24 June 2013

"မဟာချိုင် CPF ငါးပုဇွန် အလုပ်ရုံ မြန်မာအလုပ်သမားများ ဆန္ဒပြ"





ဇွန်လ ၂၄  မင်းဘခက်
             မဟာချိုင်မြို့ ဖလန်ဆောင်လမ်းမကြီးတွင် ရှိသော CPF ပင်လယ်အစားအစာထုတ်လုပ်သည့် အလုပ်ရုံတွင်ရာပေါင်းများစွာရှိသော မြန်မာ အလုပ် သမားများက အခွင့်အရေးချိုးဖေါက်ခံနေရမှုများ အတွက်  ဆန္ဒပြ ခဲ့ကြရာ မူအားဖြင့် ပြေလည်မှုရရှိ ခဲ့ကြောင်း ကူညီဖြေရှင်းပေးခဲ့သည့် ထိုင်းနိုင်ငံရော က် မြန်မာနိုင်ငံသားများ အဖွဲ့ MAT မဟာချိုင် တာဝန်ခံက ပြောသည်။

                 မြန်မာအလုပ်သမား ထောင်ချီရှိသည့် အဆိုပါ အလုပ်ရုံတွင် အလုပ်ရုံမန်နေဂျာများနှင့် မြန်မာစကား ပြန် တို့က အလုပ်သမားသွင်းခ ဘတ်ငွေ   ခြောက်ထောင် ထက်မနည်းတောင်းခံခြင်း၊ အလုပ်မှ ထုတ်ချင် သည့်အခါ ထုတ်ပစ်ခြင်း နှင့် ခိုင်းလိုသည့် ရက်တွင်ခိုင်းပြီးအလုပ်ရုံပိတ်ချင်သည့်ရက် တွင်ပိတ်ခြင်းနှင့် ထိုသို့ အလုပ်သမားထုတ်ပယ်လိုက်သည်မှာ တစ်ရာကျော်ခန့် ရှိသွားပြီဖြစ်ခြင်းတို့အပေါ် မကျေနပ်သဖြင့်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။


              MAT မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး က “ ဆန္ဒပြကြတဲ့ အလုပ်သမားတွေဟာ မဟာချိုင် က အင်ဂျီအိုနဲ့ မြန်မာအလုပ်သမားအဖွဲ့တွေကို ဖုန်းဆက်ပြီးခေါ်တယ်ပြောတယ်။ ဆန္ဒပြတာကို ပုလိပ်ဖမ်းမယ်
ဆိုပြီးတော့ အလုပ်ရုံက ပုလိပ်ကိုခေါ်တယ်။ ဒီအချိန်မှာ ကျနော်တို့ အဖွဲ့ကို အကြောင်းကြား လာတာ။ ဆရာတော် ဦးဇောတိက နဲ့ ကျနော်တို့ MATရုံးက ၃ယောက် လိုက်သွားပြီးတော့ ၀င်ရောက် ညှိနှိုင်းပေးနိုင် ခဲ့တယ်။ ဒီနေ့မှ အဲဒီအလုပ်ရုံထဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံနေရတာတွေ အများကြီးဆိုတာ သိလာ ရတယ်”ဟုပြောသည်။
              မဟာချိုင်မြို့တွင် မြန်မာအလုပ်သမား သိန်းချီရှိပြီး ကျမ္မာရေး၊ ပညာရေး၊ အလုပ်သမား အခွင့်အရေး စသည့် ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် ထိုင်းနှင့်မြန်မာအင်ဂျီအိုများ မြန်မာအလုပ်သမား အဖွဲ့များ ရှိကြသော်လည်း ကူညီစောင့်ရှောက်မှုအထူးနည်းပါးကြောင်း ကိုခိုင်ကြီး က ဆက်လက်ပြောသည်။
အလုပ်သမား ကိုအေးက “ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီက ဦးဇောတိက နဲ့ ကိုခိုင်ကြီးတို့ လာခဲ့တယ်။ ဆ၀ါဒီကန်ကလည်းရောက်ပါတယ်။ တစ်ပတ်ကို အလုပ် ၂ရက်နားရတာကို ဘယ်လိုလုပ်ကြမလဲ ညှိနှိုင်းကြပါတယ်။ တနင်္ဂနွေလိုနေ့ကိုခိုင်းတာ ၂ရက်စာမရတဲ့အပြင် တစ်ခါတစ်ရံ
လုပ်တဲ့ရက်တွေပါ ပျောက်သွားတယ်၊ မခံနိုင်လို့ လူတွေ အများကြီး ထွက်သွားကြပြီ” ဟုပြောသည်။
   မဟာချိုင်မြို့သည် ဘန်ကောက်မြို့နှင့်ကပ်လျှက်ရှိသည့် ပင်လယ်အစားအစာ အဓိကထုတ်လုပ်သည့် မြို့တစ်မြို့ဖြစ်ပြီး မြန်မာအလုပ်သမားများအတွက်  လုံခြုံမှုအထူးအားနည်းကြောင်း အလုပ်သမားများ ကပြောသည်။