌေးအတွက် တစ်ဦးကို ဘတ်ငွေ ၅၀၀ ပေးခဲ့ ကြရသည်။ ပန်းရောင်ဘတ်ဖြင့် နယ်ကျော်ခွင့်မရှိသော်လည်း နယ်ကျော်၍ ဖမ်းဆီးခံရပါက ဒဏ်ငွေ ၅၀၀ ဘတ်   ပေးဆောင်ကြရသည်။ 

ထိုကဒ်ဖြင့် မြန်မာနိုင်ငံ တရားဝင်လေယာဉ်စီးနင်းခွင့်နှင့် မဲဆောက်လိုင်းကားစီးနင်း ခွင့် မရှိခဲ့ချေ။
        ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တော့ ဒီပန်းရောင်ဘတ်လုပ်ပေးတာ သဘောတူတယ်။ အလုပ်သမားတွေအတွက်အကုန်အကျ အသက်သာဆုံးဖြစ်ပါ တယ်။ ကဒ်ကလေးတစ်ကဒ်နဲ့ ကျမ္မာရေးစောင့်ရှောက်ခရော အလုပ်လုပ်ခွင့်ပါ ပါဝင် ပြီးဖြစ်တယ်။ သူ့ရဲ့အားနည်းချက်က ပတ်စပို့လို မြန်မာပြည်ကိုလွယ်လွယ်ကူကူ ပြန် မရတာတစ်ခုပါပဲ။ ဒီအားနည်းချက်တစ်ခုကို မြန်မာအစိုးရကများ အရေးပေါ် ခရီးသွား လာခွင့်ပြုနိုင်တဲ့ လုပ်ကိုင်ခွင့် ရရှိအောင် ထိုင်းအစိုးရကို တောင်းခံနိုင် ရင်တော့ မြန်မာ အလုပ်သမားတွေအတွက် စပါယ်ရှယ်ပေါ့ဗျာ။ ပတ်စပို့စာ အုပ်ကြီး ဆိုတာက ကမ္ဘာ ပတ်ချင်တဲ့သူတွေ၊ အကုန်အကျခံနိုင်တဲ့သူတွေ တိုင်းပြည်ပြန်ပြီး လုပ်ကြပေါ့။ မှတ်ပုံ တင်ပါမှ အိမ်ထောင်စုစါရင်းပါမှ ဆိုတဲ့သတ်မှတ်ချက် ပါနေတော့ အလုပ်သမားတွေ စာအုပ်အသစ် လဲကြတာ အဆင်မပြေဘူးဖြစ်နေကြတယ်” ဟုပြောသည်။
        ၂၀၁၄ ခု ဇူလိုင်လ ၁ရက်နေ့မှစ၍ သြဂုတ်လကုန်အထိ၂လတိုင်တိုင် ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် စမ်းသတ်ဇုံအဖြစ် ပန်းရောင်ကဒ်(ဘတ်) လုပ်ဆောင်သွားမည်ဖြစ် သည်။ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား အလုပ်သမားများအတွက်မူ ၎င်းတို့နယ်စပ် စခန်း ၄ခုတို့တွင် ၄ဒေါ်လာ(ဘတ်ငွေ ၁၂၀)နုန်းဖြင့်လုပ်ဆောင်ပေးလျှက် ရှိကြောင်း ထိုင်းသတင်းများအဆိုရသိရှိရသည်။
         ထိုင်းနှင့်မြန်မာအစိုးရတို့က မြန်မာအလုပ်သမားသုံးသန်းခန့်ရှိသည်ဟု ခန့် ထားကြသော်လည်းနိုင်းငံတကာ အဖွဲ့အစည်းများက လေးသန်းဝန်းကျင်ရှိနိုင်သည် ဟုဆိုကြသည်။  မြန်မာ၊ ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့က ထိုင်းနိုင်ငံအတွင်းသို့   နေ့စဉ် နည်းလမ်းပေါင်းစုံဖြင့်ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသဖြင့် ထိုင်းနိုင်ငံ အတွင်း ရွှေ့ပြောင်းအလုပ်သမားအရေအတွက်များကို အတိအကျ ပြောဆိုရန် ခက်ခဲ   နေမည်ဖြစ်ကြောင်းMAT အဖွဲ့ ကပြောသည်။